News

POST TYPE

EDITORIAL

သူစိမ်းတွေလို နေကြမယ်
24-Jun-2020


“နှုတ်မဆက်နဲ့ ငါ့ကိုနင်လေ ပစ်သွားရက်ပါရင် ... လွမ်းလည်း မလွမ်းချင်ဘူး ... အမှတ်တမဲ့ နင်လေထွက်သွားပါ ... သူစိမ်းတစ်ယောက်လို ငါ့ကိုနင်လေ ပြန်တွေ့တဲ့အခါမှာ နှုတ်မဆက်လိုက်ပါနဲ့ မမြင်သလိုနေလိုက်ပါ”

အွန်လိုင်းပလက်ဖောင်းမှာ အမှတ်မထင် နားထောင်လိုက်ရတဲ့ သီချင်းလေးတစ်ပုဒ်။ အဆိုတော် (ဦး) စိန်လွင်ရဲ့ တစ်ခေတ်တစ်ခါက သီချင်းလေး။ နောက်ပိုင်း ပြန်ဆိုထားတာတွေလည်းရှိတယ်။ ထားပါလေ၊ ကျွန်တော့်က ဒီသီချင်းလေးအကြောင်း ပြောချင်တာမဟုတ်ဘူး။ သီချင်းလေးကို နားထောင်ပြီး ဆက်တွေးမိတဲ့ အတွေးစတွေကို ဖြန့်ခင်းပြချင်တာ။ 

ကျွန်တော်တို့ မြန်မာလူမျိုးဆိုတာ ကိုယ့်အိမ်ကို ဧည့်သည်လာမှာကို မျှော်တတ်ကြတဲ့သူမျိုးတွေ။ ဧည့်သည်တစ်ယောက်လာပြီဆိုရင် လိုလေ သေးမရှိ ဧည့်ခံတတ်ကြတယ်။ အိမ်ရှင်ဝတ္တရား မကျေပွန်မှာ ကြောက်တတ်ကြတဲ့လူမျိုး။ ဧည့်သည်ကိုချစ်တယ်။ ဧည့်သည်ကို တန်ဖိုးထားတယ်။ ကိုယ့်အိမ်ကို ဧည့်သည်များများလာရင် “အိမ်သာလို့ ဧည့်လာတာ” ဆိုပြီး ဂုဏ်ယူတတ်ကြတယ်။ အခုတော့ ဧည့်သည်လာမှာ ကြောက်နေကြသတဲ့။

ရန်ကုန်မှာ နှစ်အတန်ကြာ အလုပ်လုပ်နေပြီး COVID ကြောင့် ဇာတိရပ်ရွာကို ပြန်လာတဲ့ တပည့်လေးတစ်ယောက်က ရင်ဖွင့်တယ်။

“ဒီတစ်ခါ ရွာပြန်လာတာတော့ အတော်ခံစားရတယ် ဆရာ၊ ရွာရောက်တယ်ဆို ကွာရန်တင်းဝင်ရတယ်၊ ကျန်းမာရေးအတွက်ဆိုတော့ လိုက်နာရတာပေါ့ဆရာ၊ အဲဒီကထွက်ရင် အပေါင်းအသင်း မိတ်ဆွေ တွေနဲ့ အားရပါးရ တွေ့လိုက်မယ်ဟဲ့ဆိုပြီး အားခဲထားတာ၊ ဘယ်ဟုတ်မလဲ ဆရာရယ်၊ သူစိမ်း၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ မဆိုထားနဲ့ အမျိုးအရင်း ဦးလေးတွေ၊ အဒေါ်တွေအိမ်ကတောင် လှိုက်လှိုက်လှဲလှဲ မရှိကြဘူး၊ ရန်ကုန်ပြန်မို့လို့တဲ့၊ ကျွန်တော်များ အိမ်လည်သွားပြီဆို အိမ်ရှေ့ကို အတင်း ထွက်လာပြီး စကားပြောကြတယ်၊ အိမ်ထဲကိုဝင်မှာ စိုးလို့တဲ့လေ၊ အခုတော့ အကုန်လုံးက သူစိမ်းတွေလို ဖြစ်နေကြပါပြီ ဆရာရယ်”တဲ့။ သြော် အခြေအနေတွေက သူစိမ်းဆန်လွန်းလှပါတယ်လေ။

ဒီရက်ထဲ အတော်လေး ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်က သူ့သားရဲ့ မင်္ဂလာဆောင်ဖိတ်တယ်။ ဒီလိုကာလကြီးမှာ ဆောင်ချင်လွန်းလို့ ဇွတ်ဆောင်တာမျိုးတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်လလောက် ကတည်းက စီစဉ်ပြီးသားမို့ မဖြစ်မနေလုပ်ရတဲ့ ပွဲမျိုးပါ။ မင်္ဂလာဆောင် အိမ်ကို ရောက်တော့ အိမ်ထဲတန်းမဝင်ရဘူး။ ငါးယောက်တစ်တွဲ ဝင်ကြရတယ်။ မင်္ဂလာမဏ္ဍပ်ရဲ့ အပြင်ဘက်လမ်းမှာ ဟိုစုစု ဒီစုစုနဲ့ပေါ့။ အလှည့်ကျတဲ့ အခါဝင်၊ လက်ဖွဲ့စရာရှိတာဖွဲ့၊ ဧည့်ခံကျွေးမွေးတာကို ခပ်သုတ်သုတ် စားပေါ့။ မင်္ဂလာဆောင်က ပြန်လာတော့ လမ်းမှာ မိတ်ဆွေနှစ်ယောက်နဲ့တွေ့တယ်။ ဘယ်ကပြန်လာတာလဲမေးလို့ မင်္ဂလာဆောင်က ပြန်လာတဲ့ အကြောင်း ကျွန်တော်ကဖြေလိုက်တော့ သူတို့ကိုလည်း ဖိတ်တယ်တဲ့။ ဒါဆိုဘာလို့ မင်္ဂလာဆောင် မသွားဖြစ်တာလဲ မေးလိုက်တော့ တစ်ယောက် က “ငါက အလောတကြီး မစားတတ်ဘူးဟ”လို့ ပြန်ဖြေတယ်။ နောက် တစ်ယောက်ကတော့ လက်ဖွဲ့စရာ ပိုက်ဆံမရှိလို့တဲ့။ သြော် အခြေအနေတွေက စိမ်းပြင်ပြင်စိမ်းနေကြရပါပေါ့။ 

COVID ကြောင့် အားလုံးလမ်းတွေပျောက် စမ်းတဝါးဝါးတွေဖြစ်နေပြီ။ ကမ္ဘာတစ်ဝန်းမှာလည်း စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့နယ်ပယ်ပေါင်းစုံမှာ ဘယ်တုံးကမှ မကြုံဖူးတဲ့ အခက်အခဲတွေ အကျပ်အတည်းတွေနဲ့ ကြုံနေရတယ်။ ကမ္ဘာကြီးရဲ့ ကျန်းမာရေး အခြေအနေကို မှန်းဆလို့မရဘူး။ ကာလတစ်ခုမှာ အရှင်းပျောက်သွားမှာလား၊ နာတာရှည် ရောဂါသည်ကြီးအဖြစ် ဆက်သွားမလားဆိုတာ မရေရာဘူး။ လက်ရှိကြုံတွေ့နေရတဲ့ COVID ဆိုတဲ့ ငနဲက ခန့်မှန်းရခက်တယ်။ COVID မာယာ သဲကိုးဖြာလို့တောင် ဆိုရမလားပဲ။

COVID ကူးစက်ခံရရင် စိုးရိမ်ရသလားဆိုတော့ စိုးရိမ်ရတယ်၊ ဒါပေမဲ့ မစိုးရိမ်ရဘူးလို့ပြောရင်လည်း ပြောလို့ရပြန်ရော။ သေနိုင်သလားဆိုတော့ သေနိုင်တယ်၊ ဒါပေမဲ့ မသေနိုင်ပါဘူးလို့ ပြောရင်လည်း ပြောလို့ရနေပြန်ရော။ ဟုတ်တယ်လေ၊ ကိုယ်ခံအား ကောင်းပါတယ်ဆိုတဲ့ အသက် ငယ်ငယ်ရွယ်ရွယ် ဂျပန်ဆူမိုနပန်းသမားတစ်ယောက် ကိုဗစ်ကူးစက်ခံရပြီး သေဆုံးသွားတဲ့သတင်းဖတ်လိုက်ရသလို အသက်တစ်ရာကျော် အဘွားကြီးတွေ ကိုဗစ်ကူးစက်ခံရပေမယ့် ပြန်လည်ကျန်းမာလာတဲ့သတင်းကိုလည်း ဖတ်လိုက်ရတော့ ဘာမှပုံသေမှတ်လို့ မရဘူးဖြစ်နေတယ်။ ဘယ်နိုင်ငံမှလဲ မထိန်းချုပ်နိုင်သေးဘူး။ ငုပ်လိုက်ပေါ်လိုက်ပဲ။ ကာကွယ် ဆေးထုတ်လုပ်ရေးမှာလည်း နိုင်ငံတိုင်းက ကိုယ့်အစီအစဉ်နဲ့ကိုယ် ကြိုးစားနေဆဲအဆင့်မှာပဲရှိပါသေးတယ်။ ရလာခဲ့ရင်လည်း အားလုံး လက်လှမ်းမီနိုင်ဖို့က အချိန်ပေးရဦးမှာပါ။ အဲဒီတော့ ကျွန်တော်တို့က ပုံစံအသစ်တစ်ခုနဲ့ နေနိုင်အောင် ကြိုးစားဖို့ပဲ ရှိတော့တယ်။ အဲဒီပုံစံအသစ်က သူစိမ်းတွေလို နေကြမယ့်ပုံစံပဲပေါ့။

 ကျွန်တော်တို့ သူစိမ်းတွေလို နေနိုင်ကြမလား။ ပင်ကိုဗီဇ ရင်းနှီးဖော်ရွေတတ်တဲ့ ကျွန်တော်တို့လူမျိုးဟာ ခပ်စိမ်းစိမ်းနေနိုင်ကြပါ့ မလား။ မောင်နှမ၊ ဆွေမျိုးသားချင်း အချင်းချင်း အခန့်မသင့်လို့ စကားများ ရန်ဖြစ်ပြီး မခေါ်မပြောဘဲ နေကြရင်တောင် တစ်သက်လုံးစိမ်းသွားသူကရှားပါတယ်။ ကာလတစ်ခုမှာ ပြန်ခေါ် ပြန်တည့်ကြတာပါပဲ။ အိမ်မှာ ဒီအကြောင်း အဖေ့ကိုပြောပြဖြစ်တော့ အဖေက “မင်းတို့ဟာက စိမ်းရင်လည်းစိမ်း၊ ကျက်ရင်လည်းကျက် စိမ်းသလိုလို ကျက်သလိုလိုနဲ့ မစိမ်းမကျက်ကြီးတော့ မဖြစ်စေနဲ့”တဲ့။ ဆိုင်ကယ်တစ်စီးတည်း ပူးပူးကပ်ကပ် အတူစီးလာပြီး စားသောက်ဆိုင်ရောက်မှ နှစ်ယောက်ကြား စည်းသားထားရုံနဲ့ သူစိမ်းဆန်သွားပါ့မလား။ Mask တစ်ခုကို တစ်လ ကိုးသီတင်းတပ်ပြီး နေလိုက်ရုံနဲ့ မျက်နှာပေါ်က အပြုံးတွေ ပျောက်ကွယ်ပြီး သူစိမ်းဆန်သွားပါ့မလား။

တပည့်တစ်ယောက်နဲ့ စကားစပ်မိလို့ပြောရင်း သူပြောတာလေး သဘောကျမိလို့ မှတ်ထားတာလေးရှိတယ်။ “ဆရာရယ်၊ ကိုဗစ်ဆိုတာ ကြီးကို ပုံတွေထဲမှာ မြင်ရတာ လုံးလုံးပုံကြီး၊ အဲဒီတော့ ကိုဗစ်သာ ဘောလုံးတစ်လုံးဖြစ်ရင် ကောင်းမှာပဲ”တဲ့။ “ဟ... ဘာလို့ ဘောလုံး ဖြစ်ချင်ရတာလဲ”လို့ မေးလိုက်တော့ “ဒီလိုလေ ဆရာရဲ့၊ ကျွန်တော်တို့ နိုင်ငံက ဘော်လီဘော ပုတ်တာတော်ကြတယ်လေ၊ ဒီတော့ ကိုဗစ်သာ ဘောလုံးဆိုရင် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ပုတ်တာနဲ့ သေသွားနိုင်တယ်လေ”တဲ့။ ပြောရင်း နှစ်ယောက်သား ဟက်ဟက်ပက်ပက် ရယ်ခဲ့မိတယ်။ ခပ်စိမ်းစိမ်းအကြည့်တွေနဲ့ အပြန်အလှန် ပုတ်ထုတ်နေကြတဲ့မြင်ကွင်းကို မြင်ယောင်ရင်းပေါ့။

စာလေးတစ်ပုဒ် ဖတ်ဖူးတယ်။ လောကမှာ အတ္တကို ဗဟိုပြုတာ များသွားရင် အားလုံးဟာ သူစိမ်းတွေလို ဖြစ်သွားလိမ့်မယ်တဲ့။ မိဘနဲ့ သား၊ သမီး လိုက်လျောမှုမရှိ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေနဲ့ အတ္တကို ဗဟိုပြုတာ များသွားရင် မျက်ရည်တွေများစွာနဲ့ သူစိမ်းတွေ ဖြစ်သွားတတ်တယ်။ အစ်ကို၊ အစ်မ၊ ညီ၊ ညီမ အနစ်နာခံယူဖို့မရှိ ရယူပိုင်ဆိုင် ခြင်းတွေနဲ့ အတ္တကို ဗဟိုပြုတာများသွားရင် နာကြည်းချက်တွေ များစွာ နဲ့ သူစိမ်းတွေ ဖြစ်သွားတတ်တယ်။ မိတ်ဆွေ၊ သူငယ်ချင်းကြား ယုံကြည်မှု မရှိ မနာလိုဝန်တိုခြင်းတွေနဲ့ အတ္တကို ဗဟိုပြုတာများသွားရင် မကျေနပ် ချက်ပေါင်းများစွာနဲ့ သူစိမ်းတွေ ဖြစ်သွားတတ်တယ်။ ချစ်သူရည်းစား နားလည်မှုမရှိ အထင်လွဲမှားခြင်းများစွာနဲ့ အတ္တကို ဗဟိုပြုတာ များသွားရင် ရင်နာနာ မမေ့နိုင်စရာတွေ များစွာနဲ့ သူစိမ်းတွေ ဖြစ်သွားတတ်တယ်။ လူ့ပတ်ဝန်းကျင်မှာ စာနာ ဖေးမမှုမရှိ အစွန်းရောက်ဝါဒတွေနဲ့ အတ္တကို ဗဟိုပြုတာများသွားရင် အဆင်မပြေ ပြဿနာများစွာနဲ့ သူစိမ်းတွေ ဖြစ်သွားတတ်တယ်။

ဒီလိုမျိုး အတ္တကို ဗဟိုပြုပြီး သူစိမ်းဖြစ်သွားတာက နှလုံးသားကနေ စိမ်းသွားတာ။ အခု ကျွန်တော်တို့ နေကြရမယ့် သူစိမ်းဆိုတာက နှလုံးသားကနေ စိမ်းစရာမလိုဘူး။ နာကြည်းခြင်းတွေနဲ့ စိမ်းမှာ မဟုတ်ဘူး။ အမုန်းတရားတွေနဲ့ စိမ်းမှာမဟုတ်ဘူး။ ကိုဗစ်ဆိုတဲ့ ငနဲတစ်ကောင် လက်ဆင့်ကမ်း ပြန့်ပွားမသွားနိုင်အောင် ခပ်ဝေးဝေးနေပြီး စိမ်းကြရမှာ။ ခပ်ခွာခွာနေကြမယ်။ ဒါပေမဲ့ မျက်လုံးစိမ်းတွေနဲ့ ကြည့်စရာမလိုဘူး။ ပူးပူးကပ်ကပ် မနေကြဘူး။ ဒါပေမဲ့ ဆတ်ဆတ်ထိမခံ တွန်းထုတ်ပစ်ဖို့လည်း မလိုပါဘူး။ မျက်နှာချင်းဆိုင်တွေ့ရင် ပြုံးပြကြမယ်။ မမြင်ချင်ယောင် ဆောင်စရာမလိုဘူး။ ကာလတစ်ခုထိ ကျွန်တော်တို့ စိမ်းနေကြ မယ်။ ကမ္ဘာကြီး ဖျားနေတဲ့အချိန်အတွင်း ခဏတာသူစိမ်းတွေ ဖြစ်ကြမယ်။ တစ်နေ့ ကမ္ဘာကြီး ကျန်းမာလာတဲ့အခါ အားရပါးရ ပွေ့ဖက်နှုတ်ဆက်ဖို့ အားမွေးထားရင်းပေါ့။

မိုးသောက်ထွန်း