News

POST TYPE

EDITORIAL

စိုက်ပျိုးမွေးမြူရေးကဏ္ဍဖြင့် ကပ်ကာလစီးပွားအကျပ်အတည်းကို ကျော်ပါ
13-May-2020
ကိုဗစ်ကြောင့်ဖြစ်သည့် စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းရာတွင် စားနပ်ရိက္ခာထုတ်လုပ်မှုကဏ္ဍသည် မြန်မာတို့အတွက် အားသာချက်များစွာ ရှိနှင့်ပြီးဖြစ်ရာ ယင်းကဏ္ဍကို နံပါတ် ၁ ဦးစားပေးအဖြစ် အလေးအနက်ထား ဆောင်ရွက်သင့်ကြောင်း ယမန်နေ့က ဖော်ပြခဲ့ပါသည်။ စိုက်ပျိုးရေးကဏ္ဍဆိုလျှင် အခြေခံခိုင်မာမှုရှိထားသည့် လုပ်ငန်းများဖြစ်ရာ အရေးကြီးသည့် ပြောင်းလဲမှုများ လုပ်ဆောင်ပေးရုံဖြင့် အားသာချက်များရှိလာကာ နိုင်ငံစီးပွားရေးအတွက် သေချာ ပေါက်အထောက်အကူပြုလာလိမ့်မည်သာပင်။ 

သို့အတွက် ဤအချိန်တွင် အဓိကအကျဆုံးသော အလုပ်မှာ ယခုနှစ်စိုက်ပျိုး ရာသီအတွက် စိုက်ပျိုးမည့် မိုးစပါး၊ နွေစပါးနှင့် ဆောင်းသီးနှံတို့ကို အပြည့်အဝ စိုက်ပျိုးထုတ်လုပ်သွားရေးသာဖြစ်ရပါမည်။ မြန်မာ့တောင်သူများ အပြည့်အဝ စိုက်ပျိုးနိုင်ရန်နှင့် ဆုံးရှုံးနိုင်ခြေရှိသည်များကို နိုင်ငံတော် (အစိုးရ) ဘက်က မဟာဗျူဟာ များရေးဆွဲပြီး အကာအကွယ်ပေးနိုင်ရန်လည်း လိုအပ်ပေမည်။ 

စိုက်ပျိုးရေးစရိတ်များကို ကိုဗစ်ကပ်ရောဂါအလွန်ကာလရောက်မှ ပြန်လည် ပေးဆပ်ခွင့်ပြုသည့် နှစ်လတ်ချေးငွေကဲ့သို့သော ချေးငွေများဖန်တီးပေးခြင်းမျိုး ပါဝင်သည့် မဟာဗျူဟာမျိုးကိုဆိုလိုပေသည်။ 

တကယ်တမ်းပြောရလျှင် အဆိုပါကိစ္စမျိုးများသည် မြန်မာနိုင်ငံအတွက် မလုပ်ဖူးသည့်၊ အတွေ့အကြုံမရှိသည့် လုပ်ငန်းကိစ္စမျိုးမဟုတ်ပေ။ တစ်ဖက်က ကြည့်လျှင်လည်း စိုက်ပျိုးရေးကဏ္ဍအလိုက် ပုဂ္ဂလိကအသင်းအဖွဲ့ကြီးများ ရှိထားနှင့်ပြီးဖြစ်ရာ တောင်သူနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား ခိုင်မာသည့် စီးပွားရေး ဆက်ဆံမှုပုံစံလည်းရှိနှင့်ထားပြီးဖြစ်ပေသည်။ 

အဆိုပါအားသာချက်ကိုဆုပ်ကိုင်ပြီး အစိုးရဘက်က ထောက်ပံ့မှုပုံစံသစ်များကို အကောင်အထည်ဖော်အသက်သွင်းပေးရန်သာရှိပေသည်။ အရေးကြီးသည်မှာ နိုင်ငံတော်အနေနှင့် ဆုံးရှုံးမှုအနည်းဆုံးပုံစံဖြစ်အောင် ဖန်တီးပံ့ပိုးပေးရန်ဖြစ်ပါသည်။ နိုင်ငံတော်ဘက်က ယခင်ထောက်ပံ့မြဲဖြစ်သော စိုက်ပျိုးစရိတ်ချေးငွေပေးခြင်းကို အခြေခံပြီး အခြားစရိတ်များနှင့် ဝန်ဆောင်မှုများကို Public-Private Partnership- PPP ပုံစံအဖြစ် အသစ်ဖော်ထုတ်လုပ်ဆောင်ရမည်ဖြစ်ပေသည်။ 

ထိုသို့ စိုက်ပျိုးရေးကဏ္ဍကို မဟာဗျူဟာကျကျ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်နိုင်မှသာ ပြည်တွင်းစားသုံးမှု ဖူလုံစိတ်ချရရုံသာမက ရိက္ခာလိုအပ်ချက်ရှိသည့် နိုင်ငံများသို့ပါ တင်ပို့ရောင်းချနိုင်မည်ကို သတိပြုသင့်ပေသည်။ 

အလားတူပင် ကြက်၊ ဝက်၊ နွား၊ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများပါဝင်သော မွေးမြူရေးကဏ္ဍကိုကြည့်မည်ဆိုလျှင်လည်း အတော်များများမှာ အခြေခိုင်ပြီး လုံလောက်သောမွေးမြူရေးဧကများရှိထားပြီးဖြစ်သည်ကိုတွေ့ရပေမည်။ ပြည်တွင်း စားသုံးမှုလိုအပ်ချက်ထက် ပိုမိုထုတ်လုပ်နိုင်စွမ်းရှိသည့် လုပ်ငန်းများလည်းဖြစ်ပေ သည်။ စီးပွားရေးပြန်လည်ထူမတ်ရေးအတွက် အားထားနိုင်သည့် ကဏ္ဍဟုဆိုလျှင်လည်းရပေသည်။ ဈေးကွက်ရှာပေးခြင်း၊ ဝယ်လိုအားဖန်တီးပေးခြင်းတို့အပါအဝင် ဆုံးရှုံးမှုနည်းနိုင်သမျှနည်းစေရန် ကာကွယ်ပေး ထောက်ပံ့ပေးနိုင်ရန်သာ လိုအပ်ပေသည်။ 

တစ်မျိုးသားလုံး၏ စီးပွားရေးစနစ်ကောင်းတစ်ခု တည်ဆောက်ရာတွင် ကဏ္ဍပေါင်းစုံတိုးတက်ရေးမှာ အဓိကအခရာကျသည်ဟု ဆိုနိုင်သော်လည်း လက်ရှိ ကပ်ရောဂါကြုံတွေ့နေရချိန်မျိုးတွင် နိုင်ငံစားနပ်ရိက္ခာ ဖူလုံရေးသာမက စားနပ်ရိက္ခာ လိုအပ်ချက်ရှိသော အခြားနိုင်ငံ (ပြည်ပဈေးကွက်) များသို့ ရိက္ခာတင်ပို့ရေးကို အဓိကဦးစားပေးလုပ်ဆောင်ခြင်းသည်သာ ထိရောက်မှုအရှိဆုံးဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ရပါသည်။ 

အယ်ဒီတာ ( ၁၂ - ၅ -၂၀၂၀ )