News

POST TYPE

EDITORIAL

ပြည်သူကိုလည်းချစ်ပါ၊ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပါ
18-May-2020
ယမန်နေ့က ကိုဗစ်အကျပ်အတည်းကာလနှင့်ပတ်သက်၍ ထူးထူးခြားခြားသတင်းတစ်ရပ်ထွက်ပေါ်လာပေသည်။ လက်လုပ်လက်စားများနှင့် အခြေခံလူတန်းစား များကို အစိုးရက ငွေကြေးထောက်ပံ့ရန် စီစဉ်နေသည့်သတင်း ဖြစ်ပါသည်။ 

ထောက်ပံ့မည့်ငွေကြေးက ကျပ်ငွေ သုံးသောင်းမှ လေးသောင်းခန့်။ ဘယ်နှကြိမ် ထောက်ပံ့မည်၊ ဘယ်လိုထောက်ပံ့မည်ဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေး ပေ။ သို့သော် KBZ Pay နှင့် Wave Money တို့ကဲ့သို့သော ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများမှတစ်ဆင့် သက်ဆိုင်သူများထံ အဆင်ပြေချောမွေ့စွာ လွှဲပေးနိုင်ရေးအတွက် အသေးစိတ် ဆွေးနွေးဆောင်ရွက်လျက်ရှိနေပြီဟုတော့ သိရပေသည်။ 

မြန်မာအစိုးရအဆက်ဆက် သမိုင်းကြောင်းတွင် အကျပ်အတည်းဖြစ်နေသည့် ပြည်သူလက်ထဲသို့ ငွေကြေးထည့်ပေးသည့် ပထမဆုံးလုပ်ဆောင်ချက်ဟု ဆိုရမည် ဖြစ်ပေသည်။ ထောက်ပံ့သည့်ငွေကြေးများ အလွဲသုံးစားပြုမခံရရေးနှင့် သက်ဆိုင်သူများအားလုံး၏ လက်ထဲသို့ ထောက်ပံ့ငွေရောက်ရှိနိုင်ရေးကို သေသေချာချာလုပ်ပေးရန်သာ လိုအပ်ပေမည်။ 

တစ်ကမ္ဘာလုံးရှိ အစိုးရအသီးသီးတို့သည်လည်း ကပ်ရောဂါကြောင့် နိုင်ငံစီးပွားရေးပြိုလဲမသွားစေရေးနှင့် လူမှုဘဝများ ဒုက္ခမရောက်စေရေးအတွက် နည်းလမ်း မျိုးစုံဖြင့် ကြိုးပမ်းနေကြသည်ကို ကမ္ဘာ့သတင်းများကိုလေ့လာကြည့်လျှင် တွေ့ရပါမည်။ သူတို့နှင့် (သူ့အိုးနှင့် သူ့ဆန်အံဝင်ခွင်ကျဖြစ်မည့်) လိုက်လျောညီထွေမှုရှိမည့် နည်းလမ်းကိုယ်စီဖြင့် ကြိုးပမ်းနေကြခြင်းလည်းဖြစ်သည်။ 

သို့သော် တူညီသည့်ဦးတည်ချက်မှာ ကပ်ရောဂါကြီး၏ ဂယက်ရိုက်ခတ်သည့် ဒဏ်ခံနေရသော ပြည်သူတစ်ဦးချင်းစီ၏ လက်ထဲသို့ ငွေကြေးရောက်ရှိစေရေးသာ ပင်ဖြစ်ပေသည်။ ပြည်သူများ လတ်တလော ကြုံတွေ့နေရသည့် ပြဿနာဖြေရှင်းနိုင်ရန်လည်းဖြစ်သည်။ 

မြန်မာအစိုးရက ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်း၌ စတင်ကူးစက်နေသည်ကို တွေ့ရှိရပြီးနောက် မကြာမီရက်ပိုင်းမှာပင် အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်အချို့ကို အရေးပေါ်ထောက်ပံ့ပေးခဲ့သည်။ အတိုင်းအတာတစ်ခုအထိ အကျိုးရှိသော အထောက်အပံ့များလည်း ဖြစ်ခဲ့ပါသည်။ 

သို့တိုင်အောင် ယင်းသို့ထောက်ပံ့ရုံမျှဖြင့် ရေရှည်ကြုံတွေ့လာရမည့် လူမှုစီးပွားပြဿနာများကို ဖြေရှင်းရာတွင် ကန့်သတ်ချက်များစွာ မလွဲမသွေရှိနေမည်ဖြစ်ရာ ယခုလိုအချိန်တွင် လက်ထဲသို့ ငွေကြေးထည့်ပေးရန်အထိ စီစဉ်လာခြင်းမျိုးရှိလာသည်မှာ နှစ်သက်အားရစရာကောင်းသည့် တုံ့ပြန်မှုဟုပင် ဆိုရပေမည်။ ပထမအကြိမ် ထောက်ပံ့မှုများပြုလုပ်ခဲ့စဉ်က ကြုံတွေ့ခဲ့ရသည့်အခက်အခဲများ၊ ပြဿနာများအပါ အဝင် အတွေ့အကြုံများကို အခြေခံပြီး နည်းစနစ်မှန်ကန်ကောင်းမွန်စွာဖြင့် ပံ့ပိုးနိုင် ရန်လည်း ကြိုးပမ်းကြရပါမည်။ 

State Capacity ခေါ် အစိုးရယန္တရား၏ စွမ်းဆောင်ရည်မှာ အကန့်အသတ်များစွာရှိနေသည်မှာ မှန်သော်လည်း ယခုကပ်ရောဂါကိစ္စတွင် အစိုးရဝန်ထမ်းများ၊ ကျန်းမာရေးအမှုထမ်းများ၏ စိတ်စေတနာထက်သန်မှုများကို ထူးထူးခြားခြားမြင်တွေ့ရသည်မှာ ဝမ်းသာစရာဖြစ်ပေသည်။ သို့သော်လည်း မီတာခကိစ္စကဲ့သို့ “ပေးကားပေး၏ မရ” ဆိုသည့် အခြေအနေမျိုးမဖြစ်ပေါ်စေရန် စနစ်တကျကြိုးပမ်းရဦးမည်ဖြစ်ပါသည်။ 

လိုရင်းပြောရလျှင် ဤကပ်ရောဂါကြီးတွင် ပြည်သူများ၏ဘေးဒုက္ခကို ကူညီ ပံ့ပိုးလိုသည့် စိတ်ဆန္ဒကောင်းများကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရသောကြောင့် အသိအမှတ်ပြုရမည်ဖြစ်သော်လည်း Backfire ဟု ခေါ်သည့် ရလဒ်ပြောင်းပြန်ထွက်တာမျိုးမဖြစ်စေရန် အထူးသတိထားကြရမည်ဖြစ်ကြောင်း မီးမောင်းထိုးပြလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ (၁၇ - ၅ - ၂၀၂၀ )