News

POST TYPE

EDITORIAL

ရေမဆေးကျောက်များကပေးသည့် သင်ခန်းစာတစ်ခု
03-Jul-2020
ကချင်ပြည်နယ် ဖားကန့်ဒေသတွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ ရာနှင့်ချီ၍ ယနေ့နံနက်က သေဆုံးသွားသည့်သတင်းကြားရသည့်အတွက် The Voice Daily သတင်းစာအနေနှင့်လွန်စွာဝမ်းနည်းကြေကွဲမိပါကြောင်း ဦးစွာဖော်ပြလိုပါသည်။ ယင်းသတင်းကိုကြားရသော မြန်မာနိုင်ငံနေရာအနှံ့အပြားမှ ပြည်သူများသည်လည်း သေချာပေါက် စိတ်မကောင်းဖြစ်၊ ဝမ်းနည်းကြေကွဲကြမည်မှာ သေချာပါသည်။ 

မြေစာပုံပြိုကျမှုကြောင့် ပျောက်ဆုံးသွားသူ ၂၀ဝ ကျော်အနက် ၁၂၃ ဦး၏ ရုပ်အလောင်းကိုသာ အခင်းဖြစ်သည့်နေ့ ညနေပိုင်းတွင်ရှာဖွေတွေ့ရှိခဲ့ရာ ကျန်ရှိနေသော လူ ၇၀ ကျော် ၈၀ နီးပါး၏ ကံကြမ္မာအတွက် လွန်စွာစိုးရိမ်မိပါသည်။ သေကံမရောက်အသက်မပျောက်ဘဲ ကယ်ဆယ်ရေးအဖွဲ့များနှင့်တွေ့ဆုံနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့ရုံမှတစ်ပါးအခြားမရှိပေ။ 

ရေမဆေးကျောက်ရှာဖွေတူးဖော်နေသူများနှင့်ပတ်သက်ပြီး ပို၍စိတ်မကောင်းဖြစ်စရာကောင်းသည့်ကိစ္စမှာ လက်ရှိအချိန်ကာလသည် အဆိုပါဒေသ၌ ကျောက်မျက်တူးဖော်သည့် ကုမ္ပဏီလုပ်ငန်းများ အလုပ်ရပ်နားထားချိန်ဖြစ်ပြီး ၎င်းတို့သည် မိမိအစီအစဉ်ဖြင့်မိမိတူးဖော်ရှာဖွေနေကြခြင်းဖြစ်ရာ ထိခိုက်နစ်နာကြေး သို့မဟုတ် လျော်ကြေးတစ်စုံတစ်ရာရရန် မလွယ်ကူခြင်းပင်ဖြစ်ပါသည်။ 

စုံစမ်းသိရှိရသလောက် ယခုဖြစ်ရပ်ဆိုးကြီးနှင့်ကြုံတွေ့လိုက်ရသူအများစုမှာ ဒေသခံများမဟုတ်ဘဲ ဖားကန့်တွင်လာရောက်အလုပ်လုပ်ကိုင်လျက်ရှိပြီး နေရပ်သို့ပြန်ရန် အခက်အခဲရှိသောကြောင့် ယင်းနယ်မြေထဲတွင်ပင် ဆက်လက်နေထိုင် လုပ်ကိုင်နေကြခြင်းဖြစ်သည်။ 

ခါတိုင်းနှစ်များ၊ ယခုလိုမိုးတွင်းကာလတွင် မြေစာပုံပြိုကျမှုများ ဖြစ်လေ့ဖြစ်ထရှိခဲ့ပြီး ကျောက်ရှာသူများ ထိခိုက်ခြင်းမျိုးရှိခဲ့သော်လည်း ယခုတစ်ခေါက်အဖြစ်မှာ လူထိခိုက်မှုအများဆုံးနှင့် အဆိုးဆုံးအနေအထားဖြစ်သည်ဟုလည်း သိရှိရပေသည်။ 

တရားဥပဒေရေးရာ အသိုင်းအဝိုင်းထံမှ ကြားသိရသလောက်ဆိုပါက ကျောက်မျက်တူးဖော်ရေးဥပဒေနှင့် ပတ်သက်၍ ဥပဒေသစ်တစ်ရပ်ရေးဆွဲ ပေါ်ထွက်ခဲ့ပြီဖြစ်သော်လည်း နည်းဥပဒေမထွက်ရှိသေးသောကြောင့် ကျောက်မျက် ရှာဖွေတူးဖော်သည့်ဒေသတွင် တရားဥပဒေနှင့်အညီလုပ်ဆောင်ရန် အခက်အခဲရှိနေပါသေးသည်။ ယင်းနည်းဥပဒေပေါ်ထွက်ရေးကိုလည်း သက်ဆိုင်ရာတာဝန် ရှိသူများအနေနှင့် အမြန်ဆုံးအကောင်အထည်ဖော်သွားသင့်ပေသည်။ 

မိသားစုစားဝတ်နေရေးအတွက် အကျပ်အတည်းဖြစ်လာလျှင် မိမိကျန်းမာရေးကိစ္စ၊ အသက်အန္တရာယ်ကိစ္စတို့ကို အလေးမထားတော့ဘဲ အလုပ်နှင့်ဝင်ငွေကိုသာ အလေးထားသည်မှာ လူ့သဘောသဘာဝတစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် ကော်လာပြာအခြေခံပြည်သူများတွင် ယင်းသို့သောသဘောသဘာဝ တို့ကိုတွေ့မြင်ရမည်ဖြစ်ပါသည်။ 

အဆိုပါ မိသားစုစားဝတ်နေရေးအတွက် အလုပ်အမျိုးအစားရွေးချယ်ခြင်းသည် ကာယကံရှင် အလုပ်လုပ်သူများ၏ ရွေးချယ်ပိုင်ခွင့်နှင့်သာ သက်ဆိုင်သော်လည်း ၎င်းတို့၏ သမ္မာအာဇီဝဖြစ်သော လုပ်ငန်းခွင်များ အန္တရာယ်ကင်းဝေးရေးနှင့် ၎င်းတို့အပေါ် အန္တရာယ်မကျရောက်အောင် ဥပဒေ၊ အမိန့်၊ စည်းမျဉ်းစည်းကမ်းအစရှိသည်တို့ဖြင့် ထိန်းချုပ်နိုင်ရေးသည် သက်ဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်တို့၏ တာဝန်ယူမှုနှင့်သာ တိုက်ရိုက်သက်ဆိုင်ပါကြောင်း ဖော်ပြလိုက်ရပါသည်။ 

အယ်ဒီတာ(၂ - ၇ - ၂၀၂၀)