News

POST TYPE

EDITORIAL

တော်လှန်ရေးသမားလား၊ အပြောင်းအလဲသမားလား
28-Jun-2020
တော်လှန်ရေးတို့၊ ပြုပြင်ပြောင်းလဲရေးတို့ စသည်ဖြင့် ဆိုလိုက်ရင် နိုင်ငံရေး ကိစ္စလို့ပဲထင်မှတ်ကြတာများပါတယ်။ ဒါပေမဲ့ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ တခြားနယ်ပယ်တွေမှာလည်း တော်လှန်ရေးတို့ ပြုပြင်ပြောင်းလဲရေးတို့ဆိုတာရှိစမြဲပါ။ နယ်ပယ်တစ်ခုမှာ စက်မှုပညာ၊ နည်းပညာ စတာတွေ အံ့မခန်းတိုးတက်လာတဲ့ အတွက် တခြားနယ်ပယ်က အသက်မွေးဝမ်းကျောင်းအလုပ်၊ အတတ်ပညာတစ်ခုခု ကွယ်ပျောက်ရမလိုဖြစ်လာတဲ့အခါမှာ အဲဒီလိုဒုက္ခတွေ့လာရတဲ့ နယ်ပယ်ထဲက ပုဂ္ဂိုလ်တွေက သူတို့ရဲ့အတတ်ပညာတွေ တိမ်ကောမသွားအောင် တော်လှန်ရေးလုပ်ကြတာမျိုးကို ဆိုလိုတာပါ။

ဥပမာ - တစ်ချိန်က ကင်မရာတွေ ထွန်းကားလာတဲ့အတွက် ရီယယ်လစ်ဇင် ပန်းချီအနုပညာရှင်တွေ ဒုက္ခရောက်မလိုဖြစ်လာတဲ့အခါ Impressionism ဆိုတဲ့ခေါင်းစဉ်နဲ့ အနုပညာလှုပ်ရှားမှုတစ်ရပ် လုပ်ခဲ့ကြတာမျိုးပါ။ ထင်ရှားတဲ့ စုတ်ချက်ကြီးတွေရယ်၊ ဟင်းလင်းပွင့်နေတဲ့ ကွန်ပိုဇေးရှင်းတွေရယ်၊ အလင်း၊ အမှောင် တွေရယ်သုံးပြီး လူ့ခံစားချက်ကို ဖော်ကျူးပြပြီး ကင်မရာဆိုတဲ့ နည်းပညာကို အန်တုပြ ခဲ့တာမျိုးပါ။ ကင်မရာမှာ ဘယ်လိုမှမရနိုင်တဲ့အရာမျိုး၊ ကင်မရာနဲ့ အရသာမတူတဲ့ အရာမျိုးကို ဖန်တီးပြပြီး ပန်းချီအနုပညာရှင်တွေ ရှေ့ဆက်ရပ်တည်နိုင်အောင် လုပ်ခဲ့ကြတဲ့တော်လှန်ရေးဆိုရင်မမှားပါဘူး။ 

ကမ္ဘာ့နိုင်ငံကြီးတွေ စက်မှုဖွံ့ဖြိုးတဲ့အဆင့်ကိုရောက်လာပြီး စက်ရုံတွေ၊ အလုပ်ရုံတွေမှာ ယန္တရားကြီးတွေနဲ့ ရှပ်အင်္ကျီကအစ မော်တော်ကားအဆုံးတပ်ဆင် ထုတ်လုပ်လာတဲ့အခါမှာ Hand-Made၊ Tailor-Made စတာတွေကို တန်ဖိုး ထားတတ်အောင်လုပ်ခဲ့ကြတာလည်း တကယ်တော့တော်လှန်ရေးတစ်မျိုးပါပဲ။ အဲဒါကြောင့်လည်း အခြားနိုင်ငံကမော်တော်ကားတွေ ဘယ်လောက်ပဲ ကမ္ဘာ့ဈေးကွက်မှာ ရောင်းသွက်နေပေမယ့် အီတလီနိုင်ငံက Hand-Made ပြိုင်ကားတွေကို ကားလောကမှာ ဘုရင်တွေသဖွယ်ဆက်ပြီး အသိအမှတ်ပြုထားကြရတာပဲ ဖြစ်ပါတယ်။ 

ဘယ်သူမဆို စက်ရုံလုပ်၊ စက်ယန္တရားတွေလုပ်တာထက် လူသားတွေကိုယ်တိုင် ထိတွေ့တပ်ဆင်ထားတဲ့အရာ၊ ဖန်တီးထားတဲ့ပစ္စည်းဆိုရင် မဖြစ်မနေတန်ဖိုး ထားနေကြတာပါ။ အစားအသောက်ကိစ္စကိုကြည့်မယ်ဆိုရင် အီတလီခေါက်ဆွဲကို မြန်မာတွေခုံခုံမင်မင် ဝယ်စား၊ ချက်စားကြပေမယ့် အီတလီဘယ်နှယောက် မြန်မာ မုန့်ဟင်းခါး ချက်ပြုတ်ရောင်းချနေပြီလဲဆိုတာ မေးချင်စရာကောင်းနေပါတယ်။ 

ငှက်တွေက ပျံရင်းအချိန်ကုန်၊ လူတွေကကြံရင်းအချိန်ကုန်ဆိုတဲ့ ဆိုရိုး လိုပါပဲ။ လူတွေရဲ့ကြံတွေးမှု၊ တီထွင်ဖန်တီးမှုကြောင့်ပဲ တစ်ဖက်မှာ အကျိုးအမြတ် ဖြစ်ထွန်းတာတွေရှိသလို၊ အကြီးအကျယ်ထိခိုက်နစ်နာကြတာတွေလည်းရှိလာပါတယ်။ အဲဒါကြောင့်လည်း မတူညီတဲ့နယ်ပယ်က လူတစ်စုရဲ့ တီထွင်ဖန်တီးမှုကြောင့် ထိခိုက်နစ်နာလာကြရတဲ့ အခြားနယ်ပယ်ကသူတွေက သူတို့ရပ်တည်ရေးအတွက် တော်လှန်ရေးတွေလုပ်ခဲ့ကြတာပါ။ တစ်မျိုးပြောရရင် သူများရဲ့အပြု မခံချင်တဲ့စိတ်ရှိတဲ့သူတွေဟာ နယ်ပယ်အသီးသီးမှာ ပုံစံအမျိုးမျိုးနဲ့တော်လှန်ရေး လုပ်နေကြတာချည်းပါပဲ။ 

အခုနည်းပညာခေတ်၊ အင်တာနက်ခေတ်၊ အွန်လိုင်းခေတ်၊ လူမှုကွန်ရက် ခေတ်ထဲမှာ အဲဒီနည်းပညာတွေ၊ ဆော့ဖ်ဝဲဂုရုတွေကြောင့် ဘယ်နယ်ပယ်ထဲက ဘယ်သူတွေ၊ ဘာတွေထိခိုက်နစ်နာသွားကြရပြီလဲလို့မေးရင် အများကြီးရှိနေမှာပါပဲ။ 

မြန်မာတွေအနေနဲ့ ကိုယ့်ရဲ့အားသာချက်တွေ၊ သဘာဝကဖန်တီးပေးထားလို့ရထားတဲ့အရာတွေ စတာတွေနဲ့ တခြားကမ္ဘာ့နိုင်ငံကြီးတွေက စက်မှု၊ လက်မှု၊ နည်းပညာ၊ သိပ္ပံပညာရှင်တွေရဲ့ ဖန်တီးမှုကြောင့်ဖြစ်လာတဲ့ ဂယက်တွေကို ဘယ်လိုအန်တုပြီး တော်လှန်ရေးကောင်းတွေ လုပ်နိုင်မလဲဆိုတာ အမြဲစဉ်းစားနေရမှာ ဖြစ်ပါတယ်။ ယခုလို ကိုဗစ်ကြောင့်တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စီးပွားရေးတွေ အကျပ်ရိုက်နေတဲ့အခြေအနေမျိုးမှာ ပိုပြီးတော့တောင်အာရုံစိုက်သင့်ပါတယ်။ နယ်ပယ်တိုင်းမှာ တော်လှန်ရေးသမားကောင်းတွေနဲ့ ပြုပြင်ပြောင်းလဲရေးသမားကောင်းတွေ လိုတယ်ဆိုတာပဲဖြစ်ပါတယ်။ 

အယ်ဒီတာ ( ၂၇ - ၆ - ၂၀၂၀ )