News

POST TYPE

EDITORIAL

ရလဒ်သည်သာ အဓိက
30-Jun-2020
 ဒီမိုကရေစီစနစ်ဖော်ဆောင်နေသည့် မြန်မာ့လူ့အဖွဲ့အစည်းတွင် 'လူ' နှင့် 'မူ' ဆိုသောကိစ္စကို နိုင်ငံရေးသမားများသာမက နိုင်ငံရေးစိတ်ဝင်စားသူအားလုံး မကြာခဏဆိုသလို ပြောဆိုဆွေးနွေးလေ့ရှိကြပေသည်။ 

နိုင်ငံရေးစနစ်ကောင်းတစ်ရပ် ပြောင်းလဲကျင့်သုံးကြခြင်း၏ ဦးတည်ချက်ဟူသည်မှာလည်း လူပုဂ္ဂိုလ်ထက်မူဝါဒက ဆုံးဖြတ်သည့် ခေတ်ကာလသို့ရောက်အောင် စနစ်တကျပြောင်းလဲယူကြရခြင်းသာပင်ဖြစ်သည်။ 

မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ရှစ်နှစ်ကျော်၊ ကိုးနှစ်တာကာလသို့ ရောက်လာပြီဖြစ်သော်လည်း အမှန်တွင် မူဖြင့်အုပ်ချုပ်ရန် ကြိုးစားတည်ဆောက်နေသည့်အဆင့်တွင်သာရှိနေသေးသည်ဟု ဆိုရပေမည်။ 

သို့သော်လည်း နှစ်ကာလကြာမြင့်စွာဖြတ်သန်းခဲ့ရသော ယခင်ခေတ်စနစ်ဟောင်း၏ 'မူထက်လူကဆုံးဖြတ်သည်' ဆိုသော အစဉ်အလာက လူထုခေါင်းဆောင်နှင့် လူထုအစိုးရကို လူထုကိုယ်တိုင်က တင်မြှောက်နိုင်သည့် ယနေ့ဒီမိုကရေစီ ခေတ်ကာလအထိ အရှိန်မသေသေးဘဲလိုက်ပါ လွှမ်းမိုးနေသေးသည်ကို ပြည်သူအားလုံးက ဦးစွာနားလည်သဘောပေါက်ထားသင့်ပေသည်။ 

ထိုသို့နားလည်သဘောပေါက်မှုရှိမှသာလျှင် 'လူ' ထက် 'မူ' က ဆုံးဖြတ်ပေးသည့်ခေတ်၊ တစ်မျိုးဆိုရလျှင် တရားဥပဒေစိုးမိုးမှုအပြည့်အဝရှိပြီး ဥပဒေအထက်တွင်မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့်ပါတီတို့မှမရှိသောခေတ်သို့ ရောက်ရှိအောင် တည်တည်ငြိမ်ငြိမ်ဖြင့်အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။ 

သို့သော်လည်း စာတွေ့သဘော၊ ညွှန်းတမ်းလာသဘောမဟုတ်ဘဲ ပကတိလောကထဲတွင် ပြဿနာပေါင်းစုံရှုပ်ထွေးလှသည့် တိုင်းပြည်တစ်ခုတွင် တည်တည်ငြိမ်ငြိမ်အကောင်အထည်ဖော်ရေးဟူသည်မှာ ကြီးမားသည့်စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။ ပြောသလောက်မလွယ်ကူသည်ကို မြန်မာ့အရေးတွင် ထဲထဲဝင်ဝင်ပတ်သက်နေသူများမဆိုထားနှင့် ဘေးမှရပ်ကြည့်နေသူများပင် အပူသောက ရောက်ကြရစမြဲပင်။ 

သို့အတွက်ကြောင့် 'လူ' ထက် 'မူ'က အာဏာပိုရှိသည့်ခေတ် မည်သည့်အခါရောက်မည်နည်းဆိုခြင်းထက် ပကတိကြုံတွေ့နေရသည့် စိန်ခေါ်မှုကြီးများနှင့် ပြဿနာများကို မည်သို့မည်ပုံကိုင်တွယ်ဖြေရှင်းမည်၊ မည်သည့်နည်းလမ်းဖြင့် ကြိုးစားတည်ဆောက်မည်ဟူသော မေးခွန်းတို့မှာလည်း အရေးကြီးလာသည်ဟု ဆိုရပေမည်။ 

ထို့အတူ တိုင်းပြည်နှင့်လူ့အဖွဲ့အစည်းတွင်း ရင်ဆိုင်နေရသော အခက်အခဲများနှင့် ပြဿနာများကို ဦးဆောင်ဖြေရှင်းရာတွင်၊ တစ်နည်းအားဖြင့် 'မူ' ရော 'လူ' ပါအရေးပါနေဆဲဖြစ်နေသည့် ခေတ်ကာလထဲတွင် ခေါင်းဆောင်နေရာ၌ရှိသူတို့၏ စိတ်ဓာတ်စွမ်းအား၊ ဝီရိယစွမ်းအားနှင့် အသိဉာဏ်စွမ်းအားတို့မှာ အထူးအရေးကြီးလှပေသည်။ 

ပို၍ပွင့်လင်းစွာပြောရလျှင် လူကောင်းသည်ဖြစ်စေ၊ မူကောင်းသည်ဖြစ်စေ မည်သည့်နိုင်ငံရေးပါတီကဦးဆောင်သည်ဖြစ်စေ ပြည်သူများအဓိက လိုလားတောင့်တသည်မှာ 'ရလဒ်' ကောင်းများသာဖြစ်ကြောင်း ဖော်ပြလိုက်ရပေသည်။ 

အယ်ဒီတာ (၂၉ - ၆ -၂၀၂၀)