News

POST TYPE

EDITORIAL

သယံဇာတကျိန်စာမှ လွတ်မြောက်စေရေး
06-Jul-2020
ဖားကန့်ဒေသတွင် မြေပြိုမှုကြောင့် လူ ၂၀၀ နီးပါး သေဆုံးသွားသည့် ဖြစ်ရပ်ကြီး ပေါ်ပေါက်လာပြီးနောက် ကျောက်မျက်အပါအဝင် သယံဇာတများ ရှာဖွေသည့် အလုပ်နှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုများကို ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်လာရပါသည်။ စားဝတ်နေရေးကျပ်တည်း၍၊ စီမံခန့်ခွဲမှုညံ့ဖျင်း၍၊ သဘာဝပတ်ဝန်းကျင် ပျက်စီးသွား၍ စသည်ဖြင့်။ 

ဝေဖန်ပြောဆိုမှုများအနက် “သယံဇာတကျိန်စာ”ဆိုသည့်စကားကိုလည်း လူမှုကွန်ရက်ပို့စ်အတော်များများတွင်တွေ့ရသည်။ 

ဖားကန့်ကိစ္စကြောင့် သယံဇာတသည် သဘာဝတရားကြီးကပေးသည့် လက်ဆောင်လော၊ သို့မဟုတ် ကျိန်စာလောဟု စောကြောကြည့်စရာ ဖြစ်လာသည်မှာ အမှန်ပင်။ 

မြန်မာနိုင်ငံသည် သယံဇာတပေါကြွယ်ဝသော နိုင်ငံဖြစ်သည်မှာ သိပြီးသား ဖြစ်သည်။ သယံဇာတပေါများ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အလားအလာ ကောင်းသည်ဟု ယေဘုယျသတ်မှတ်နိုင်ပါမည်။ သဘာဝကပေးသည့် လက်ဆောင်ကြီးပေါ်တွင် မြန်မာတို့ထိုင်နေကြရသည်ဟုလည်း ယူဆစရာရှိပေမည်။ မြန်မာဆန်ဆန် ပြောရလျှင် ရွှေပုံပေါ်မှာ တက်ထိုင်နိုင်သည့်အခွင့်အရေးရအောင် သဘာဝတရားကြီးက၊ ကံတရားက ဖန်တီးပေးထားခြင်းဖြစ်ပေသည်။ 

“သယံဇာတပေါတဲ့ တို့ရဲ့တိုင်းပြည်” ဟုဆိုသည့် သဘောတရားပါသော ပေါ်လစီသီချင်းများလည်း ခေတ်အဆက်ဆက် ပျံ့လွင့်နေခဲ့ပေသည်။ အာဆီယံ ဒေသတွင်းသာမက အာရှနှင့် အခြားကမ္ဘာ့နိုင်ငံအချို့နှင့် နှိုင်းယှဉ်လျှင်ပင် အဖိုးတန် သယံဇာတများနှင့်ပတ်သက်သော မြန်မာ့ဂုဏ်သတင်းမှာ မွှေးပျံ့နေခဲ့ပေသည်။ 

သို့သော်လည်း အံ့အားသင့်စရာ၊ တုန်လှုပ်စရာကောင်းလောက်သည့် အချက်မှာ ဆင်းရဲနွမ်းပါးလှသည့် ကမ္ဘာ့နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံပါဝင်နေခဲ့ခြင်းဖြစ်သည်။ ပို၍ စိတ်ဝင်စားစရာကောင်းသည်မှာ မြန်မာနှင့်အတူဆင်းရဲ နွမ်းပါးသည့် ကမ္ဘာ့နိုင်ငံများသည်လည်း မြန်မာကဲ့သို့ပင် သယံဇာတပေါများသည့် နိုင်ငံများဖြစ်နေခြင်းပင်။ 

သဘာဝတရား၏ လက်ဆောင်ကြီးကို လက်ဝယ်ပိုင်ဆိုင်ထားနိုင်ပါလျက် ဆင်းရဲနွမ်းပါးနေရသည့်ကိစ္စကို အရင်းစစ်ကြည့်လျှင် သယံဇာတစီမံခန့်ခွဲမှုညံ့မှု၊ သန့်ရှင်းပြီး ပွင့်လင်းမြင်သာမှုရှိသော အုပ်ချုပ်ရေးစနစ်အားနည်းမှု၊ ပညာရေး နိမ့်ပါးမှုတို့ကြောင့်ဖြစ်သည်ဟု ဖွံ့ဖြိုးရေးပညာရှင်များက ယုံကြည်လက်ခံထား ကြပါသည်။

မြန်မာနိုင်ငံကိုကြည့်လျှင်လည်း အဆိုပါအချက်များတွင် အားနည်းခဲ့ခြင်း ကြောင့်သာ ဆင်းရဲနွမ်းပါးသည့်အဆင့်မှ မလွတ်မြောက်နိုင်ဘဲဖြစ်နေခဲ့သည်ကို တွေ့ရပေမည်။ ထို့ပြင် သယံဇာတလုပ်ပိုင်ခွင့်ရရှိရန် နည်းမှန်လမ်းမှန်မဟုတ်သော ကြိုးပမ်းမှုများနှင့် အခွင့်ထူးခံလုပ်ငန်းများ၏ အထူးအကျိုးအမြတ်ရှာဖွေမှုများက တကယ့်အမှန်တရားတစ်ခုသဖွယ်ဖြစ်လာခြင်းမျိုးမှာ ဝမ်းနည်းစရာကောင်းလှပေ သည်။ 

အဆိုပါအကျိုးဆက်ကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးရုံသာမက အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍတစ်ခုလုံး အကျင့်ပျက်ခြစားမှု၏ ဝါးမျိုခံခဲ့ရပေသည်။ 

တစ်ဖက်တွင် သယံဇာတလုပွဲများကြောင့် ပြည်တွင်းစစ်များ သက်ဆိုးရှည် နေသည်မှာလည်း မည်သို့မျှ ငြင်းမရသောအချက်ပင်ဖြစ်သည်။ ပြည်တွင်းစစ်ပွဲတိုင်း သယံဇာတခွဲဝေမှုနှင့် တိုက်ရိုက်ပတ်သက်ချင်မှ ပတ်သက်မည်ဖြစ်သော်လည်း သယံဇာတခွဲဝေမှုအပေါ် မျှတစွာမလုပ်ပေးနိုင်ခဲ့လျှင် ပြည်တွင်းစစ်အဆုံးသတ်ရေးမှာ အလှမ်းဝေးနေမည်သာပင်။ 

သယံဇာတပြွေါကယ်ဝသော မြန်မာနိုင်ငံတွင် သယံဇာတကျိန်စာတိုက်ခံရသည့်အဖြစ်မျိုးနှင့် ကြုံတွေ့နေရခြင်းအတွက် မည်သူ့မှာတာဝန်ရှိသနည်းဟု မေးမည်လော။ သို့မဟုတ် ယင်းကျိန်စာမှ လွတ်မြောက်မည့်နည်းလမ်း အမြန်ဆုံး ရှာကြမည်လော။ The Voice Daily အနေနှင့် မြန်မာပြည်သူများ သယံဇာတ ကျိန်စာရော ဆင်းရဲတွင်းကပါ အမြန်ဆုံးလွတ်မြောက်စေလိုကြောင်း ဖော်ပြလိုက်ရပါသည်။ 

အယ်ဒီတာ ( ၅ - ၇ - ၂၀၂၀ )