News

POST TYPE

EDITORIAL

ကောက်ရိုးမီးဆန်သည့် ပြောင်းလဲမှုမျိုးမဖြစ်စေချင်
24-Mar-2020
မန္တလေးနှင့် မြစ်ကြီးနားအကြား ပြေးဆွဲနေသည့် မီးရထားခရီးစဉ်တွင် ကိုရီးယားနိုင်ငံမှဝယ်ယူသော အဆင့်မြင့်တွဲဆိုင်းများဖြင့် စတင်ပြေးဆွဲသည့် သတင်းများ၊ ဓာတ်ပုံများနှင့်ဗီဒီယိုဖိုင်များကို ရထားစိတ်ဝင်စားသူများသာမက အခြားခရီးသွားပြည်သူများပါ စိတ်ဝင်တစား Share ကြသည်ကို ယခုရက်ပိုင်းတွင်း ဆိုရှယ်မီဒီယာပေါ်တွင်ရှယ်ကြသည်ကို သတိပြုမိပေသည်။ 

'ပြောင်းလဲသွားပြီ'၊ 'အရင်နဲ့တခြားစီပဲ' စသဖြင့် အံ့သြတကြီး မှတ်ချက်ပေးကြသည့် ခရီးသွားပြည်သူများ၏ အသံများကြားရသည်။  

ဟုတ်လည်း ဟုတ်ပါသည်။ မြန်မာ့မီးရထားစီးခရီးသွားပြည်သူများအတွက် တစ်ခါမျှမကြုံစဖူး ထူးခြားကောင်းမွန်သည့် ရထားတွဲများဖြင့် ခရီးသွားရခြင်းမျိုးကို မအံ့သြလျှင် ဘယ်ကိစ္စကိုအံ့သြရမည်နည်း။ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်စသည်တို့ကဲ့သို့ အခြားစက်မှုဖွံ့ ဖြိုးပြီးနိုင်ငံများမှ အဆင့်မြင့်ရထားကြီးများ၊ ကျည်ဆန်ရထားများနှင့် နှိုင်းယှဉ်လျှင် သတင်းမဖြစ်သကဲ့သို့ရှိပေမည်။သို့ပေမယ့် မြန်မာ့ခရီးသွားပြည်သူများအတွက်တော့ လေအေးပေးစက်၊ လေအိတ်တပ်ဆင်ထားသည့် တွဲဆိုင်းများဖြင့်ခရီးသွားရသည်မှာ သတင်းကြီးတစ်ပုဒ်ပင်။ 

'မမ' ဟုလည်း အတိုကောက်လူသိများသည့် မြန်မာ့မီးရထားသည် ယခုနှစ်ပိုင်းတွင် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် အရေးကြီးသည့်အခြေခံအဆောက်အဦများတွင် အကြီးစားပြုပြင်ပြောင်းလဲမှုများပြုလုပ်နေသည်ကိုတွေ့ရပါသည်။ 

တစ်ချိန်တစ်ခါက၊ Burma Railways Corporation-BRC ခေါ် ရထားပို့ဆောင်ရေးကော်ပိုရေးရှင်း (ရပရ)လက်ထက် အစောပိုင်းကာလများက အင်စတီကျူးရှင်းလွန်စွာကောင်းမွန်ခိုင်မာခဲ့ပြီး ခရီးသွားပြည်သူအများစု၏ အားကိုးခြင်းခံခဲ့ရသော မြန်မာ့မီးရထားသည် ကျန်ခဲ့သည့် ၁၅ နှစ်၊ နှစ် ၂၀ ကာလလောက်ကစ၍ နည်းပညာပိုင်းတွင်ရော ဝန်ဆောင်မှုပိုင်းတွင်ပါများစွာ ခေတ်နောက်ကျ ကျန်ရစ်ခဲ့သည်။ ချို့ယွင်းချက်၊ အားနည်းချက်များစွာရှိခဲ့ပေသည်။ အပြစ်အနာအဆာများဖြင့် ပြည့်နှက်၍နေခဲ့ရသည်။ 

တကယ်တော့ ယခုလိုတွဲသစ်ကြီးများဖြင့် အစားထိုးပြေးဆွဲသည်ဆိုသည်မှာ မြန်မာ့မီးရထားသမိုင်းအတွက် အထူးအဆန်းတော့မဟုတ်ပေ။ တစ်ချိန်တစ်ခါတုန်းကလည်း ဂျပန်၊ ကိုရီးယားနိုင်ငံများက သစ်လွင်တောက်ပနေသောတွဲသစ်ကြီးများ၊ ပြင်သစ် ဂျာမနီစသည့်နိုင်ငံများက နာမည်ကြီးစက်ခေါင်းများဖြင့် ပြေးဆွဲခဲ့ဖူးပေသည်။ 

ပြုပြင်ထိန်းသိမ်းသည့်အပိုင်းတွင် အလွန်အမင်းအားနည်းခြင်း၊ ပြည်သူပိုင်ပစ္စည်းကို မိမိပစ္စည်းကဲ့သို့ တန်ဖိုးမထားတတ်သော ခရီးသွားပြည်သူအချို့၏ ဖျက်ဆီးခံရခြင်းစသည်တို့ကြောင့် တွဲဆိုင်းကောင်း တွဲဆိုင်းသန့်များမှာ တိုတောင်းသည့်အချိန်၊ တိုတောင်းသည့်နှစ်ကာလအတွင်းမှာပင် အလွယ်တကူပျက်စီးယိုယွင်းသွားကြရခြင်းသာပင်ဖြစ်သည်။ 

ယခုမြန်မာ့မီးရထားကို အကြီးအကျယ်အပြောင်းအလဲလုပ်နေရာ၌ အဓိကကူညီနေသော ဂျပန်တို့ထံမှ အင်ဂျင်နီယာနည်းပညာများသာမက မီးရထားဝန်ဆောင်မှု နှင့်ဆိုင်သော စည်းမျဉ်းစည်းကမ်းကောင်းများနှင့် စနစ်ကောင်းများကို သက်ဆိုင်သူ များအနေနှင့် ရယူနိုင်သင်ယူနိုင်ခွင့်ရရှိလိမ့်မည်ဟုထင်သည်။ ရထားနှင့်ပတ်သက်သော အသိပညာ အတတ်ပညာများကိုလည်း ဂျပန်နိုင်ငံကသာမက အခြားနိုင်ငံကြီးများကပါ မဖြစ်မနေ ကြိုးပမ်းလေ့လာသင်ယူထားသင့်သည်။ 

အရေးကြီးသည်မှာ အပြောင်းအလဲကောင်းများ မည်မျှပင်ပြုလုပ်ဖန်တီးနိုင်သည်ဖြစ်စေ မြန်မာ့ဆိုရိုးထဲကလို ကောက်ရိုးမီးအသွင်မဆောင်မိစေရန်နှင့် ပြည်သူကိုရေရှည်အကျိုးပြုနိုင်အောင် အစဉ်အမြဲပြုပြင်ထိန်းသိမ်းနေရန် လိုအပ်ကြောင်း ပြောလိုပါသည်။ မြန်မာမီးရထားနယ်ပယ်တစ်ခုတည်းကိုသာ ဆိုလိုခြင်းမဟုတ်ပေ။ 

အယ်ဒီတာ ( ၂၃ - ၃ -၂၀၂၀ )