News

POST TYPE

EDITORIAL

လူမှုစံနှုန်းများနှင့် ဆိုရှယ်မီဒီယာပေါ်ကပါဝါ
22-Jun-2020
ပြီးခဲ့သည့် သီတင်းပတ်က The Voice Daily သတင်းစာ၏ Web Team မှ တာဝန်ရှိသူများက အယ်ဒီတာအဖွဲ့ကို အရေးကြီးကိစ္စတစ်ခုလှမ်းအကြောင်းကြားလာသည်။ 

'ကာတွန်းတစ်ပုဒ်ကို Facebook က Ban လိုက်တယ်'

လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြခဲ့သော ကာတွန်းတစ်ပုဒ်ကို Facebook Team က Community Standard တို့၊ Social Standard တို့နှင့် ကိုက်ညီမှုမရှိဟုဆိုကာ ဖယ်ရှားလိုက်ခြင်းဖြစ်ပေသည်။ 

ကာတွန်းဆရာက မြန်မာနိုင်ငံထဲသို့ တရားမဝင်ဝင်ရောက်လာသူများသည် Quarantine စင်တာများတွင် ကန့်သတ်စောင့်ကြည့်ခံရခြင်းမရှိသည့်အတွက် ၎င်းတို့မှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်လာနိုင်သည့် အန္တရာယ်ရှိသောအချက်ကို ရေးဆွဲထားခြင်းဖြစ်ပါသည်။သံဆူးကြိုးကိုကျော်၍ ဝင်လာသူကာတွန်းဇာတ်ကောင်၏ နောက်တွင်ဗိုင်းရပ်စ်များကပ်ပါလာပုံကို သရုပ်ဖော်ထားခြင်းဖြစ်သည်။ 

သို့သော် Facebook Team ၏ အမြင်တွင် သို့မဟုတ် သံသယပါသော ရှုထောင့်မှကြည့်လျှင် ယင်းပုံသည် ဒုက္ခသည်များ၊ အထူးသဖြင့် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဘက်သို့ ပြန်ဝင်လာသည့် ဒုက္ခသည်များကို လှောင်ပြောင်ထားသလိုဖြစ်နေသောကြောင့် ပို့စ်ဖယ်ရှားခံလိုက်ရခြင်းဖြစ်ဟန်ရှိပါသည်။ 

နိုင်ငံထဲသို့ ဗိုင်းရပ်စ်ဝင်နိုင်ခြေရှိသည့်လမ်းကြောင်းများအနက် တစ်ခုကို သတိပေးထောက်ပြထားခြင်းသာ ဖြစ်မှန်းသိသော်လည်း ထင်မှတ်မှားခံရခြင်းအတွက် အယ်ဒီတာအဖွဲ့အနေနှင့် စိတ်မကောင်းဖြစ်ရပါသည်။ ဘာသာရေး၊ လူမျိုးရေးနှင့် အသားအရောင်ခွဲခြားမှု စသည့် အကဲဆတ်သောအရေးကိစ္စများနှင့် ရင်ဆိုင်ကြုံတွေ့နေရသော ယနေ့ခေတ်ကမ္ဘာကြီးထဲတွင် ပို၍ပင် စိတ်မကောင်း ဖြစ်မိပေသည်။ 

သို့သော် Facebook ၏ လုပ်ဆောင်မှုမှားသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ လူမှုကွန်ရက်များအနေနှင့် အကဲဆတ်သည့် အရေးကိစ္စကြီးများ၊ တစ်နည်းအားဖြင့် မတူညီသော လူ့အသိုင်းအဝိုင်းများအကြား ပြဿနာတက်စေနိုင်သောအကြောင်းအရာများကို ယင်းသို ထိထိရောက်ရောက် ကိုင်တွယ်မဖြေရှင်းထားနိုင်ပါမှ အမှိုက်ကစပြာသာဒ်မီးလောင်သော အဖြစ်မျိုးမှ ရှောင်ရှားနိုင်မည်ဖြစ်ပေသည်။ ကမ္ဘာပေါ်တွင်ဖြစ်ပေါ်ခဲ့သော ပဋိပက္ခကြီးများအနက် အချို့မှာ မထင်မှတ်ထားသော၊ အသေးအဖွဲဟုသာ ထင်ရသောကိစ္စများကြောင့်ပေါ်ပေါက်ခဲ့ရသည်မဟုတ်ပါလော။ 

မတူညီသည့် လူ့အသိုင်းအဝိုင်းတို့အကြား ပွတ်တိုက်မှုမရှိအောင် လက်ခံသဘောတူညီထားသည့် Social Standard ၊ Social Norms စသော လူမှုစံနှုန်းများကို လိုက်နာခြင်းသည့် ဆိုရှယ်မီဒီယာခေတ် လောကလူ့ဘောင်အတွက် လူသားကျင့်ဝတ်လိုက်နာခြင်း လည်းမည်ပေသည်။ 

ထို့ပြင် တစ်ဖက်ကကြည့်လျှင်လည်း ယင်းသို့ ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်တွင် မဖြစ်မနေထားအပ်၊ ရှိအပ်၊ ပြုအပ်သည့် ကတိကဝတ်ဖောက်ဖျက်သူများကို ကျောသား-ရင်သားမခွဲခြားဘဲသတိပေးခြင်း သို့မဟုတ် အရေးယူခြင်းတို့သည် တရားမျှတသော လူ့ဘောင်တစ်ခုကိုထူထောင်ခြင်းလည်းဖြစ်ပေသည်။ သာမန်သတင်းစာတစ်စောင်မဆိုထားနှင့်၊ ကမ္ဘာအရပ်ရပ်ဆီက အာဏာ ပါဝါကြီးမားသော စစ်ဘက်-အရပ်ဘက် ထိပ်တန်းပုဂ္ဂိုလ်ကြီးများသည်ပင် ယင်းစံနှုန်းများကို မလွဲဧကန် လိုက်နာကြရမည်သာပင်ဖြစ်သည်။ 

လိုရင်းပြောရလျှင် ဆိုရှယ်မီဒီယာခေတ်၏ သြဇာ၊ အာဏာ၊ ပါဝါတို့ဟူသည် လူမှုစံနှုန်းများ လေးစားလိုက်နာမှု မည်မျှအတိုင်းအတာအထိရှိသည်ဆိုသည့် အချက်အပေါ်မူတည်ပြီး ဒီဂရီအပြောင်းအလဲရှိနိုင်ကြောင်း ပြောလိုရင်းပင်။ 

အယ်ဒီတာ ( ၂၁ - ၆ - ၂၀၂၀ )