News

POST TYPE

EDITORIAL

ကျွန်ုပ်တို့၏ အခြေခံအသိတရား
24-Jun-2020
မကြာသေးခင်က ဟားဗက်တက္ကသိုလ်က ထုတ်ဝေလိုက်သည့် စာအုပ်တစ်အုပ်၏ အမည်မှာ ရိုးရိုးလေးဖြင့် စိတ်ဝင်စားစရာကောင်းလှသည်။ 

' Think for Yourself '

'ကိုယ့်အတွက်ကိုယ်စဉ်းစားပါဦး' ဟု ဆိုရမည်ထင်သည်။ ယင်းစာအုပ်အဖုံးတွင် အဆိုပါခေါင်းစဉ်နှင့်အတူ စာအုပ်အကြောင်း ထပ်မံရေးသားထားသည့် ဖော်ပြချက်တစ်ခုက စဉ်းစားစရာများကိုပို၍ပင်ပေးနေပေသည်။ 

'Restoring Common Sense in an Age of Experts and Artificial Intelligence' ဟူ၍။ 'ဆရာကြီးများနှင့် အသိဉာဏ်အတုဆိုသည့် နည်းပညာများ ကြီးစိုးသောခေတ်တွင် အခြေခံအသိတရားကို ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ခြင်း' ဟု ဆို၍ရမည်ထင်ပါသည်။ 

အဆိုပါစာအုပ်ကို PDF Version ဖြင့် Download လုပ်ယူနိုင်သော စာအုပ်အညွှန်းပေ့ချ်တစ်ခုက တင်ထားခြင်းဖြစ်ပေသည်။ သည်ဘက်ခေတ် နိုင်ငံရေး၊ စီးပွားရေး၊ ကမ္ဘာ့အရေးအစရှိသည့် စာအုပ်ကောင်းများစွာကိုလည်း အဆိုပါပေ့ချ်တွင်တွေ့ရပေသည်။

ယခုညွှန်းဆိုသော စာအုပ်ကိုကျွန်ုပ်တို့ သတင်းစာအယ်ဒီတာအဖွဲ့အနေနှင့် မဖတ်ရှုရသေးပေ။ သို့အတွက်ကြောင့် စာအုပ်ထဲတွင် မိမိ၏ စစ်မှန်သော အကျိုးစီးပွားတို့၊ အခြေခံအသိတရားတို့နှင့်ပတ်သက်၍ မည်သို့မည်ပုံရေးသားထားသည်ကို မသိကြောင်း ပွင့်လင်းစွာဝန်ခံလိုပါသည်။ 

သို့သော် နည်းပညာတွေ အံ့မခန်းတိုးတက်လာသည်နှင့်အမျှ၊ လူမှုကွန်ရက်အပေါ်မှီခို အားထားမှု (သုံးစွဲမှု)  အလွန်အမင်းမြင့်မားလာသည်နှင့်အမျှ၊ သိချင်စရာ (သိနိုင်စရာ)သတင်းအချက်အလက်တွေနှင့် အကြောင်းအရာတွေ အဆမတန်များပြားလာသည်နှင့်အမျှ လူသားတိုင်းမဖြစ်မနေရှိရမည့် Common Sense ခေါ် အခြေခံအသိတရားကိစ္စမှာ အမေ့ခံဘဝရောက်လာခြင်းကြောင့် ဟားဗက်တက္ကသိုလ်က အဆိုပါစာအုပ်ကိုရေးသားထုတ်ဝေသည်ဟု ယေဘုယျသုံးသပ်မိပါသည်။ 

မှန်လည်းမှန်ပါသည်။ ယနေ့ဆိုရှယ်မီဒီယာခေတ်သည် လွတ်လပ်စွာပြောဆိုခွင့်ဆုံးရှုံးကွယ်ပျောက်ခဲ့သော ယခင်ခေတ်အဆက်ဆက်ကထက်စာလျှင် လွတ်လပ်မှု အဆမတန်ရရှိလာသောခေတ်ဖြစ်သည်မှာမှန်သော်လည်း တစ်ဖက်တွင်လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နှင့်အတူ လွတ်လပ်စွာဆဲဆိုခွင့်၊ ပုတ်ခတ်ခွင့်၊ စော်ကားခွင့်ရသလိုအနေအထားမျိုးဖြစ်နေသည်ကို သတိပြုကြည့်လျှင်သိနိုင်ပေသည်။ 

တစ်နည်းဆိုရလျှင် သိစရာ၊ ပြောစရာ၊ ဝေမျှစရာအကြောင်းအရာများ ပေါက်ကွဲလုမတတ်များပြားလာပြီး Artificial Intelligence ဟုခေါ်သည့် အသိဉာဏ်အတုအပေါ် မှီခိုအားထားမှုမြင့်တက်လာချိန်တွင် စဉ်းစားချင့်ချိန်မှု၊ ဝေဖန်ဆန်းစစ်မှု စသည် ဆင်ခြင်တုံတရားကိစ္စမှာ အားနည်းသလိုဖြစ်လာပေသည်။ 

ပို၍ဆိုးသည်မှာ အမှားတို့ကို တကယ့်အဟုတ်အမှန်ထင်မှတ်လာခြင်းမျိုး ဖြစ်ပေသည်။ ထိုသို့ဖြစ်ရခြင်းမှာလည်း အမှန်တကယ် တတ်သိနားလည်သူတို့၏ ပူးပေါင်းပါဝင်မှုနှင့် ဝေမျှလိုမှုတို့ လျော့ပါးလာကြ၍ဖြစ်သည်။ ဆိုရှယ်မီဒီယာပေါ်တွင် ရင့်ရင့်သီးသီးဆဲဆိုတတ်သူများ၏ ကွန့်မင့်များကိုကြောက်၍လည်း ဝေမျှလိုမှုနည်းပါးလာခြင်းလည်းဖြစ်ဟန်ရှိပေသည်။ ထိုသို့ တတ်သိသူများ အဆဲခံရမည်ကို စိုးရိမ်၍ ဆိုရှယ်မီဒီယာနှင့်ဝေးရာတွင်နေထိုင်လေ၊ တတ်ယောင်ကားများ နေရာရလေ၊ အမှားတွေအမှန်ဖြစ်လာလေပင်ဖြစ်ပေသည်။ 

မြန်မာနိုင်ငံတည်ဆောက်ရေးတွင် နည်းပညာများသာမက အသိဉာဏ်အတု (Artificial Intelligence)ရော၊ အသိဉာဏ်အစစ်များပါ သေချာပေါက် လိုအပ်ပေသည်။ သို့သော် မြန်မာ့လူ့အဖွဲ့အစည်း၏ အနာဂတ်လှပအောင် ဖန်တီးရေးအတွက်မူ နိုင်ငံသားအတော်များများတွင် နည်းပညာဆိုသည်ထက် အခြေခံအသိတရားတို့၊ ဆင်ခြင်တုံတရားတို့ကြီးစိုးနေမှသာ ဖြစ်နိုင်ခြေရှိပေမည်။ သို့မှသာ မိမိအတွက်ရော၊ မိမိတိုင်းပြည်အတွက်ပါ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ဖော်ပြလိုက်ရပေသည်။ 

အယ်ဒီတာ (၂၃ - ၆ - ၂၀၂၀ )