News

POST TYPE

EDITORIAL

တိုင်ကြားမှုများကို ထိရောက်စွာ တုံ့ပြန်နိုင်ရေး
29-Jun-2020
COVID-19 ကပ်ရောဂါအကျပ်အတည်းကာလ အခြေခံလူတန်းစားများကို အခြေခံစားသောက်ကုန်များနှင့် ငွေကြေးထောက်ပံ့သည့်ကိစ္စတို့နှင့်ပတ်သက်သော အဆင်မပြေမှုများအတွက် ဝေဖန်ပြောဆိုမှုများရှိခဲ့ပါသည်။ဝေဖန်ပြောဆိုသူများ၏ အဓိကအသိပေးတိုင်ကြားလိုရင်းမှာ ထောက်ပံ့မှုကို ဆိုင်ရာအသိုင်းအဝိုင်းရှိသူတို့သာ ရရှိခြင်းဖြစ်သည်ဆိုသောအချက်ဖြစ်ပါသည်။

အမှန်တော့ ယခုခေါင်းကြီးပိုင်းတွင် ဆွေးနွေးလိုသည်မှာ ကိုဗစ်ကာလထောက်ပံ့ကြေးကိစ္စမဟုတ်ပေ။ မကျေနပ်၍ တိုင်ကြားလိုသူ (တိုင်ကြားမှုများ)ကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးနိုင်ရေးသာဖြစ်ပါသည်။ 

ယနေ့အချိန်အထိ မြန်မာနိုင်ငံတွင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည်ဖြင့် ကဏ္ဍအသီးသီးတို့ကို တာဝန်ယူထားသော ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့်ပတ်သက်၍လည်း တိုင်ကြားရမည့် ပြဿနာပေါင်း သောင်းခြောက်ထောင်ရှိနေဆဲပင်ဖြစ်မည်မှာ သေချာပါသည်။ 

တကယ်တော့ ဌာနဆိုင်ရာများတင်မကပါ၊ ပုဂ္ဂလိကစာသင်ကျောင်းနှင့် ဆေးရုံဆေးခန်းများအပါအဝင် ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းအသီးသီး၏လွဲမှားမှုများ၊ ကျင့်ဝတ်ဖောက်ဖျက်မှုများနှင့်ပတ်သက်၍ တိုင်ကြား၍မရနိုင်သော ပြဿနာများစွာရှိနေပါသည်။ 

ပုဂ္ဂလိကသတင်းစာများထုတ်ဝေခွင့်ရရှိခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဧပြီလမှစတင် ထုတ်ဝေခဲ့သည့် The Voice Daily ၏ ၇ နှစ်ကျော်သက်တမ်းအတွင်း ရပ်ရေးရွာရေး၊ ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းအရေးကိစ္စများနှင့်ပတ်သက်၍ မကျေနပ်သောကြောင့် ကျွန်ုပ်တို့သတင်းစာတိုက်ရှိရာသို့ လာရောက်သတင်းပေးတိုင်တန်းကြသူများစွာနှင့် ကြုံတွေ့ခဲ့ရဖူးပါသည်။ ယခုလည်း ကိုဗစ်ကာလ ထောက်ပံ့မှုရရှိရေးကအစ မော်တော်ယာဉ်များ လိုင်စင်ဝင်ရာတွင် ကြုံတွေ့ရသည့် မပြေမလည်မှုများ အပါအဝင် Quarantine ကိစ္စအထိ လာရောက်သတင်းပေးတိုင်တန်းသူ အတော်များများရှိပါသည်။ အချို့ကသတင်းစာတိုက်သို့ လူကိုယ်တိုင်လာရောက် သတင်းပေးပြီးအချို့က တယ်လီဖုန်းဖြင့်ဆက်သွယ်သတင်းပေးတိုင်တန်းကြသည်။ 

သတင်းဖြစ်သည့်ကိစ္စအချို့ကို သတင်းအဖြစ်ရေးသားဖော်ပြပေးနိုင်ရုံမှအပ ပြဿနာအတော်များများမှာ သက်ဆိုင်ရာဌာနအသီးသီး၊ အာဏာပိုင်အသီးသီးတို့က ဖြေရှင်းပေးရမည့်ကိစ္စဖြစ်နေသောကြောင့် တစ်စုံတစ်ရာလုပ်ဆောင်ပေးနိုင်ခြင်းမရှိခဲ့ပါ။ သက်ဆိုင်ရာကို တိုင်ကြားခြင်းသည်သာ အကောင်းဆုံးဟု ပြဿနာကြုံတွေ့နေရသော ကာယကံရှင်များကို သတင်းခန်းမှ တာဝန်ရှိသူများက မေတ္တာရပ်ခံခဲ့ရသည်ကများပါသည်။

ဒီမိုကရေစီစနစ်စတင်ဖော်ဆောင်ခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း၊ ထိုမှတစ်ဆင့် ပြည်သူတင်မြှောက်သော အရပ်သားအစိုးရစစ်စစ် အာဏာရရှိလာသည့်ခေတ်စနစ်ထဲတွင် ပြည်သူများ၏ အဓိကမျှော်လင့်ချက်များအနက်တစ်ခုမှာ မကျေနပ်ချက်များအတွက် ထိထိရောက်ရောက်တိုင်ကြားနိုင်ရေးနှင့် မကျေနပ်မှုများအပေါ် ထိရောက်စွာ တုံ့ပြန်အရေးယူပေးရေးပင်ဖြစ်ပေသည်။ 

ပြည်သူများ၏ မကျေနပ်ချက်နှင့် တိုင်ကြားစာကိစ္စသည် ယခင်ခေတ်ကာလ စဉ်းစားနည်းအတိုင်း စဉ်းစားမည်ဆိုလျှင် တိုင်သူဖြစ်စေ၊ အတိုင်ခံရသူဖြစ်စေပါဝါကြီးသူ(အာဏာရှိသူ၊ သို့မဟုတ် အာဏာရှိသူကို အိတ်ကပ်ထဲသို့ထည့်ထားနိုင်သူ)တို့သာ အနိုင်ရစမြဲဖြစ်မည်မဟုတ်ပါလော။ 

ခေတ်စနစ်များ အမှန်တကယ်ပြောင်းသွားကြောင်း ကြွေးကြော်လိုလျှင်မူ သူ့လူဖြစ်စေ၊ ကိုယ့်လူဖြစ်စေ၊ သူ့ပါတီဝင်ဖြစ်စေ ကိုယ့်ပါတီဝင်ဖြစ်စေ တိုင်တန်းမှုများတိုင်း၌ မှန်သည့်သူကိုသာ အနိုင်ပေးမည်ဆိုသောအချက်ကို လက်တွေ့ကျကျ လုပ်ဆောင်ပြရန် အထူးအရေးကြီးကြောင်း အကြံပြုဖော်ပြလိုပေသည်။ 

အယ်ဒီတာ (၂၈ - ၆ - ၂၀၂၀ )