News

POST TYPE

EDITORIAL

ယုံယုံကြည်ကြည် လက်တွဲပါ
22-May-2020
ယမန်နေ့က လူမှုကွန်ရက်ပေါ်တွင် လူအများစိတ်ဝင်စားသည့် ဓာတ်ပုံတစ်ပုံတက်လာသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ စစ်ဘက်ခေါင်းဆောင်တစ်ဦးနှင့် မြန်မာတပ်မတော်မှ စစ်ဘက်အရာရှိကြီးတစ်ဦးတို့ ကိုဗစ်ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ရေးနှင့် ကုသရေးအထောက်အပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားတစ်ခု၌ ယှဉ်တွဲတွေ့မြင်ရသည့်ဓာတ်ပုံဖြစ်ပါသည်။ လူပြောသူပြောများသွားစေသည့် ဓာတ်ပုံဟု ဆိုလျှင်လည်းရပါမည်။ 

အကြောင်းမှာ စစ်ရေးအရရော နိုင်ငံရေးအရပါ အတော့်ကိုတင်းမာခဲ့သည့် အဖွဲ့အစည်းနှစ်ရပ်မှ ပုဂ္ဂိုလ်များကို မိတ်ဆွေများသဖွယ် တန်းတူရည်တူဆက်ဆံရေးမျိုးဖြင့် မြင်တွေ့ရသောကြောင့်ပင်။ ကပ်ရောဂါကြီးဆိုက်ရောက်ချိန်တွင် ရန်သူသဖွယ် အပြန်အလှန်သဘောမထားဘဲ မိတ်ဆွေကောင်းသဖွယ်သဘောထားသည့် အပြုအမူ အလုပ်အကိုင်မျိုးကိုတွေ့ရသည်မှာ ဝမ်းမြောက်စရာကိစ္စဖြစ်သည်ဟု အကောင်းမြင်သည့်ဘက်မှ ပြောလိုပေသည်။ 

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် နံပါတ် ၁ အဆင့်အရေးကြီးသောအရာများတွင် ယုံကြည်မှုသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်သည်မှာ အထူးရှင်းပြနေစရာမလိုဟုထင်ပါသည်။ 

ဒီမိုကရေစီအသွင်ကူးပြောင်းမှုစတင်ခဲ့သည့် ၁၀ နှစ်နီးပါးကာလအတွင်း နိုင်ငံတော်သစ်တစ်ရပ် လက်တွဲတည်ဆောက်နိုင်မည့် အခွင့်အရေးရရှိအောင် အရေးကြီးသည့် အုတ်မြစ်အချို့စတင်ထူထောင်နိုင်ခဲ့သည်မှာမှန်သော်လည်း အဆိုပါယုံကြည်မှုကိစ္စကြောင့် အရေးပါသော နိုင်ငံရေးအင်အားစုများအကြားလက်တွဲရန် ယနေ့အထိခက်ခဲနေကြသည်မှာ ဝမ်းနည်းစရာပင်။ 

ဒီမိုကရေစီ၏ အနှစ်သာရဟုဆိုနိုင်သော 'ဆန့်ကျင်ဘက် အယူအဆများ အပေါ်သည်းခံနိုင်စွမ်း' ကို မြန်မာ့နိုင်ငံရေး၏ အဓိကပလေယာများမှအစ နိုင်ငံသားအတော်များများအထိ မတွေ့ရဘဲဖြစ်နေခြင်းမှာလည်း ယုံကြည်မှုအားနည်းခဲ့ကြခြင်းကြောင့်သာဖြစ်ပေသည်။ 

သို့အတွက်ကြောင့် သမဂ္ဂအောက်တွင် စတင်ခြေစုံရပ်ပြီး နိုင်ငံရေးနယ်ပယ်ကို သူငယ်တန်းအဆင့်မှ စတင်လေ့လာကြမည့် လူငယ်တက္ကသိုလ်ကျောင်းသားများကအစ နိုင်ငံရေးဂုရုကြီးများအဆင့်အထိ 'ငါနှင့်မတူ ငါ့ရန်သူ' ဆိုသော စစ်အေးခေတ်အယူအဆဖြင့် ဂိုဏ်းဖွဲ့ရန်ဖြစ်လိုသည့်ဘက်သို့သာ ယိမ်းနေခဲ့ကြပေသည်။ 

အမှန်ဆိုရလျှင် ယနေ့မြန်မာတို့ရရှိထားသော အခွင့်အလမ်းသည် နှစ်များစွာ (အချိန်ကြာမြင့်စွာ)စောင့်ဆိုင်းပြီးမှ၊ (ဒီမိုကရေစီတော်လှန်ရေး တန်းတူညီမျှ အခွင့်အရေးရရှိရေးအတွက် အသက်သွေးချွေးသာမက မိသားစုများ၏ ဘဝများကိုပါ စတေးပြီးမှ) ရရှိလာသည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ရာ အချိန်ရှိခိုက်လုံ့လစိုက်ပြီး ယုံကြည်မှုများကို အလေးအနက်ထားတည်ဆောက်သင့်ပေသည်။ 

ယုံကြည်မှုဆိုသည်မှာ ပါးစပ်ကမည်သို့ပင် ကရားရေလွှတ်ပြောနေစေကာမူ တစ်ဦးနှင့်တစ်ဦး လက်တွဲလုပ်ကိုင်ရင်းနှင့်သာ အကြောင်းသိလာ၊ ရင်းနှီးလာပြီး တိုးတက်လာနိုင်သည့်အရာဖြစ်သောကြောင့် လက်တွေ့လက်တွဲလုပ်ကိုင်ကြည့်ခြင်းဖြင့် ယုံကြည်မှုကို တည်ဆောက်ကြရမည်ဖြစ်ကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ ( ၂၁ - ၅ - ၂၀၂၀ )