News

POST TYPE

EDITORIAL

အသစ်တစ်ခုဖန်တီးချင်လျှင်
23-Jun-2020
ကော်ပိုရိတ်ဘိဇနက်နှင့် စီမံခန့်ခွဲရေးလောကတွင် ဂုရုတစ်ဦးဖြစ်ခဲ့သူ ပီတာဒရက်ကာ၏ နာမည်ကျော်မှတ်ချက်စကားတစ်ခွန်းမှာ စီမံခန့်ခွဲရေးလောကအတွက်သာမက အခြားနယ်ပယ်များအတွက်ပါ အသုံးဝင်ပေသည်။ "]If you want something new, you have to stop doing something old" ဟူသည့် မှတ်ချက်ဖြစ်ပါသည်။ 

အပြောင်းအလဲတစ်ခုခု ဒါမှမဟုတ် အသစ်တစ်ခုခုကိုလိုချင်ပါသည်ဟု မည်သို့ပင်ကြွေးကြော်နေစေကာမူ ယခင်ပုံစံအတိုင်းသာ ရှေ့ဆက်နေမည် လမ်းဟောင်းအတိုင်းသွားနေမြဲဆက်သွားနေမည်ဆိုပါက ဘယ်ကိုမှလည်းရောက်မည် မဟုတ်သလို ဘာကိုမှလည်း အသစ်ဖြစ်အောင်လုပ်နိုင်မည်မဟုတ်ဆိုသော သဘောမျိုးဖြစ်သည်။ 

တစ်နည်းပြောရလျှင် မိမိလူ့အဖွဲ့အစည်းနှင့် တိုင်းပြည်ကို ကမ္ဘာ့အဆင့်မြင့် နိုင်ငံကြီးတွေနှင့် ပခုံးချင်းယှဉ်နိုင်သည့် အဆင့်ရောက်အောင် မလုပ်နိုင်လျှင်သော်လည်း၊ အခြားဖွံ့ ဖြိုးဆဲနိုင်ငံများကဲ့သို့ ဖွံ့ဖြိုးမှုအရှိန်မြင့်တက်စေလိုသူများ (ဥခွံတွင်းမှ အပြင်ဘက်သို့ထွက်လိုသူများ)အနေနှင့် တွေးခေါ်စဉ်းစားပုံစဉ်းစားနည်း ကစ၍ ပြောင်းလဲပစ်ရန်လိုအပ်သည်ဟု ဆိုလိုပေသည်။ 

မြန်မာတို့သည် ရာစုနှစ်ဝက်ကျော်ကာလလောက် တင်းကျပ်သည့် ခေတ်စနစ်အောက်သို့ရောက်ခဲ့သလို သင်ယူခဲ့ရသော ပညာရေးမှာလည်း စဉ်းစားတတ်အောင် သင်ကြားပေးသည့် ပညာရေးမျိုးမဟုတ်ဘဲ အလွတ်ကျက်မှတ်မှုကို အသားပေးသည့် ပညာရေးစနစ်မျိုးဖြင့် ကာလကြာရှည်စွာထိတွေ့ခဲ့ရသည်ဖြစ်ရာ အပြောင်းအလဲ သို့မဟုတ် အသစ်တစ်ခုခုကို အလွယ်တကူလက်ခံကျင့်သုံးရန် ဝန်လေးတတ်ကြပေသည်။ 

သို့အတွက်ကြောင့် မိမိနိုင်ငံတွင်း (ပြည်တွင်း)၌ မိမိကျင်လည်ရာ ပတ်ဝန်းကျင်၊ အလုပ်အကိုင်နှင့် ဌာနများတွင် မည်မျှပင်လက်မထောင်နိုင်စေကာမူ ပြည်ပနိုင်ငံများမှ ပုဂ္ဂိုလ်များ၊ အထူးသဖြင့် စဉ်းစားတတ်အောင် လေ့ကျင့်သင်ကြားခြင်း ခံထားရသူများနှင့်တွေ့လျှင် နွာခြေရာခွက်အတွင်းက ဖားသူငယ်မြစ်ချောင်းကြီး များနှင့်တွေ့လိုက်ရသကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံကြရပေသည်။ 

ယခုအခါ Facebook ကဲ့သို့သော လူမှုကွန်ရက်မီဒီယာများကြောင့် မြန်မာတို့အနေနှင့် ကမ္ဘာကြီးအကြောင်း၊ အခြားနိုင်ငံနှင့် ယဉ်ကျေးမှုများအကြောင်းကို သိရှိမြင်တွေ့ခွင့်ရလာပြီဖြစ်ပါသည်။ နည်းပညာအမျိုးမျိုးကြောင့် မျိုးဆက်သစ် မြန်မာလူငယ်များအနေနှင့် အခြားနိုင်ငံများမှ မျိုးဆက်သစ်များအကြား ယခင်ကလို ကြီးမားသည့်ကွာဟချက်မျိုးမှာ တဖြည်းဖြည်းချင်း နည်းပါးလာသည်ကို တွေ့ရသည်။ 

နည်းပညာများကိုယ်တိုင်ကလည်း ကမ္ဘာကြီးပေါ်၌ အသိဉာဏ်ဗဟုသုတနှင့် ပတ်သက်၍ ကွာဟချက်မကြီးမားစေရန် အံ့မခန်းစွမ်းဆောင်လာနိုင်ပြီဖြစ်ရာ မြန်မာတို့အနေနှင့် နည်းပညာများ၏ အားသာချက်ကို ကောင်းစွာအသုံးချပြီး မိမိတို့ဖြတ်သန်းလာသော သမိုင်းကြောင်းများထဲက အဆိုးများကိုရှောင်ရှားပြီး အားအကောင်းဆုံးအချက်များကို ဆောင်နိုင်အောင် ကြိုးပမ်းနိုင်ရေးသာအရေးကြီးပေသည်။ 

သို့အတွက်ကြောင့် မြန်မာ့လူ့အဖွဲ့အစည်း၏ နယ်ပယ်အသီးသီးရှိ ခေါင်းဆောင်များနှင့် နိုင်ငံသူနိုင်ငံသားများ၏ ခံယူချက်၊ စိတ်သဘောထားနှင့် အသိဉာဏ်ပညာတို့ကို မြှင့်တင်နိုင်သလောက် မြှင့်တင်ထားကြရပါမည့်အကြောင်း အကြံပြုလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ ( ၂၂ - ၆ - ၂၀၂၀ )