News

POST TYPE

EDITORIAL

အွန်လိုင်းခေတ်မှာ စီမံခန့်ခွဲတတ်ရန် အရေးကြီးသည်
19-May-2020


ယနေ့ခေတ်၊ အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ်ဆိုသည့် ကပ်ရောဂါဘေးကြီးနှင့် ရင်ဆိုင်ရသည့်ခေတ်တွင် နည်းပညာရှေ့ဆုံးတန်းသို့ရောက်နေသောအချက်ကို အရှင်းလင်းဆုံးပုံစံဖြင့် မြင်တွေ့ရပေသည်။ 

ယခင်က နည်းပညာနှင့် များစွာပတ်သက်ခြင်းမရှိသော စီးပွားရေးလုပ်ငန်းများသည်ပင် Lockdown ကာလ၊ Stay Home ကာလတွင် နည်းပညာနှင့် မပတ်သက်ဘဲနေ၍ မရနိုင်တော့ပေ။ အွန်လိုင်းနှင့်ချိတ်ဆက်ကြရသည်။ အွန်လိုင်း ကနေ ဘိဇနက် (Business) လုပ်ကြရသည်။ အွန်လိုင်းရှော့ပင်း၏ အရေးပါမှုသည် ယခင်ကထက်ရှင်းရှင်းလင်းလင်းဖြစ်လာသည်။ အွန်လိုင်းတွင်ပိုက်ဆံမရှာတတ်လျှင် အရည်အချင်းမရှိသလိုဖြစ်လာသည်။ 

“အွန်လိုင်းမှတစ်ဆင့်” ဆိုသည်မှာ ဘိဇနက်ကဏ္ဍအတွက်သာမကတော့ပေ။ နယ်ပယ်အတော်များများအတွက် မရှိမဖြစ်လိုလာသည်။ ဗီဒီယိုကွန်ဖရင့်နှင့် အွန်လိုင်းဖိုရမ် စသည်တို့သည် Work from Home လုပ်နေသည့် သာမန်ဝန်ထမ်းတစ်ဦးမှသည် အစိုးရကက်ဘိနက်အဖွဲ့အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အထိ မဖြစ်မနေ အသုံးပြုရမည့်အရာများဖြစ်လာသည်။ 

သတင်းစာ(စာနယ်ဇင်း)၊ သို့မဟုတ် ဂျာနယ်လစ်ဇင်လောကတွင်ပို၍ သိသာသည်။ ကိုရိုနာဗိုင်းရပ်စ်မပေါ်ခင်ကတည်းက အွန်လိုင်းဂျာနယ်လစ်ဇင်၊ အွန်လိုင်းသတင်း၊ အွန်လိုင်းရုပ်သံ စသည်တို့က နေ့စဉ်ထုတ်ပုံနှိပ်သတင်းစာတို့၊ အပတ်စဉ်ထုတ်သတင်းဂျာနယ်တို့ နေစရာနေရာမရှိတော့အောင် ဆက်တိုက် ဖန်တီးခဲ့သည်။ ကျွန်ုပ်တို့ The Voice Daily အပါအဝင် ပုံနှိပ်သတင်းမီဒီယာ အများစု အွန်လိုင်းတွင် ပလက်ဖောင်းတစ်ခုစီထူထောင်ကာ အွန်လိုင်းအရိပ်ကိုခိုလှုံခဲ့ကြရသည်။ ဗားရှင်းနှစ်မျိုးစီဖြစ်ကုန်သည်။ Print (ပုံနှိပ်)ဗားရှင်းကတစ်မျိုး၊ အွန်လိုင်းဗားရှင်းကတစ်မျိုး။ အချို့မှာမူ ပရင့်ဗားရှင်းကို အပြီးတိုင်နှုတ်ဆက်ရပ်နား လိုက်ကြရသည်။ 

တကယ်တော့ နယ်ပယ်အားလုံးကို အွန်လိုင်းကသာကြီးစိုးသွားပြီဖြစ်ပါသည်။ အွန်လိုင်းခေတ်ဖြစ်သောကြောင့် ပြောင်းလဲမှုကလည်း လွန်စွာမြန်သည်။ ယနေ့ အသစ်ဖြစ်သော အင်ဖော်မေးရှင်းတစ်ခု သို့မဟုတ် အိုင်ဒီယာတစ်ခုသည်ပင် နောက်တစ်နေ့မကူးမီ နာရီပိုင်းအတွင်း ဒိတ်အောက်သွားနိုင်သည်။ အွန်လိုင်းသုံး သူချင်းတူလျှင်သော်မှ အရည်အချင်းပြည့်ဝသူက ပို၍ရှေ့ရောက်နိုင်သည်။ အရည်အချင်းပြည့်ဝသူချင်းတူနေပြန်လျှင် ဆန်းသစ်တီထွင်နိုင်စွမ်းရှိသူ၊ အိုင်ဒီယာ ကောင်းတွေရှိသူတို့က နှာတစ်ဖျားသာသွားတတ်ပေသည်။ 

အကောင်းဘက်ကကြည့်မည်ဆိုလျှင် ဘိဇနက်လောကကို တစ်ချိန်ကလို လူတစ်စု၊ အသိုင်းအဝိုင်းတစ်ခုက လက်ဝါးကြီးအုပ်ထားခြင်းမျိုးမရှိတော့ဘဲ အသုံးချလျှင်ချနိုင်သလို၊ ဉာဏ်စွမ်းဉာဏ်စရှိလျှင်ရှိသလို နည်းပညာခေတ်၏ အခွင့်အလမ်းများကို ဖမ်းဆုပ်ကာ အကျိုးခံစားခွင့်ရနိုင်ခြင်းပင်။ 

လိုရင်းပြောရမည်ဆိုပါက အွန်လိုင်းခေတ် (နည်းပညာခေတ်)အပြောင်းအလဲ များနှင့် အခွင့်အလမ်းများဟူသည် မိမိကစောင့်ရမည့်ကိစ္စမဟုတ်ဘဲ မိမိဘက်က မဖြစ်မနေအမီလိုက်နိုင်မှ အကျိုးကျေးဇူးရရှိနိုင်မည်ဖြစ်ကြောင်းနှင့် နည်းပညာ ခေတ်စိန်ခေါ်မှုများကို သမားရိုးကျစီမံခန့်ခွဲမှုဖြင့် ချဉ်းကပ်ဖြေရှင်း၍ မရနိုင်ကြောင်း အုပ်ချုပ်ရေးယန္တရားကို ဦးဆောင်နေသူများအနေနှင့် ကောင်းစွာနားလည် သဘောပေါက်ထားရမည်ဖြစ်ကြောင်း ဖော်ပြလိုက်ပါသည်။ 

အယ်ဒီတာ ( ၁၈ - ၅ - ၂၀၂၀ )