News

POST TYPE

EDITORIAL

ကွာရန်တင်းကိစ္စ လျှော့မတွက်သင့်သေးပါ
25-Jun-2020

မြန်မာနိုင်ငံတွင် ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မတွေ့ရသည်မှာ အတန်ကြာခဲ့ပြီဖြစ်သော်လည်း ပြည်ပမှဝင်ရောက်လာသူအချို့တွင် ပိုးတွေ့ရှိသည် ဆိုသောသတင်းများ ကြိုးကြားကြိုးကြား တွေ့မြင်ရခြင်းသည် ကပ်ရောဂါနှင့် ပတ်သက်၍ မည်သို့မျှစိတ်ချ၍မရနိုင်သေးသောအချက်ကို ဖော်ပြနေခြင်းသာ ဖြစ်ပေသည်။ သို့အတွက်ကြောင့် ရောဂါကူးစက်မှု ဆိုးဆိုးရွားရွားဖြစ်ပေါ်နေသည့် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပြီး မိမိဘာသာမိမိ အားရကျေနပ်နေ၍ မည်သို့မျှမဖြစ်နိုင်သေးကြောင်း ဦးစွာပြောလိုပါသည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို ကြည့်မည်ဆိုလျှင်လည်း တတ်နိုင်သမျှ လူစုလူဝေးရှောင်ရှားပြီး နေအိမ်တွင်သာနေထိုင်ခြင်း၊ Mask တပ်၍ အပြင်ထွက်ခြင်း၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၆ ပေခွာနေထိုင်ရသည့် Social Distancing ဆိုင်ရာသတ်မှတ်ချက်ဖြင့် ပြုမူပြောဆိုခြင်း၊ လက်ဆေးကြောခြင်း အစရှိသည့် မဖြစ်မနေလုပ်ကိုင်ရမည့် ညွှန်ကြားချက်များပါဝင်နေသေးသည်ကို တွေ့ရမည်ဖြစ်ပေသည်။ 

ရောဂါပျောက်ကင်းသွားသူ (ပိုးကင်းစင်သွားသူ) ဦးရေများပြားခြင်း၊ ကူးစက် ပြန့်ပွားမှုမရှိသလောက်ဖြစ်အောင် ထိန်းချုပ်ထားနိုင်ခြင်းတို့ကြောင့် အစိုးရအာဏာ ပိုင်များသာမက မြန်မာပြည်သူအတော်များများပါ ဝမ်းသာကျေနပ်နေကြသည်မှာတော့ အမှန်ပင်ဖြစ်သည်။ သို့သော် ပေါ့ပေါ့ဆဆနေ၍ မရသေးသည်မှာ ကျန်းမာရေး ဌာန၏ ထုတ်ပြန်ချက်များကိုကြည့်လျှင် သတိပြုနိုင်ပေသည်။ အခြား၊ အထူးသဖြင့် အနောက်နိုင်ငံအချို့ကဲ့သို့ ဒုတိယလှိုင်းအဖြစ် ကူးစက်မှုပြန်လည်မြင့်တက်လာမည် မဟုတ်ဟု မည်သူမျှ အာမမခံနိုင်ပေ။ 

လက်ရှိအနေအထားသည် ပြည်တွင်း၌ ဓာတ်ခွဲခန်းအတည်ပြုလူနာ မတွေ့ရှိ သေးသည့် (ကိုဗစ်မဖြစ်ခင်) ကာလနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ယခင်ပုံစံအတိုင်း ပြန်မဖြစ်သေးသည်မှာမှန်သော်လည်း မတ်လကုန်ပိုင်း၊ ဧပြီလနှင့် မေလတို့နှင့် နှိုင်းယှဉ်မည်ဆိုပါက သက်ဆိုင်ရာက မည်သည့်ထိန်းချုပ်မှုတစ်ခုမျှ မပြုလုပ်ထားသည့်အလား သွားလာလှုပ်ရှားနေကြသည်ကို တွေ့မြင်ရပါမည်။ ရန်ကုန်မြို့ရှိ မြို့နယ်အတော်များများတွင် ပါးစပ်နှင့် နှာခေါင်းစည်းမတပ်ဘဲ သွားလာလှုပ်ရှားသူဦးရေ ယခင်ကထက် များပြားလာသည်မှာတော့ ရှင်းရှင်းလင်းလင်းပင် တွေ့မြင်ရမည်ဖြစ်ပေသည်။ 

ထပ်ပြောရလျှင် ရောဂါထိန်းချုပ်ရေးကိစ္စနှင့်ပတ်သက်၍ ကျေနပ်အားရလောက် သည့်ရလဒ်များ ထွက်ခဲ့သည်မှာ ဝမ်းသာစရာပင်။ သို့သော် မြန်မာနိုင်ငံထဲသို့ ဝင်ရောက်မည့် ပြည်ပလမ်းကြောင်းများ၊ နယ်စပ်ဒေသများနှင့် ဂိတ်ပေါက်များ ပြန်လည်ဖွင့်လှစ်မည့်ကိစ္စမျိုးများအတွက် အချိန်ယူကာ စနစ်တကျပြင်ဆင်နိုင်ပါမှ တော်ကာကျပေမည်။ 

မြန်မာနိုင်ငံတွင် စီးပွားရေးအလုပ်လုပ်ကိုင်နေပြီး ကိုဗစ်ကာလအတွင်း မိခင်နိုင်ငံအသီးသီးသို့ ပြန်လည်ရောက်ရှိနေခဲ့ရာမှ ပြန်လည်ဝင်ရောက်လိုသော နိုင်ငံခြား သားများ၊ အန်ဂျီအိုနှင့် နိုင်ငံခြားမစ်ရှင်များတွင် အလုပ်လုပ်နေသော နိုင်ငံခြားသားများအနေနှင့် ၎င်းတို့၏ မူလအလုပ်အကိုင်များ ပြန်လည်လုပ်ကိုင်လည်ပတ်ရန် စောင့်ဆိုင်းနေကြသည်ဟု စီးပွားရေးလုပ်ငန်းရှင်များ အသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရပါသည်။ တိုင်းပြည်စီးပွားရေးနှင့် ပြည်ပရင်းနှီးမြှုပ်ရေးရှုထောင့်မှကြည့်လျှင်လည်း အရေးကြီးသည့်အပိုင်းတစ်ပိုင်း ဖြစ်ပေသည်။ 

ပိတ်ထားသောတံခါးများ တဖြည်းဖြည်းချင်းဖွင့်ပြီး ၎င်းတို့ကို ဝင်ရောက် ခွင့်ပြုကာ စီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်စေရေး၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းများ ပုံမှန်အတိုင်းပြန်လည်ဖြစ်ပေါ်လာအောင် ဖန်တီးရေးမှာ တိုင်းပြည်စီးပွားရေးအတွက် အမှန်တကယ်အရေးကြီးပါသည်။ သို့သော် ကမ္ဘာလုံးအတိုင်း အတာကိုကြည့်လျှင် ကပ်ရောဂါကြီးကူးစက်မှုမှာ လျော့ကျသွားသည့် အခြေအနေမျိုးမတွေ့ရဘဲ ၇ ရက် တစ်ပတ်လောက်အတွင်းမှာပင် သန်းနှင့်ချီ၍ ကူးစက်ခံနေရ သည်ကို တွေ့မြင်နေရပေရာ စီးပွားရေးလည်ပတ်လုပ်ကိုင်မှုများ ယခင်ကအတိုင်း ပြန်ဖြစ်အောင် အလျင်စလို မလုပ်သင့်သေးပေ။ ဆန္ဒမစောသင့်သေးပေ။ 

သို့အတွက်ကြောင့် လက်ရှိကာလများအတွက် အထူးသတိထားသင့်သည်မှာ ကိုဗစ်ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး သို့မဟုတ် ဗိုင်းရပ်စ်ရှိ မရှိ ထိရောက်စွာ ရှာဖွေစစ်ဆေးဖော်ထုတ်နိုင်သော စနစ်ကောင်းတစ်ခု မရှိသေးသရွေ့ ပြည်ပမှ ဝင်ရောက်လာသူကိုဖြစ်စေ၊ ပြည်တော်ပြန်မြန်မာနိုင်ငံသားများကို ဖြစ်စေ Quarantine ဝင်စေပြီး အသွားအလာကန့်သတ်စောင့်ကြည့်သည့်လုပ်ငန်းစဉ်အား ဖယ်ရှား၍ မည်သို့မျှမဖြစ်နိုင်သေးကြောင်း ပြောလိုပေသည်။ 

အယ်ဒီတာ ( ၂၄ - ၆ -၂၀၂၀)