News

POST TYPE

EDITORIAL

စိတ်ဓာတ်ကောင်းအောင် တည်ဆောက်ယူကြရပါမယ်
17-May-2020
ယခု ရက်ပိုင်း၊ လပိုင်းတွေမှာ ဘယ်မီဒီယာ ဘယ်သတင်းစာ ဘယ်သတင်းတွေကိုပဲ ကြည့်ကြည့် ကိုဗစ်သတင်းတွေ၊ ကိုဗစ်ကာလနဲ့ ဆက်နွှယ်တာတွေအများစုက လွှမ်းမိုးထားတာပဲတွေ့ရပါတယ်။ ဤသတင်းစာမှာလည်း ကိုဗစ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကပဲ စာမျက်နှာအတော်များများကို နေရာယူထားပါတယ်။ 

ဧပြီတစ်လလုံး ပုံနှိပ်ထုတ်ဝေမှုရပ်နားထားခဲ့ပြီး မေလဆန်းပိုင်း၊ သတင်းစာ ပြန်ထွက်ဖြစ်ခဲ့တဲ့အချိန်ကစပြီး ခေါင်းကြီးပိုင်းတွေမှာလည်း ကိုဗစ်ကြောင့်ဖြစ်တဲ့ အကျပ်အတည်းတွေကိစ္စတွေပဲ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် သည်နေ့မှာ တော့ အခြားကိစ္စတစ်ခုကိုဆွေးနွေးချင်ပါတယ်။ စိတ်ဓာတ်နဲ့ပတ်သက်တဲ့ အကြောင်းအရာပါ။ လူတစ်ဦးချင်းစီ စိတ်ဓာတ်ကောင်းဖို့ဆိုတဲ့ကိစ္စဟာ ဘယ်ခေတ်၊ ဘယ်ကာလပဲ ရောက်ရောက် လောကလူ့ဘောင်ကိုအကျိုးဖြစ်ထွန်းစေမယ်လို့ ယုံကြည်လို့ ဆွေးနွေးချင်မိတာပါ။

မြန်မာတွေ၊ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ 'စိတ်ကောင်းရှိဖို့ ပထမ'ဆိုတဲ့ တောင်မြို့က မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ အဆုံးအမကို အမြဲတမ်း ကြားဖူး၊ တွေ့ဖူးကြမှာပါ။ 

အသိပညာတွေ၊ အတတ်ပညာတွေ ဘယ်လိုပဲတတ်မြောက်ထားပါစေ၊ ပရိယတ္တိစာတွေကို ဘယ်လိုပဲခဲရာခဲဆစ်သင်ယူနိုင်ပါစေ စိတ်ထားကောင်းမရှိဘူးဆိုရင် မိမိကောင်းကျိုးရော၊ လောကကောင်းကျိုးရော သယ်ပိုးနိုင်မှာမဟုတ်ဘူးဆိုတာကို သတိပေးခဲ့တာပါ။ 

နောက်ပြီး စိတ်ကောင်းဆိုတဲ့ကိစ္စမှာ ဗုဒ္ဓဘာသာဝင်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုကို ယုံကြည်သက်ဝင်သူဖြစ်စေ ဘယ်သူပဲဖြစ်ဖြစ်ထားလို့ရတဲ့ကိစ္စဆိုလည်း မမှားပါဘူး။ တခြားဘာသာရေးအဆုံးအမတွေကိုကြည့်မယ်ဆိုရင်လည်း လောက ကောင်းကျိုးသယ်ပိုးနိုင်ဖို့၊ တစ်မျိုးပြောရရင် စိတ်ကောင်းရှိထားဖို့ ဆုံးမကြတာချည်းပဲဆိုတာကို တွေ့ရပါလိမ့်မယ်။ 

အဲဒီတော့ စိတ်ကောင်းထားရမယ့်ကိစ္စဟာ ဘယ်လိုအသားအရောင်ပဲရှိရှိ၊ ဘယ်လိုဘာသာတရားပဲကိုးကွယ် ကိုးကွယ်လူတိုင်းနဲ့သက်ဆိုင်တယ်လို့ပဲဆိုရတော့မှာပါပဲ။ ကိုယ်ချင်းစာနာစိတ်၊ သနားညှာတာစိတ်၊ မေတ္တာစိတ်စတာတွေဟာ ဘာသာတရားဆိုတဲ့ သတ်မှတ်ချက်နဲ့မဆိုင်ပါဘူး။ ကောင်းတဲ့စိတ်ထားရှိ၊မရှိနဲ့ပဲသက်ဆိုင်တာပါ။ 

ဟုတ်တယ်လေ။ ကမ္ဘာ့သမိုင်းကိုကြည့်မယ်ဆိုရင်လည်း ဘယ်လောက်ထူးချွန်တဲ့ခေါင်းဆောင်ပဲဖြစ်ဖြစ် စိတ်ထားကမကောင်းဘူးဆိုရင် လူတွေကို ထောင်နဲ့၊ သောင်းနဲ့၊ သန်းနဲ့ ချီပြီးသတ်ဖြတ်ပစ်ကြတဲ့အထိရှိခဲ့ကြတယ်မဟုတ်လား။ အဲဒီတော့ ဒီမိုကရေစီချန်ပီယံကြီးပဲဖြစ်ဖြစ်၊ မျိုးချစ်အာဏာရှင်ကြီးပဲဖြစ်ဖြစ် စိတ်ထားကောင်းရှိပါမှ သမိုင်းကြောင်းလှမယ်ဆိုတာကိုလည်း သိထားရပါမယ်။ 

နောက်ပြီး စိတ်ထားကောင်းရှိတယ်ဆိုတဲ့သဘောတရားဟာ မိမိတစ်ကိုယ်ရေ ကောင်းကျိုးတစ်ခုတည်းကိုသာမက မိမိပတ်ဝန်းကျင်မှာရှိတဲ့ မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိမိနဲ့ထိစပ်ပတ်သက်နေတဲ့ လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ကောင်းကျိုးကို လိုလားတဲ့စိတ်ကိုလည်းရည်ညွှန်းတာဖြစ်ပါတယ်။ 

အရာရာဟာ စိတ်ကဆောင်တယ်ဆိုတာအားလုံးသိကြပါတယ်။ လူတစ်ယောက်ရဲ့ အပြုအမူအပြောအဆိုနဲ့ လုပ်ရပ်တွေကိုကြည့်မယ်ဆိုရင် အဲဒါတွေအားလုံးရဲ့ဆရာသခင်ဟာ သူ့စိတ်ပဲဆိုတာ အထူးပြောစရာတောင်မလိုဘူးထင်ပါတယ်။ အဲဒါ ကြောင့် အနောက်နိုင်ငံသားတွေက Beware of your mind and thoughts ဆိုပြီးသတိပေးလေ့ရှိကြတာပါ။ 

စိတ်ဖိစီးမှုတွေနဲ့ စိန်ခေါ်မှုတွေသိပ်ကိုများလွန်းတဲ့ သည်ကနေ့ခေတ်ကြီးမှာ စိတ်ထားကောင်းလေးတွေမွေးထားနိုင်ပါမှ တစ်ဦးနဲ့တစ်ဦး ဆဲဆိုတာကအစ လူသတ်မှုကြီးကျူးလွန်ကြတဲ့အဆုံးထိ ဖြစ်ရပ်မျိုးတွေကိုရှောင်ထားနိုင်မှာပါ။ မော်တော်ကားမောင်းရာမှာလည်း ကားတစ်စီးနဲ့တစ်စီး စာနာစိတ်ထားပြီး နေရာလေးဖယ်ပေး၊ လမ်းဖယ်ပေးတာကအစ ကိုယ့်ရဲ့စိတ်စေတနာကောင်းလေးတွေကို ပြလို့ရနိုင်တာပဲမဟုတ်လား။ ကိုယ်ကဘာရမလဲဆိုတာထက် ကိုယ်ကဘာပေးနိုင်မလဲလို့အမြဲတွေးနေတတ်တာမျိုးဟာလည်း စိတ်ထားကောင်းရှိခြင်းရဲ့ လက္ခဏာကောင်းတစ်ခုပါပဲ။

တစ်ခုတော့ရှိတာပေါ့။ စိတ်ထားကောင်းဆိုတာ ဒီခေတ်စကားနဲ့ပြောရရင် ဘလိုင်းကြီးပေါ်လာတဲ့အရာတော့မဟုတ်ဘူးလေ။ လေ့ကျင့်မွေးမြူထားတတ်မှ ကိုယ့်ဆီမှာ ကပ်တွယ်နေတတ်တဲ့အရာပါ။ သတိလေးထားပြီးသူမသေသွားအောင် အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေမှ ရှင်သန်နိုင်တာပါ။ လူဆိုတာဟာ စိတ်ထားကောင်းသူတွေ (သဘောကောင်းသူတွေ)နဲ့ တွေ့ဆုံချင်ကြတဲ့သူတွေချည်းပါပဲ။ လူကြီးမိဘတွေတောင် သူတော်ကောင်း၊ သူမြတ်လောင်းနဲ့ ဆုံတွေ့နိုင်ပါစေလို့ ဆုပေးကြတတ်တယ်မဟုတ်လား။ အဲဒီနေရာမှာ လေးလေးနက်နက်စဉ်းစားသင့်တာက စိတ်ထားကောင်းသူတွေနဲ့တွေ့ဆုံနိုင်ရေးထက် မိမိကိုယ်တိုင် စိတ်ထားကောင်းသူဖြစ်၊ မဖြစ် ကိုယ့်စိတ်ကိုယ် ပထမဆုံးဆန်းစစ်ကြည့်သင့်တယ်ဆိုတာပါပဲ။ 

အယ်ဒီတာ ( ၁၆ - ၅ - ၂၀၂၀ )