News

POST TYPE

EDITORIAL

တာဝန်ဖြင့် ရောက်လာတဲ့ မြန်မာတွေသာ များစေချင်
22-Mar-2020
တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခါစအချိန်မှာ အဲဒီဗိုင်းရပ်စ်ဟာ ဆိုးရွားပြင်းထန်တဲ့အတွက် လျှော့မတွက်သင့်တဲ့အကြောင်း သတိပေးခဲ့တဲ့ ဆရာဝန်တစ်ဦးအကြောင်းကို မသိတဲ့သူမရှိသလောက် ဖြစ်မယ်ထင်ပါတယ်။ 

သူ့ရဲ့နာမည်က ဒေါက်တာလီဝမ်လင်းပါ။ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ဒေါက်တာ လီဝမ်လင်း သတိပေးခဲ့ချိန်တုန်းက တရုတ်ရဲတပ်ဖွဲ့က အာဏာပိုင်တွေက အများပြည်သူတွေ အထိတ်တလန့်ဖြစ်အောင်မလုပ်ဖို့ သူ့ကိုခေါ်ယူသတိပေးခဲ့တာတို့၊ ခြိမ်းခြောက်တာတို့ လုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။ 

ဒေါက်တာလီဝမ်လင်းဟာ အဲဒီဗိုင်းရပ်စ်ကြောင့်ပဲ လွန်ခဲ့တဲ့ တစ်လကျော်၊ နှစ်လနီးပါးက ကွယ်လွန်သွားခဲ့ပါတယ်။ သူသတိပေးခဲ့တဲ့ ဗိုင်းရပ်စ်ကလည်း တရုတ်တစ်နိုင်ငံလုံးကိုသာမက၊ တစ်ကမ္ဘာလုံးကို ဒုက္ခပေးနေပြီပဲဖြစ်ပါတယ်။ 

တရုတ်အစိုးရက ဒေါက်တာလီဝမ်လင်းရဲ့မိသားစုကို တစ်ချိန်က အာဏာပိုင်တွေရဲ့လုပ်ရပ်အတွက် တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်ပြည်သူတွေကတော့ ဒေါက်တာလီဝမ်လင်းကို ယနေ့ခေတ်ရဲ့ အာဇာနည်တစ်ဦးသဖွယ် ချီးမွမ်းပြောဆိုနေကြပါတယ်။ ပြောရမယ်ဆိုရင် သူဟာ တရုတ်ပြည်သူတွေအတွက် တာဝန်ကျေပွန်ခဲ့တဲ့ ဆရာဝန်ကောင်းတစ်ယောက်ပေါ့။ 

ယခုလက်ရှိ ကမ္ဘာတစ်ဝန်း၊ အထူးသဖြင့် ကိုဗစ် ၁၉ ဗိုင်းရပ်စ် ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတဲ့ အီတလီ၊ အီရန်၊ တောင်ကိုရီးယား စတဲ့နိုင်ငံအသီးသီးမှာ အဲဒီဗိုင်းရပ်စ်ကို တိုက်ခိုက်ချေမှုန်းရန်ကြိုးပမ်းရင်း ကျန်းမာရေးအမှုထမ်းအချို့ သေဆုံးသွားကြရပါတယ်။ သူတို့တစ်တွေရဲ့အကြောင်းတွေကို ဖတ်ရှုကြည့်တဲ့အခါမှာ သူတို့ရဲ့ တာဝန်ကိုသူတို့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့ကြတာကိုတွေ့ရပါတယ်။ 

လူတစ်ဦးလျှင် ပျမ်းမျှအသက် ၈၀ ကျော်တန်းထိမျှသာ ရှင်သန်ခွင့်ရသော လူ့လောကထဲသို့ ရောက်ရှိလာကြသူတွေအနေနဲ့ လူသားအကျိုး လောကအကျိုး သယ်ပိုးကြရန် ပညာရှိတွေနဲ့ အကျင့်သီလပြည့်စုံသူတွေက ဝေါဟာရအမျိုးမျိုး၊ ဥပမာအမျိုးမျိုးသုံးကာ အစဉ်အဆက်တိုက်တွန်းခဲ့ကြတာ အားလုံးအသိပါ။ လောကအကျိုးမဆောင်နဲ့၊ လူသားအချင်းချင်း အကူအညီမပေးနဲ့လို့ တိုက်တွန်းခဲ့တဲ့ ပညာရှိဆိုတာ မရှိပါဘူး။ 

ဆေးပညာ၊ သိပ္ပံပညာ၊ အင်ဂျင်နီယာပညာ၊ စာပေပညာ စသဖြင့် မတူညီတဲ့နယ်ပယ်တွေ ဘယ်လိုပဲရှိနေပါစေ၊ မိမိတတ်မြောက်ထားတဲ့ပညာနဲ့ လောက လူသားတွေရဲ့အကျိုးကို တတ်စွမ်းသလောက်သယ်ပိုးကြဖို့ တိုက်တွန်းခဲ့ကြတာချည်းပါပဲ။ 

ဒါပေမဲ့ အဲဒီလို ဘယ်လိုပဲတိုက်တွန်းခဲ့ကြသည်ဖြစ်စေ လောကအကျိုး၊ လူသားအကျိုး စတာတွေအတွက် အလုပ်လုပ်တဲ့သူနဲ့ ကိုယ်ကျိုးအတွက်ပဲ အလုပ်လုပ်တဲ့သူ အချိုးချကြည့်မယ်ဆိုရင် အဆပေါင်းများစွာကွာနေတာကို ထင်ထင်ရှားရှား တွေ့ကြရမှာပဲဖြစ်ပါတယ်။ 

တချို့ကပြောကြပါတယ်၊ အဲဒီလို လောကလူသားအကျိုးအတွက် စွမ်းစွမ်းတမံအလုပ်လုပ်တဲ့သူတွေဟာ တာဝန်တစ်ခုနဲ့ လူ့လောထဲကိုရောက်လာတဲ့သူတွေပါတဲ့။ သူတို့တတ်မြောက်တဲ့ အတတ်ပညာ၊ အသိပညာတွေနဲ့ လောကလူသားတွေရဲ့ အကျိုးကို ဘဝနိဂုံးချုပ်တဲ့အချိန်မတိုင်ခင်လေးအထိ သူတို့တာဝန်ကို အကျေပွန်ဆုံးဖြစ်အောင် လုပ်ကိုင်သွားတတ်ကြလို့ အဲဒီလိုပြောကြတာလို့ထင်ပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံနဲ့ မြန်မာ့လူ့အဖွဲ့အစည်းထဲဆိုတဲ့ မြန်မာ့လူဘောင်ထဲကို အဲဒီလို တာဝန်နဲ့ရောက်လာတဲ့သူ ဘယ်နှယောက်ရှိလဲဆိုရင် လက် သုံး၊ လေး၊ ငါးချောင်းထက်တောင် ပိုမယ်မထင်ပါဘူး။ အဲဒီတော့ အဲဒီလိုပုဂ္ဂိုလ်တွေတွေ့ရင် အတတ်နိုင်ဆုံးကူညီပံ့ပိုးပေးရမှာပဲဖြစ်ပါတယ်၊ တကယ်လို့ မကူညီနိုင်လျှင်သော်မှ မနှောင့်ယှက်မိဖို့လည်း အင်မတန်အရေးကြီးပါတယ်။ 

နောက်ပြီးတော့ “မိမိကိုယ်တိုင်ရော မြန်မာ့လူ့ဘောင်အတွက် တာဝန်ရယူထားပြီး ကိုယ့်တာဝန်ကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုထမ်းဆောင်ရမလဲ” ဆိုတာ အသက်ရှင်နေသရွေ့ ကြိမ်ဖန်များစွာ ဆင်ခြင်သုံးသပ်နေရမှာပဲဖြစ်ပါတယ်။ 

လိုရင်းပြောရမယ်ဆိုရင်တော့ ကျွန်ုပ်တို့ မြန်မာလူမျိုးတွေ ကိုယ်တတ်တဲ့ အတတ်ပညာ၊ အသိပညာတွေနဲ့ အနာဂတ်လူ့အဖွဲ့အစည်းလှပအောင် တာဝန်ကိုယ်စီ ယူတတ်ကြဖို့ပဲဖြစ်ပါတယ်။ 

အယ်ဒီတာ ( ၂၁ - ၃ -၂၀၂၀ )