News

POST TYPE

EDITORIAL

အဆိုးထဲက အကောင်း
21-Jun-2020
“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးတစ်ကမ္ဘာလုံးမှာဖြစ်နေပြီ” လို့ဆိုတဲ့ သတင်း ဖြစ်လာတာယခုဆိုရင် လေးငါးလကျော်လာပြီပဲဖြစ်ပါတယ်။ “ကပ်ရောဂါကြီး” လို့ ဆိုလိုက်ကတည်းက သတင်းကောင်းတစ်ပုဒ်မဟုတ်ခဲ့တာတော့သေချာတာပေါ့။ 

ကိုဗစ်ကြီးနဲ့အတူ ကမ္ဘာတစ်ဝန်းမှာ ထူးထူးခြားခြားဆန်းဆန်းပြားပြား သတင်းတွေလည်းဖြစ်ခဲ့ပါတယ်။ အများစုကတော့ မကောင်းတဲ့သတင်းတွေပဲ များပါတယ်။ ွသသိ နြတျ ဆိုတာအတော်လေးကိုရှားပါးခဲ့ပါတယ်။ ဒီကြားထဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးမှာ ရှေ့ဆောင်စံပြနိုင်ငံသဖွယ်ဖြစ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုမှာ အသားအရောင်ခွဲခြားတယ်လို့ အလွယ်တကူယူဆစွပ်စွဲလို့ရတဲ့ သတင်းတစ်ပုဒ်ကဖြစ်ခဲ့ပါသေးတယ်။ အမေရိကန်တစ်ပြည်လုံးလည်း အဲဒီသတင်းကြောင့် အုန်းအုန်းကျွက်ကျွက်ဖြစ်ခဲ့ရတာကို စိတ်မကောင်းစရာတွေ့ရပါတယ်။ ဂျော့ဖလွိုက်အဓိကရုဏ်းကြီးလို့ဆိုရင်လည်းရမှာပါ။

ကပ်ရောဂါကြီးတိုက်ဖျက်နှိမ်နင်းရေးမှာ သမ္မတထရမ့်အစိုးရရဲ့ စီမံခန့်ခွဲပုံ တွေကို မကျေမနပ်ဖြစ်၊ သူ့အပေါ်အစာမကြေဖြစ်နေတဲ့ အမေရိကန်တွေဟာ ဂျော့ဖလွိုက်ဆိုတဲ့ လူမည်းတစ်ဦး မတရားအသတ်ခံလိုက်ရတဲ့ကိစ္စကို အကြောင်းခံပြီး ဒေါသတွေဖောက်ထုတ်ခွင့်ရသွားတာပါ။ လူဖြူ-လူမည်းခွဲခြားမှုတွေရပ်ဆိုင်းဖို့ ဆန္ဒပြကြတဲ့သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက နှိမ်နင်းတဲ့အခါမှာ ဒဏ်ရာရသွားတဲ့ သူတွေလည်း မနည်းမနောပါပဲ။ 

အဲဒီအထဲမှာ ဒဏ်ရာရသွားတဲ့ လူဖြူတစ်ဦးကို လူမည်းတစ်ဦးက မ,ချီထား တဲ့သတင်းဓာတ်ပုံတို့၊ ဒဏ်ရာရနေတဲ့ လူမည်းတွေကို အကူအညီပေးနေတဲ့ လူဖြူ တွေရဲ့ သတင်းဓာတ်ပုံတွေကို မြင်ရတာက အဆိုးထဲက အကောင်းလို့ပြောရမှာပါပဲ။ လူဖြူရဲတချို့နဲ့ လူမည်းတချို့လက်ဆွဲနှုတ်ဆက်နေတဲ့ သတင်းဓာတ်ပုံတွေလည်းရှိ ခဲ့ပါသေးတယ်။ အဲဒီ ဂျော့ဖလွိုက်အဓိကရုဏ်းကြီးကို စပ်စပ်စုစုနဲ့စောင့်ကြည့်ခဲ့တဲ့ စာဖတ်သူတွေဆိုရင် ယနေ့ခေတ်အမေရိကန်လူ့အဖွဲ့အစည်းမှာ လူဖြူ-လူမည်း တွေအကြားမှာ တကယ်ပဲ မုန်းတီးမှုတွေရှိနေတာ၊ လူမည်းတွေတကယ်ပဲဖိနှိပ်ခံ နေရလားဆိုတာကို ဆက်စပ်စဉ်းစားမိကြမှာပါပဲ။ 

အဲဒီလို သတင်းဆိုးတွေကြားက ကောင်းတဲ့သတင်းတစ်ပုဒ်လည်း ထူးထူးခြားခြားရှိခဲ့ပါသေးတယ်။ အဲဒါကတော့ ဂျာမနီနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ ရာမဒန်ဥပုသ်ကာလကုန်ဆုံးလို့ ဝတ်ပြုတဲ့အခါ Social Distancing Measure တွေကြောင့် ဗလီတစ်ခုမှာ နေရာအခက်အခဲဖြစ်နေတဲ့အတွက် ကက်သလစ်ခရစ်ယာန် ဘုရားရှိခိုးကျောင်းတစ်ခုက အဲဒီဘုရားကျောင်းထဲမှာ လာရောက်ဝတ်ပြုဖို့ နေရာ ထိုင်ခင်းပေးတဲ့သတင်းပါ။ 

ဂျာမန်တွေဟာ အရှေ့အလယ်ပိုင်းဒေသက ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် ဝင်လာလို့ မကျေမချမ်းဖြစ်နေကြတယ်၊ လူမျိုးရေးနဲ့ ဘာသာရေးတင်းမာမှုတွေ ဂျာမန်လူ့အဖွဲ့အစည်းထဲမှာ သန္ဓေတည်နေတယ်ဆိုတဲ့ စွပ်စွဲသံတွေထွက်ပေါ် နေတဲ့ကာလမှာ အဲဒီသတင်းဟာ အင်မတန် ကြည်နူးစရာကောင်းတဲ့သတင်း၊ Good News စစ်ပါပဲ။ အဆိုးထဲက အကောင်းလို့ ဆိုရမှာပါပဲ။ ဘယ်လောက်ဆိုးဝါးတဲ့ အခြေအနေပဲဖြစ်ဖြစ် အပေါင်းလက္ခဏာဆောင်တဲ့ကိစ္စတစ်ခုက ကပ်ပါလာစမြဲ ဆိုတာပါ။ အဲဒါကို Silver Lining လို့လည်းဆိုပါတယ်။ အင်္ဂလိပ်စကားလေ့လာတဲ့သူတွေ ကောင်းကောင်းသိကြပါတယ်။ 

လူဆိုတာ အကျပ်အတည်းဖြစ်လာရင် စိတ်ဓာတ် (စိတ်ရင်း) အမှန်ပေါ်စမြဲဆိုတာ အားလုံးကြားဖူးကြမှာပါ။ ယခုကပ်ရောဂါဆိုတဲ့ သတင်းဆိုးကြီး ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က မြန်မာနိုင်ငံကို စရောက်လာတဲ့အချိန်နောက်ပိုင်း မြန်မာ့လူ့အဖွဲ့အစည်းမှာလည်း မြန်မာတို့ရဲ့ စိတ်ရင်းအမှန်ကို အတိုင်းထက်အလွန်မြင်တွေ့ကြရမှာပါ။ အဲဒါကတော့ ဒုက္ခရောက်နေနိုင်တဲ့သူတွေ၊ အားနည်းနေတဲ့သူတွေကို ကူညီဖေးမကြ၊ လှူဒါန်းကြတာဟာလည်း ကြည်နူးစရာပါပဲ။ လူသိရှင်ကြားလှူကြတာရှိသလို လူမသိ သူမသိလှူကြတန်းကြတာတွေလည်း မနည်းမနောပါပဲ။ အင်မတန်အားရစရာ ကောင်းပါတယ်။ အဆိုးထဲက အကောင်းတွေပါပဲ။ 

တကယ်တော့ ပြဿနာတို့၊ အကျပ်အတည်းတို့ဆိုတာ ကိုဗစ်ဆိုတဲ့ရောဂါကြီးပေါ်လာမှမဟုတ်ပါဘူး။ လူတစ်ဦးချင်းစီကအစ မိသားစုတိုင်း အဖွဲ့အစည်းတိုင်း ရင်ဆိုင်ကြုံတွေ့ကြရမယ့် လောကဓံတွေပါပဲ။ အဲဒီအရာတွေကို အကြောင်းပြုပြီး အဆိုးတွေကို အကောင်းဖြစ်လာအောင် ဘယ်လိုရင်ဆိုင်ကြမလဲ၊ အဖြေရှာကြမလဲဆိုတာကပဲ လောကဓံအပေါ် အနိုင်- အရှုံးကိုအဆုံးအဖြတ်ပေးတာပါ။ အရေးကြီးတာက ဘယ်သူတွေ ဘယ်လောက်ဆိုးဆိုး ကိုယ်ကိုယ်တိုင်က မဆိုးဖို့နဲ့ ဘယ်သူတွေ ဘယ်လောက်တရားပျက်ပျက် ကိုယ်တရားမပျက်ဖို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတာ အဲဒီလို လူသားတွေ၊ လူ့အဖွဲ့အစည်းတွေသာ အဆိုးထဲကအကောင်းကို ဖမ်းဆုပ်နိုင်စွမ်းရှိလို့ပါပဲ။ 

အယ်ဒီတာ ( ၂၀ - ၆ - ၂၀၂၀ )