News

POST TYPE

EDITORIAL

အန္တရာယ်ရှိချိန်တွင် ပြောစကားနားထောင်ကြစေလို
23-Mar-2020
ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုများ မဖြစ်ပေါ်အောင် ကာကွယ်ရာတွင် အရေးကြီးသည့် ကျန်းမာရေးဆောင်ရွက်ချက်တစ်ရပ်ဖြစ်သော လက်ဆေးသည့်အမှုကိစ္စနှင့် ပတ်သက်၍ စနစ်တကျဆေးကြောတတ်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သရုပ်ပြထားသည့် မှတ်တမ်းအား နိုင်ငံပိုင်ရုပ်သံမီဒီယာက ထုတ်လွှင့်လျက်ရှိသည်ကို သတိပြုမိပါသည်။ 

လက်ဆေးခြင်းဆိုသည်မှာ လူတိုင်းပြုလုပ်ဖူး ပြုလုပ်နေကျကိစ္စဖြစ်သော်လည်း ပေးရန်အချိန်နှင့်တကွ ဆေးပုံဆေးနည်းအဆင့်ဆင့်ကို သိရှိကြသူဦးရေမှာ နည်းပါးမည်သာဖြစ်ရာ ယခုလိုရုပ်သံမှတစ်ဆင့် တစ်နိုင်ငံလုံးရှိ မြန်မာပြည်သူအားလုံး သိရှိအောင် ထုတ်လွှင့်ပြသခြင်းသည် လုပ်သင့်လုပ်ထိုက်သောကိစ္စဟုပင် ဆိုရပါမည်။ 

အထူးသဖြင့် ယခုလို အများအကျိုးဖြစ်ထွန်းမည့်လုပ်ရပ်မျိုးကို လူအများချစ်ခင်လေးစားသည့်ခေါင်းဆောင်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ရှေ့ဆောင်လမ်းပြသဘောဖြင့် လုပ်ပြခြင်းက ပို၍ထိရောက်မှုရှိမည်သာပင်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါကြီးနှင့်ပတ်သက်၍ ပြည်သူများပူးပေါင်းပါဝင်မှု အရေးကြီးသည့်အချက်ကို ထောက်ပြပြီး အကြံပေးစကားရော အားပေးစကားပါ ကုန်ခဲ့သည့်သီတင်းပတ်က ပြောဆိုခဲ့သည်။ 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေသည့် ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များသည်လည်း ၎င်းတို့ နိုင်ငံသားပြည်သူများကို ယင်းဗိုင်းရပ်စ်နှင့်ပတ်သက်၍ မိန့်ခွန်းအသီးသီးပြောဆိုကြသည်။ အချို့က ရုပ်သံများမှတစ်ဆင့် မိန့်ခွန်းလည်းပြောသလို ဆိုရှယ်မီဒီယာစာမျက်နှာများကတစ်ဆင့်လည်း စာတိုမက်ဆေ့ချ်များဖြင့် ပြောဆိုကြသည်။ 

မိမိတာဝန်ယူ စီမံခန့်ခွဲလျက်ရှိသည့် တိုင်းပြည်နှင့်လူ့အဖွဲ့အစည်းအတွင်း အန္တရာယ်တစ်စုံတရာကျရောက်နေပြီ သို့မဟုတ် အန္တရာယ်ကျရောက်နိုင်သည့် အခြေအနေရှိလာလျှင် တာဝန်ယူထားသည့် အစိုးရအဖွဲ့ခေါင်းဆောင်များ ရှေ့ကနေ မားမားမတ်မတ် ထွက်ရပ်ပြကြရသည်။ မှာစရာရှိတာ မှာကြားကြသည်။ ခေါင်းဆောင်များ၊ လူကြီးများ၏ အမှာစကားသည် ပြည်သူအများစုအတွက် စည်းမျဉ်းစည်းကမ်းလည်း ဖြစ်နိုင်သလို အားဆေးတစ်ခွက်လည်း ဖြစ်နိုင်သည်။ နိုင်ငံ့ခေါင်းဆောင်မဟုတ် သော်လည်း လူအများ၏ အထင်ကြီးလေးစားမှု အခိုင်အမာရထားသည့် ဘီလ်ဂိတ်စ်သည်ပင် ဗိုင်းရပ်စ်ကိစ္စအတွက် အရေးတကြီးစကား ထွက်ပြောသည်။ 

လက်ရှိကပ်ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့ခေါင်းဆောင်များ ပြောသည့်အကြောင်း အရာများကို လိုရင်းကောက်ရလျှင် အစိုးရတို့၊ ကျန်းမာရေးအာဏာပိုင်တို့နှင့် ပြည်သူများ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက ယခုလို လူသားတွေကို အမှန်တကယ် အန္တရာယ်ပြုနေသည့် ကပ်ရောဂါဘေးကြီးမှ သေချာပေါက် လွတ်မြောက်မည်ဆိုသောအချက်နှင့် သို့အတွက် ကျန်းမာရေးအာဏာပိုင်များ၏ အကြံပြုလမ်းညွှန်ချက်များအတိုင်း ပြုမူနေထိုင်ကြရမည်ဆိုသောအချက်ပင်ဖြစ်သည်။ 

သို့အတွက်ကြောင့် ထပ်၍လိုရင်းကောက်ရလျှင် ကျန်းမာရေးဝန်ကြီးဌာန ကဲ့သို့သော ကျန်းမာရေးအာဏာပိုင်အဖွဲ့အစည်းများ၏စကား နားထောင်ရေးပင်။ တစ်ကမ္ဘာလုံး ကပ်ရောဂါနှိပ်စက်ဖိစီးခံနေရချိန်တွင် အာဏာအရှိဆုံးမှာ ကျန်းမာရေးဌာနမှ ပုဂ္ဂိုလ်များပင်ဖြစ်သည်။ ရောဂါဖြစ်နေသည့် နိုင်ငံအတော်များများတွင် ရှေ့တန်းနေရာဖြစ်သော ဆေးရုံများ၌ ကုသပေးနေသည့် ဆရာဝန်များက ရောဂါ မဖြစ်သေးသူများကို အရေးတကြီးမှာကြားနေသည့်စကားမှာ အထူးပင်စိတ်ဝင်စားစရာ။ 

"ကျွန်တော်တို့ဆေးရုံမှာ အလုပ်လုပ်နေတာ ခင်ဗျားတို့အတွက်ပါ။ ခင်ဗျားတို့ကလည်း ကျွန်တော်တို့အတွက်အိမ်ထဲမှာပဲနေပေးပါ" ဟူ၏။ 

ယမန်နေ့အထိ မြန်မာကျန်းမာရေးအာဏာပိုင်များ ထုတ်ပြန်သောသတင်းအရ မြန်မာနိုင်ငံတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) မရှိသေးဟုဆိုသည်။ တစ်ကမ္ဘာလုံးတွင် ယင်းရောဂါမဖြစ်သေးသည့်နိုင်ငံ အနည်းငယ်မျှသာ ကျန်တော့သည်။ ယင်းအနည်းငယ်မျှသော နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံပါဝင်နေသည်မှာ တကယ့်ကို ထူးထူးခြားခြားပင်။ သို့သော် 'စာရင်းထဲမပါသေး' 'ရောဂါမရှိ' ဆိုသည့်ကိစ္စ နောက်ဆက်တွဲအဖြစ် ပေါ့ပေါ့တန်တန်ပြုမူနေထိုင်သွားလာခြင်း၊ ပြောစကားနားမထောင်ခြင်းစသည့် အလေ့အထများ ကူးစက်လာမည်ကိုတော့ The Voice Daily က အထူးပင်စိုးရိမ်မကင်းဖြစ်မိပေသည်။ 

အယ်ဒီတာ ( ၂၂ - ၃ -၂၀၂၀ )