News

POST TYPE

EDITORIAL

မြန်မာဒီမိုကရေစီ ခရီးရှည်ကြီး
26-Jun-2020
နိုင်ငံတစ်နိုင်ငံတွင် ဒီမိုကရေစီတည်ဆောက်ရေး၊ လွတ်လပ်ပွင့်လင်းကာ တရားမျှတမှုထွန်းကားသည့် လူ့အဖွဲ့အစည်းတစ်ရပ် ထူထောင်ရေးစသည်တို့သည် လွှတ်တော်၊ အစိုးရ၊ တရားစီရင်ရေး နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် တပ်မတော်တို့တွင်သာမက နိုင်ငံသားအားလုံးတွင်လည်း တာဝန်ရှိသည်ဆိုသောအချက်ကို အားလုံးသိနှင့်ပြီးသားဖြစ်ပါသည်။ 

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်ရောက်ခဲ့သည့် ၉ နှစ်ကျော်ခန့်ကာလအတွင်း နိုင်ငံရေးဟူသည်မှာ တစ်ခေတ်တစ်ခါကလို အထူးအဆန်း၊ မတို့ရဲမထိရဲသည့်ကိစ္စမဟုတ်တော့ရုံမျှမက နိုင်ငံရေးဆွေးနွေးပွဲစကားဝိုင်းများ၊ ဒီဘိတ်များ၊ မဲဆွယ်မှုများနှင့် ဖိုရမ်များသည်ပင် အဆန်းတကြယ်မဟုတ်တော့သော အခြေအနေသို့ရောက်လာပေသည်။ 

သို့သော်လည်း ယနေ့အချိန်အထိ နိုင်ငံရေးဟူသည် ဆန့်ကျင်ဘက်အုပ်စုကို ဆဲနိုင်ဆိုနိုင်မှ၊ ပုတ်ခတ်တိုက်ခိုက်နိုင်မှ အလုပ်ဖြစ်သည့်ကိစ္စဟု စိတ်စွဲနေသူ အမြောက်အမြားရှိနေသေးသည်ကို တွေ့မြင်နေရပေသည်။ အမှန်စင်စစ်နိုင်ငံရေးမှာ ဆန့်ကျင်ခြင်း - ထောက်ခံခြင်းတို့ထက်များစွာလေးနက်ပေသည်။ 

လူမှုကွန်ရက်များပေါ်တွင် စိတ်လှုပ်ရှားမှုသက်သက်ဖြင့် အုပ်စုဖွဲ့ကာ အော်ဟစ်ဆဲဆိုပြတိုင်း နိုင်ငံရေးမဟုတ်ဆိုသောအချက်ကို သိရှိနားလည်သူ လွန်စွာနည်းပါးနေပါသေးသည်။ စနစ်တကျလေ့လာဆည်းပူးနိုင်မှ ရရှိသည့်ပညာရပ်ဖြစ်ပြီး ဆန့်ကျင်ဘက်အင်အားစုကို နေရာမပေးသရွေ့၊ မတူကွဲပြားသူများနှင့် စေ့စပ်ညှိနှိုင်းနိုင်မှုမရှိသေးသရွေ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ ခရီးပေါက်ရန်ခဲယဉ်း နေပေဦးမည်။ 

မြန်မာ့နိုင်ငံရေးကျွမ်းကျင်သူနှင့် နိုင်ငံရေးဘောဂဗေဒများအကြောင်းအရာ များစွာရေးသားလျက်ရှိသည့် စာရေးဆရာ(ဦး)ကျော်ဝင်း မြန်မာ့နွေဦးအစ(ပြုပြင်ပြောင်းလဲရေးကာလအစကိုရည်ညွှန်းပါသည်)ပိုင်းလောက်က ထောက်ပြရေးသားဖူးသည့်အတိုင်းပင်။ ]အစိုးရ} သို့မဟုတ် 'မင်း' (စနစ်) ကို ရန်သူမျိုးငါးပါးစာရင်းထဲ ထည့်သွင်းထားသည့် ယဉ်ကျေးမှုဓလေ့မျိုးရှိသည့် မြန်မာ့လူ့အဖွဲ့အစည်းအနေနှင့် အစိုးရတို့၊ မူဝါဒတို့အပေါ် ယုံကြည်မှုအားနည်းတတ်သည်မှာ အဆန်းတော့မဟုတ်ပါချေ။ 

ခေတ်အဆက်ဆက် အင်မတန်ဆိုးဝါးလွန်းသည့် စနစ်များက မိုလောင်းပေးလိုက်သည့် အစွဲတွေကို (နာကျင်မှုတွေကို) လူ့အဖွဲ့အစည်း၏ အာရုံထဲကပျောက်အောင် ယခုဒီမိုကရေစီအစိုးရ (လူထုအစိုးရ)ရော၊ နောင်ကာလနိုင်ငံအုပ်ချုပ်ရေး တာဝန်ကိုရယူမည့် ဒီမိုကရေစီအစိုးရအဆက်ဆက်အနေနှင့် များစွာကြိုးပမ်း ရဦးမည်သာပင်။ သို့သော် ပြည်သူလူထုဘက်ကလည်း ဒီမိုကရေစီစနစ်ဟူသည် ကိုယ်တင်မြှောက်ထားသည့် အစိုးရလုပ်သမျှ ထောက်ခံရန်မဟုတ်သလို ကိုယ်မဲမပေးသည့် အစိုးရဖြစ်နေသည့်အတွက် သူဘာလုပ်လုပ်အမြဲတစေဆန့်ကျင် ကန့်ကွက်ပြရမည့်သဘောမျိုးအဖြစ် မသတ်မှတ်မိရန် သတိပြုကြရပေမည်။ (ဥပမာ- အာဏာရပါတီနှင့် အစိုးရကိုဝေဖန်ထောက်ပြတိုင်း လူထုချစ်သည့် ခေါင်းဆောင်ကို တိုက်ခိုက်ဆန့်ကျင်ခြင်းမဟုတ် ဆိုသည်လောက်တော့ သိရှိနားလည်ထားသင့်ပေသည်။)

ဟုတ်ပါသည်။ မြန်မာပြည်သူများသည် ယနေ့ခေတ်ကာလကိုရောက်ရန် အချိန်များစွာ၊ အသက်သွေးချွေးများစွာ ပေးဆပ်ခဲ့ကြရသည်ဖြစ်ပါသည်။ သို့သော်အခြားတိုင်းပြည်များနှင့် အခြားလူ့အဖွဲ့အစည်းများသည် ရပ်တန့်နေကြသူများ မဟုတ်ဘဲ မြန်မာတို့ထက် မလျော့နည်းသည့် ဇွဲ၊ လုံလ၊ ဝီရိယများဖြင့် လျှောက်လှမ်း နေကြသူများဖြစ်ရာ မိမိလိုချင်သောခေတ်ကာလကို ပိုင်ဆိုင်ထားသော်လည်း အခြားတိုင်းပြည်များလောက်မဖွံ့ဖြိုးနိုင်၊ မတိုးတက်နိုင်ဖြစ်နေရခြင်းအပေါ် အားမလိုအားမရ ဖြစ်ကြရမည်သာပင်။ 

သို့သော်လည်း ရောမမြို့ကို တစ်ရက်တည်းနှင့် အပြီးမတည်ဆောက်နိုင် ဟူသောဆိုရိုးထဲကလိုပင် မြန်မာတို့မျှော်လင့်တောင့်တသည့် လူ့အဖွဲ့အစည်းမျိုး နိုင်ငံမျိုးပေါ်ပေါက်ရန် များစွာပေးဆပ်ရဦးမည်သာဖြစ်ရာ ယခင်ခေတ်စနစ်ဆိုးမှ ကျန်ရစ်သော ဆိုးမွေများကို မေတ္တာတရားကိုယ်စီဖြင့် တုံ့ပြန်ရင်း မိမိတို့တတ်နိုင်သည့်နေရာမှ  ဒီမိုကရေစီ  အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များကို ညီညီညွတ်ညွတ်ဖြင့် ကူညီကြပါမည့်အကြောင်း မေတ္တာရပ်ခံလိုပေသည်။ 

အယ်ဒီတာ ( ၂၅ - ၆ - ၂၀၂၀ )