News

POST TYPE

EDITORIAL

ကိုဗစ်ကို အကြောင်းပြုပြီး ပေါ်လာသည့် အခွင့်အလမ်း
14-May-2020
စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ တစ်နည်းအားဖြင့် စားနပ်ရိက္ခာထုတ်လုပ်သည့်လုပ်ငန်းများဖြင့် ကပ်ဘေးကာလ စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းသင့်ကြောင်း ယမန်နေ့ကတိုက်တွန်းဖော်ပြခဲ့ပါသည်။ 

အမှန်တော့ အဆိုပါလုပ်ငန်းများကို အကောင်အထည်ဖော်ရေးမှာ များစွာခက်ခဲသည့်ကိစ္စမဟုတ်ဟု ထင်ပါသည်။ အဓိကလိုအပ်ချက်မှာ အစိုးရနှင့် ပုဂ္ဂလိကတို့ အတူလက်တွဲကာ ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းများကို ရှာဖွေအကောင်အထည်ဖော်ရန်သာပင်။ သို့မှသာ ယခင်နှင့် လက်ရှိ စနစ်ဟောင်းများ၏ ချို့ယွင်းချက်များကို ဖယ်ထုတ်ပြီး ကိုဗစ်အကျပ်အတည်းကာလနှင့် အကျပ်အတည်းလွန်ကာလ ပေါ်ပေါက်လာမည့် အခြေအနေသစ်များ၊ အခင်းအကျင်းသစ်များနှင့် လိုက်လျောညီထွေမှုရှိမည့် ကုန်ထုတ်လုပ်မှုပုံစံသစ်များ၊ ကုန်သွယ်ရေးနည်းလမ်းသစ်များနှင့် ဘဏ္ဍာငွေကြေးရရှိနိုင်မည့် နည်းလမ်းသစ်စနစ်သစ်များကို ကြံဆဖော်ထုတ်သွားနိုင်ပေမည်။ 

တစ်ခုအရေးကြီးသည်မှာ စားနပ်ရိက္ခာထုတ်လုပ်ရောင်းချမှုနဲ့ဆက်စပ်သည့် ကုန်သွယ်ရေးဆိုင်ရာ အရေးကိစ္စများအတွက် ပို့ကုန်တင်ပို့နိုင်ရန် အစိုးရဘက်ကဦးဆောင်၍ ဝယ်လိုအားဖန်တီးပေးရေးဖြစ်သည်။ ဆိုလိုသည်မှာ မြန်မာ့ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ဝယ်ယူတင်သွင်းမည့်နိုင်ငံများနှင့် နိုင်ငံရေး၊ သံတမန်ရေး အစရှိသည့် နည်းလမ်းများဖြင့် ပံ့ပိုးပေးခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အစိုးရခေါင်းဆောင်များနှင့် နိုင်ငံရေးသမားကြီးများ တိုက်တွန်းထားသည့်အတိုင်း  'ဤအကျပ်အတည်းကို အားလုံးအတူတကွပူးပေါင်းဖြေရှင်းမှရမည်' ဆိုသည်ကို ယခုကိစ္စတွင် အထူးအမှတ်ရသင့်ပေသည်။ ဆိုလိုသည်မှာ အစိုးရ၊ စီးပွားရေးအသင်းအဖွဲ့ချုပ်များ၊ ပုဂ္ဂလိက လုပ်ငန်းများ၊ တောင်သူများ၊ ပညာရှင်များ ပူးပေါင်းပြီး တကယ်လက်တွေ့ကျသည့်ပုံစံများ တည်ဆောက်နိုင်ကြမည်ဆိုပါက တိုင်းပြည်၏ အဓိကကျသော စီးပွားရေးကဏ္ဍပြိုလဲမည့် အန္တရာယ်ကို ထိထိရောက်ရောက်ကာကွယ်နိုင်မည်သာပင်ဖြစ်ပါသည်။ 

တစ်ဆက်တည်းအရေးကြီးသည်မှာ ယခုလိုအခြေအနေကို ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများပေါ်ပေါက်သည့် အခါသမယဟု နှလုံးသွင်း သင့်လှသည်။ 'ကိုဗစ်အကျပ်အတည်းကပေးသည့် အခွင့်အလမ်းသစ်များ ပေါ်ပေါက်ချိန်' ဟုမှတ်ယူပြီး မြန်မြန်အကောင်အထည်ဖော်နိုင်လေ အောင်မြင်မှုကို သေချာပေါက် ပိုင်ဆိုင်နိုင်လေသာဖြစ်ပေမည်။ 

ဆိုခဲ့ပါကိစ္စများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက မြန်မာပြည်သူအများစုအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များနှင့် ဝင်ငွေရရှိရန် အခြေအနေကောင်းများကို မလွဲမသွေဖန်တီးပေးနိုင်မည်သာပင်။ ထို့ပြင် တစ်ဆက်တည်းပင် အခြေခံကုန်ထုတ်လုပ်ငန်းများနှင့် ဆက်နွှယ်သည့် ကုန်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများလည်း ကျွဲကူးရေပါသဘောဖြင့် အကျိုးအမြတ်များပေါ်ပေါက်နိုင်ပေသည်။ 

လိုရင်းအတိုချုံးပြောရမည်ဆိုပါက မည်မျှကြာမြင့်မည်ကို မသိနိုင်သော ကပ်ရောဂါကာလနှင့် ကပ်ရောဂါလွန်ကာလများအတွက် လူမှုစီးပွားတည်ငြိမ်ရေးသည် ရောဂါကာကွယ်တိုက်ဖျက်ရေးကဲ့သို့ပင် တိုင်းပြည်အတွက် ဆတူ အရေးကြီးသော အရေးကိစ္စဖြစ်ရာ ဤအချိန်တွင် အုပ်စုတစ်စုနှင့်တစ်စု၊ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပြစ်တင်ပုတ်ခတ်လက်ညှိုးထိုးမှုများကို အသာဖယ်ပြီး မဖြစ်မနေ ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက မြန်မာနိုင်ငံသည် တစ်ချိန်တစ်ခါကလို ဒေသတွင်းနိုင်ငံများ ရိက္ခာဖူလုံမှုအတွက် အားကိုးအားထားပြုနိုင်သည့် စိုက်ပျိုးရေးနိုင်ငံကြီး တစ်နိုင်ငံအဆင့်သို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း မေတ္တာရပ်ခံဖော်ပြ လိုက်ရပေသည်။ 

အယ်ဒီတာ ( ၁၃ - ၅ - ၂၀၂၀ )