News

POST TYPE

EDITORIAL

မြန်မာတို့၏ အားကိုးရာအမှန်
20-May-2020
မြန်မာစကားပုံများတွင် “မြင်းကမလှုပ် ခုံကလှုပ်”၊ “ငါးပိသည်က အိပ်၊ ဆားသည်ကယပ်ခတ်ပေး” ဆိုသည်များကို စာဖတ်သူအတော်များများ ကြားဖူးကြ ပါမည်။ ယင်းတို့နှင့် ဆိုလိုရင်းတူသည့် စကားပုံနှင့် ဆိုရိုးများလည်းရှိလိမ့်မည်ဟု ထင်ပါသည်။ 

ကိုယ့်အလုပ်ကိုယ်လုပ်ကြရန်နှင့် ကိုယ့်အလုပ်ကိုယ်မလုပ်လျှင် လောက လူ့ဘောင်အဆင်ပြေချောမွေ့မှုမရှိနိုင်သည့် အချက်ကိုထောက်ပြရန် သတိပေးသည့် စကားပုံများလည်းဖြစ်ဟန်ရှိပေသည်။ 

“ဝန်ကြီးက ဝန်ကြီးအလုပ်လုပ်”၊ “ဖခင်က ဖခင်အလုပ်လုပ်၊ “သားက သားအလုပ်လုပ်” ကြမည်ဆိုလျှင် လူ့အဖွဲ့အစည်းကြီးသူ့အလိုအလျောက်စည်းလုံးနေမည်ဟု အာရှသားတို့၏ အတွေးအခေါ်နှင့် ယဉ်ကျေးမှုကို များစွာလွှမ်းမိုးမှုရှိခဲ့သည့် ကွန်ဖျူးရှပ်က ဆိုဆုံးမခဲ့ဖူးပေသည်။ 

တကယ်တမ်း ယနေ့လို အွန်လိုင်းခေတ် ဆိုရှယ်မီဒီယာ လူမှုကွန်ရက်ခေတ်တွင် ကိုယ့်အလုပ်ကိုယ်မလုပ်နိုင်ကြသူက ခပ်များများဖြစ်လာသည်။ ဝန်ကြီးအလုပ်၊ အဖေအလုပ်၊ သားအလုပ်၊ ငါးပိသည်အလုပ် ခွဲမရသလိုဖြစ်လာသည်။ အကြောင်းမှာ “ဝေဖန်ပိုင်ခွင့်” တို့၊ “ပြောရေးဆိုခွင့်” တို့ အကြီးအကျယ်ရနေခြင်းကြောင့်ပင်။ တစ်သက်နှင့် တစ်ကိုယ် မရခဲ့ဖူးသော ဝေဖန်ပိုင်ခွင့်မျိုးကိုရနေခြင်းလည်းဖြစ်ပေသည်။ Page ထောင်၍ ငါးပိရောင်းသည့်သူကအစ တိုင်းပြည်အုပ်ချုပ်နေသည့် ခေါင်းဆောင်များအထိ ဝေဖန်၍ရသည်။ 

သို့သော် ဝမ်းနည်းစရာကောင်းလှသည်မှာ Freedom of Speech ဆိုသည့် သင်ခန်းစာအတွက် အိမ်စာကောင်းကောင်းမလုပ်ခဲ့ကြရဘဲ (ဝါ) ထိုသင်ခန်းစာကို မသိကြဘဲ ဒီမိုကရေစီစာမေးပွဲဝင်ဖြေသည့် ပုံစံဖြစ်လာခြင်းပင်။ 

ကိုယ်မှန်သည်ဟု ထင်သည်နှင့် ဆတ်ဆတ်ထိမခံ ရန်စကားများပြောခြင်း၊ ဆဲရေးခြင်းတို့ကို Freedom of Speech ဟု တလွဲယုံကြည်လာကြသလို “ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်” သဘောမျိုးပြောတတ်သူ၊ “ငါ့အယူဝါဒ ကိုထိ ဓားကိုကြည့်” ဆိုသည့် စရိုက်ရှိခြင်းသည်ပင် ဒီမိုကရေစီကပေးသည့် လွတ်လပ်ခွင့်ဟု အမှတ်မှားလာကြပေသည်။ 

ပို၍ဆိုးသည်မှာ ယင်းဒီမိုကရေစီစာမေးပွဲတွင် မိမိကိုယ်မိမိ ဘာသာစုံဂုဏ်ထူးဖြင့် အောင်ထားသူဟု အထင်ရှိသူများ၏ အွန်လိုင်းတိုက်ပွဲများ(ကွန်းမန့်ထိုးစစ်များ)၊ ဆဲရေးတိုင်းထွာမှုများကြောင့် အချို့သော အလေးအနက်ထားစဉ်းစားစရာ အကြောင်းအရာများမှာ တိမ်မြုပ်သွားရသည်။ မူလကိစ္စတွေပျောက်ကုန်သည်။ သမ္မာဝါစာကအားနည်းပြီး မိစ္ဆာဝါစာက အားကောင်းသလိုဖြစ်လာသည်။ မြန်မာ စာပေအပါအဝင် လူ့အဖွဲ့အစည်း၌ အလေးထားစောင့်ရှောက်အပ်သည့် စံတန်ဖိုးများ ပျက်စီး ကွယ်ပျောက်ရမည့်ကိန်းဆိုက်လာသည်။ 

ကွန်ဆာဗေးတစ်အချို့က ယနေ့ခေတ်ကို ဆုတ်ကပ်ဟု ဆိုကြပြီး အချို့က ပရမ်းပတာဟု သတ်မှတ်ကြသည်။ သို့ဆိုလျှင် ဆုတ်ကပ်တို့ ပရမ်းပတာအခြေအနေ တို့ထဲတွင် မည်သို့ရှင်သန်နေထိုင်ကြမည်နည်း။ လစ်ဘရယ်သမားအချို့ကမူ ယနေ့ ခေတ်ကို တန်းတူညီမျှ-သာတူညီမျှဖြစ်ခြင်း၏ အစဟု ဆိုကြသည်။ (တစ်ဖက်သူက ဆဲ၍ ကိုယ်ကလည်း ပြန်လည်ဆဲရေးခွင့်ရတာမျိုးကို သာတူညီမျှဟုသတ်မှတ်လျှင် အနိမ့်စားသာတူညီမျှသာဖြစ်ပေလိမ့်မည်။) 

တကယ်တော့ ကျင့်ဝတ်နှင့် အကျင့်သီလစောင့်ထိန်းမှု၊ မိမိအလုပ်ကို မိမိ အကောင်းဆုံးဖြစ်အောင် စူးစူးစိုက်စိုက် သေသေချာချာ တာဝန်ယူလုပ်ကိုင်နိုင်မှု၊ အမှား- အမှန်ကို ကောင်းစွာဝေဖန်ပိုင်းခြားတတ်မှုတို့ကသာ လူ့အဖွဲ့အစည်းကြီး တစ်ခုလုံး ပျက်ကပ်ထဲရောက်မသွားအောင် ကာကွယ်စောင့်ရှောက်ပေးနိုင်မည့် အရာများဖြစ်သည်။ ဆိုလိုသည်မှာ “သီလ၊ သမာဓိ၊ ပညာ” သည် ယနေ့ခေတ် သာမက အနာဂတ်မြန်မာ့လူ့အဖွဲ့အစည်းရင်ဆိုင်ရမည့် ခေတ်အဆက်ဆက်အတွက် အားကိုးရာဖြစ်ကြောင်း ဖော်ပြလိုက်ရပေသည်။ 

အယ်ဒီတာ ( ၁၉- ၅ - ၂၀၂၀)