News

POST TYPE

EDITORIAL

လူရွေးမှားလို့ မရသည့် ၂၀၂၀
13-Jul-2020
၂၀၂၀ ရွေးကောက်ပွဲကား နီးသည်ထက်နီးလာပြီဖြစ်ပါသည်။ ပါတီအမှတ် တံဆိပ်ထက် လူကိုကြည့်ပြီးရွေးရန် ပြောဆိုမှုများကို ပိုကြားလာရသည်။ နိုင်ငံရေး ဆောင်းပါးများ၊ ကာတွန်းများ၊ ပါတီနိုင်ငံရေးအကြောင်းရေးထားသည့် ဆိုရှယ်မီဒီယာပို့စ်များတွင်လည်း ယင်း “လူ” နှင့် “ပါတီအမှတ်တံဆိပ်” ကိစ္စတွေ လွှမ်းမိုးထားသည်က များပါသည်။ 

စုံစမ်းကြားသိရသလောက် နိုင်ငံရေးပါတီကြီးတွေလည်း လူကောင်းများကို သဲကြီးမဲကြီးရှာနေကြသည်။ သည်တစ်ကြိမ်တွင် မဲဆန္ဒရှင်များအနေနှင့် “လူ”ကို ကြည့်ပြီးမှသာ အဆုံးအဖြတ်ပေးမှာသေချာလောက်သည်ဆိုသော အသိဖြင့် အသေအချာရှာနေခြင်းဖြစ်ပုံရသည်။ လွန်ခဲ့သည့် သုံးလေးနှစ်၊ ၂၀၁၆ - ၁၇ လောက် ကတည်းကစ၍ ပါတီအမှတ်တံဆိပ်နှင့် လူ(ကိုယ်စားလှယ်)ကိစ္စကို မဲဆန္ဒရှင် ပြည်သူများ ကိုယ်တိုင်ကိုယ်ကျသဘောပေါက်လာခဲ့ကြသည်။ အမှတ်တံဆိပ်ထက် လူကပိုအရေးကြီးသည်ကို ပို၍နားလည်လာသည်။ 

သို့သော် အမှတ်တံဆိပ်ကို လုံးလုံးလျားလျားအရေးမကြီးဟု သတ်မှတ် ပြန်လျှင်လည်း မဖြစ်ပြန်ပေ။ Bခေုါမသကညိ တို့၊ နောက်ခံသမိုင်းကြောင်းတို့ဆိုတာ နိုင်ငံရေးသမားများနှင့် ပါတီများ၏ အသက်ဖြစ်သည်။ သမိုင်းတွင် အသေအချာ ကမ္ပည်းတင်၊ မှတ်ကျောက်တင်ခံထားရသည့် အမှတ်တံဆိပ်ဖြစ်ရန်လည်း အရေးကြီး သည်။ သို့အတွက်ကြောင့် မဲဆန္ဒရှင်များအနေနှင့် လူရောအမှတ်တံဆိပ်ပါ သေသေချာချာကြည့်ပြီး ဒီမိုကရေစီ ၁၀ နှစ်တာအတွေ့အကြုံကို အခြေခံကာ ဆုံးဖြတ်သင့်သည်ဟု ထင်သည်။ 

ဃဥဠှီု-၁၉ ကြောင့် ကျန်းမာရေးနှင့် စီးပွားရေးကိစ္စအတွက် စိုးရိမ် နေရသည်မှာမှန်သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင်မဲပေးမည်ဟု ဆုံးဖြတ်ထား ပါက ယခုကတည်းက နိုင်ငံရေးပါတီများနှင့် သူတို့၏ မူဝါဒများကို မျက်ခြည်မပြတ် စောင့်ကြည့်နေသင့်သည်ဟု မဲဆန္ဒရှင်များကို အကြံပြုလိုပေသည်။ 

ပါတီကြီးများအနေနှင့်မူ လူရွေးမမှားရန် အရေးအကြီးဆုံးဖြစ်လိမ့်မည် ထင်ပါသည်။ အရည်အချင်းရှိသူ၊ လုပ်နိုင်စွမ်းရှိသူ၊ တစ်နည်းအားဖြင့် “ခေါင်”တွေချည်း စုထားသည့် ပါတီဖြစ်မှ စိတ်အေးရမည်ဖြစ်သည်။ မဲဆန္ဒရှင်ပြည်သူများက နာမည်ကြားလိုက်ရုံဖြင့် မင်အိုးထဲလက်သန်းနှစ်ချင်စိတ်ဖြစ်လာစေမည့် ပုဂ္ဂိုလ် များကို ရွေးတတ်ရန်လိုမည်ထင်သည်။ နောက်ကြောင်းလှသည့် စွမ်းဆောင်ရှင်များ ဖြစ်ရန်လိုသည်။ 

ဒီမိုကရေစီ ၁၀ နှစ်တာခရီးကို သုံးသပ်ရမည်ဆိုလျှင် မြန်မာ့နိုင်ငံရေးသည် တစ်ဖက်နှင့် တစ်ဖက် အုပ်စုဖွဲ့က ဝေဖန်ပုတ်ခတ်မှုများနှင့် တိုက်ခိုက်မှုများလုပ်နေသည့် အဆင့်တွင်ပင်ရှိသေးပြီး နိုင်ငံတည်ဆောက်ရေးအဆင့်သို့ရောက်ရှိနေခြင်းမရှိဟု ဆိုရပေမည်။ တစ်ခါတလေ လော်ဘီအုပ်စုများ အပြန်အလှန် ဆဲကြ၊ ဆိုကြ ပုတ်ခတ်နေကြသည်မှာ ကလေးငယ်များ အရုပ်လုရင်းရန်ဖြစ်နေကြသည့်အလားပင်။ 

မြန်မာနိုင်ငံရေးမှာ ဘက်ရွေးချယ်ခိုင်းသည့် သဘောတွင်သာရှိပြီး ဒီမိုကရေစီနည်းလမ်းတကျ ညှိညှိနှိုင်းနှိုင်းနှင့် ပူးပေါင်းအဖြေရှာ အလုပ်လုပ်ကြသည့် အဆင့်သို့မရောက်သေးသည်မှာရှင်းပါသည်။ နိုင်ငံတည်ဆောက်ရေးရှုထောင့်ကပြောရလျှင် ပန်းတိုင်မဆိုထားနှင့် တာစထွက်မည့်နေရာသို့ပင် မချဉ်းကပ်နိုင်သေးပေ။ 

၂၀၂၀ ရွေးကောက်ပွဲသည် မြန်မာ့ဒီမိုကရေစီခရီးလမ်းအတွက် အဓိကကျသော အချိုးအကွေ့တစ်ခုဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများရော မဲလိုအပ်နေသည့် ပါတီများပါ လူရွေးမမှားစေရန် လွန်စွာအရေးကြီးကြောင်း ပြောလိုပေသည်။ 

အယ်ဒီတာ ( ၁၂ - ၇ - ၂၀၂၀ )