News

POST TYPE

EDITORIAL

အကျပ်အတည်းကာလအတွက် အရေးကြီးသည့်မျှခြေတစ်ခု
15-May-2020
ဧပြီလ ၁၄ ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က လက်ရှိ တစ်ကမ္ဘာလုံးရင်ဆိုင်နေရသည့် ဗိုင်းရပ်စ်နှင့်ပတ်သက်၍ သတိပေးချက်တစ်ရပ်ထုတ်ပြန်ခဲ့ပေသည်။ သတိပေးချက်က ယခုလို- 

'ကိုရိုနာဗိုင်းရပ်စ်သည် မည်သည့်အခါတွင်မျှ ပျောက်ကွယ်သွားဖွယ်မရှိပေ' ဟူ၍ပင်။ အကယ်၍ COVID-19 အတွက်  ကာကွယ်ဆေးဖော်စပ်နိုင်ခဲ့လျှင်ပင် ယင်းဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ရေးအတွက် အလွန်တရာကြီးမားသော ကြိုးပမ်း အားထုတ်မှုလိုအပ်ပေလိမ့်မည်ဟု ဆိုထားပေသည်။ 

သို့သော် 'ပျောက်ကွယ်သွားဖွယ်မရှိ(May never go away)' ဟု ဆိုထားသဖြင့် အမှန်တကယ်ကြီးရှိနေလိမ့်မည်ဟု အပ်ကျမတ်ကျပြော၍လည်း မရနိုင်ပေ။ ထို့အတူ ကာကွယ်ဖော်စပ်နိုင်ကြသည်ဆိုလျှင်သော်မှ အစွမ်းကုန် ကြိုးပမ်းအားထုတ်ကြပါမှ ထိန်းချုပ်နိုင်လိမ့်မည်ဟုလည်း ဆိုထားပြန်ရာ ကာကွယ်ဆေးသည်ပင် ရာနှုန်းပြည့်အားကိုး၍မရနိုင်သည့် သဘောမျိုး ဖြစ်နေစေပါသည်။ 

တကယ်တော့ မည်သည့်အချိန်ကာလတွင် ယခုကပ်ရောဂါကြီးကို ကျော်လွန်နိုင်မည်ဆိုသည့်အချက်ကို မည်သူမျှ အပ်ကျမတ်ကျမပြောနိုင်သေးပေ။ ကပ်ရောဂါ နှင့်ပတ်သက်၍ အတွေ့အကြုံမရှိသည့်တိုင် 'လက်ဆေး၊ ခပ်ခွာခွာနေ၊ နှာခေါင်း စည်းတပ်' ဆိုသည့် အခြေခံလမ်းညွှန်ချက်ကို လူတိုင်းလိုက်နာပြီး စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းတိုက်ဖျက်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ယူဆရပေသည်။ 

တစ်ဖက်တွင်လည်း WHO ကသတိပေးသလို ကိုဗစ်ကဆက်ရှိနေနိုင်သည်ဖြစ်၍ တစ်ချိန်လုံး Lockdown တွေ ချထားရတော့မည် လောဆိုသည်မှာလည်း စဉ်းစားစရာပင်။ မည်သို့ပင်ဖြစ်စေ ကိုဗစ်အန္တရာယ်ကာကွယ်ရင်း လူမှုရေးနှင့် စီးပွားရေးလုပ်ငန်းများ ရပ်တန့်ထားရန်မှာ လုံးဝမဖြစ်နိုင်သောကိစ္စဟု ဆိုရမည်သာ။ 

သို့အတွက်ကြောင့် ကပ်ရောဂါနှင့်အတူ လူမှုဆက်ဆံရေးပုံစံသစ်များ ပေါ်ပေါက်လာမည်ဖြစ်သလို စီးပွားရေးလုပ်ငန်းများပုံစံများလည်း ပြောင်းလဲမည်သာ ဖြစ်ပေသည်။ 

'တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေ' ဟူသည့် Social Distancing စံနှုန်းများသည် လူမှုဆက်ဆံရေးအခြေခံများဖြစ်လာရုံမျှမက လူမှုရေးလိုအပ်ချက်ကြီးတစ်ခုအနေနှင့် ပါဝင်လာနိုင်ပေသည်။ 'ရောဂါကင်းရှင်းကြောင်း အာမခံချက်' သည် လူမှုရေးနယ်ပယ်မှသည် စီးပွားရေးနှင့် နိုင်ငံရေးနယ်ပယ်အထိ လိုအပ်ချက်တစ်ရပ်သဖွယ်ဖြစ်လာနိုင်ပေမည်။ 

ရောဂါရှိ၊ မရှိ စစ်ဆေးနိုင်သူနှင့် မစစ်ဆေးနိုင်သူ၊ ကာကွယ်ဆေးထိုးနိုင်သူနှင့် မထိုးနိုင်သူ၊ ဗိုင်းရပ်စ်ကူးစက်ခံရဖူးသူနှင့် ကူးစက်ခံရဖူးခြင်းမရှိသူတို့အကြားမှ ကွာဟမှုအပါအဝင် ပြည်သူများကို ကာကွယ်ဆေးထိုးပေးနိုင်သည့် နိုင်ငံနှင့် ထိုးမပေးနိုင်သည့်နိုင်ငံအကြားကွာဟမှုတို့သည် နောက်ဆုံးတွင် ကမ္ဘာလုံးအတိုင်းအတာဖြင့် အစီအစဉ်သစ်တစ်ခု New World Order ထိပင်ပေါ်ပေါက်လာစေမည် ဖြစ်သည်။ 

လိုရင်းပြောရလျှင် ဖွံ့ဖြိုးမှုနောက်ကျသော မြန်မာနိုင်ငံအနေနှင့် ကိုဗစ်ကြောင့်အပြောင်းအလဲများစွာနှင့် ကြုံတွေ့လာရမည့် ခေတ်ကာလတွင် ရောဂါတိုက်ဖျက်ထိန်းချုပ်ရေးနှင့် တိုင်းပြည်စီးပွားရေး ပြိုလဲမသွားစေရေးအတွက် မျှခြေဖန်တီးပေးနိုင်သည့် လုပ်ဆောင်ချက်များဖြင့် တုံ့ပြန်နိုင်ရန်သာ အရေးကြီးကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ ( ၁၄ - ၅ - ၂၀၂၀ )