News

POST TYPE

EDITORIAL

ခေါင်းဆောင်ကောင်းမျိုးဆက်မပြတ်သွားရန် အရေးကြီးသည်
20-Mar-2020
သိပ္ပံပညာရပ်ပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်မှုများတွင် ရှေ့လူတို့ဖောက်ခဲ့သည့်လမ်းစဉ်ကို နောက်လူတို့က ပို၍ကောင်းသည်ထက်ကောင်းအောင် ပြင်ဆင်ဖန်တီးနိုင်စွမ်းရှိရန်လည်း အရေးကြီးကြောင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဖော်စပ်မှုကိုအကြောင်းပြု၍ ယမန်နေ့က ခေါင်းကြီးပိုင်းတွင်ဖော်ပြခဲ့ပါသည်။ သို့သော် တစ်ဆက်တည်းပြောရန် အရေးကြီးအကြောင်းအရာတစ်ရပ်ကျန်ရစ်ခဲ့၍ ယနေ့အနည်းငယ်ဖြည့်စွက်လိုပါသည်။ 

တကယ်တော့ လူ့အဖွဲ့အစည်း၊ လူ့အသိုက်အဝန်းအတွက် ရှေ့လူတွေ ဘယ်လောက်အတိုင်းအတာအထိ ကြိုးပမ်းခဲ့ကြ၊ ရုန်းကန်ခဲ့ကြ၊ ဆန်းစစ်ခဲ့ကြ၊ ရှာဖွေခဲ့ကြသည်ဖြစ်စေ ရှေ့လူတို့ထက် ပိုမိုထူးချွန်၊ ပိုမိုထက်မြက်၊ ပိုမိုအမြော်အမြင်ရှိသည့် နောင်မျိုးဆက်တို့မရှိခဲ့ပါက လူ့အဖွဲ့အစည်းအတွက် တန်ဖိုးရှိသည့်အရာများ ကွယ်ပျောက်သွားရန်သာရှိပေသည်။ မကွယ်ပျောက်ခဲ့လျှင်သော်မှ ဈေးကျကုန်ရ ဖွယ်သာရှိသည်။ 

ဥပမာ-အမေရိကန်ညီအစ်ကိုနှစ်ဦးဖြစ်သည့် အော်ဗီလီရိုက်နှင့် ဝီလ်ဘာရိုက် (ရိုက်ညီနောင်)တို့နှစ်ဦးက ကောင်းကင်ထဲတွင် လေယာဉ်ပျံသန်းမှုကိုစတင်တွေ့ရှိ ခဲ့သည်မှာမှန်သော်လည်း နောင်မျိုးဆက်သစ် သိပ္ပံပညာရှင်များ၏ တီထွင်ဆန်းသစ်နိုင်မှု၊ ပြင်ဆင်ဖန်တီးနိုင်စွမ်းကြောင့်သာလျှင် ယနေ့အခါတွင် အဲယားဘတ်စ်၊ ဘိုးအင်း၊ စသည့်အဆင့်မြင့်လေယာဉ်ကြီးများ ထပ်မံပေါ်ထွက်လာပြီး အများပြည်သူတို့အနေနှင့် သက်သောင့်သက်သာ စီးနင်းနေနိုင်ကြခြင်းဖြစ်သည်။ လေယာဉ်တစ်မျိုးတည်း မဟုတ်သေးပါ၊ တီထွင်ဆန်းသစ်မှုများတွင်လည်း ထိုအတိုင်းသာပင်။ 

ယနေ့ ဂျာမနီ၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ရုရှား စသည့် နိုင်ငံကြီးများ သိပ္ပံပညာတွင်သာမက အင်ဂျင်နီယာပညာ၊ ဆေးပညာနှင့် အနုပညာနယ်ပယ်တို့တွင်ပါ ရှေ့ဆုံးကနေဦးဆောင်နေနိုင်သည့် အဓိကအချက်များအနက်တစ်ခုမှာ ပိုမိုထူးချွန်ထက်မြက်သည့် နောင်မျိုးဆက်တို့ဆက်လက်ပေါ်ထွက်နေခြင်းကြောင့်ပင်။ 

နိုင်ငံရေးဘက်ကိုကြည့်လျှင်လည်း ယင်းနိုင်ငံများသာမက အခြားဖွံ့ဖြိုးပြီး နိုင်ငံများ၌ ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ အခိုင်အမာရှိထားခြင်းမှာ ရှေ့က နိုင်ငံပြုပုဂ္ဂိုလ်ကြီးများနှင့် နိုင်ငံရေးသမားကြီးများတည်ဆောက်ခဲ့သမျှကို နောင်မျိုးဆက် နိုင်ငံရေးသမားများက ယိမ်းယိုင်မသွားစေဘဲ ကောင်းသည်ထက်ကောင်းအောင် ဆက်၍စနစ်တကျတည်ဆောက်နိုင်ခဲ့ကြခြင်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။ မြန်မာ စကားပုံအတိုင်းပြောရလျှင် ရှေ့ကသွားသည့် နွားလားကလည်း ဖြောင့်ဖြောင့်သွားခဲ့သည်၊ နောက်က လိုက်သည့်နွားများကလည်း ဖြောင့်ဖြောင့်လိုက်နိုင်အောင် ကြိုးပမ်းနိုင်ကြခြင်းမျိုးဖြစ်ပါသည်။ 

အဓိကမှာ ဦးဆောင်သူ၊ တစ်နည်းအားဖြင့် ခေါင်းဆောင်ကောင်းမျိုးဆက် မပြတ်သွားရေးသာပင်။ အခြားအဖွဲ့အစည်းများ၊ လက်နက်ကိုင်အင်စတီကျူးရှင်းကြီးများ၊ နိုင်ငံရေးပါတီကြီးများအနေနှင့် ယင်းအချက်ကို လေးလေးနက်နက်တွေးသင့်သည်။ မိမိအဖွဲ့အစည်းကို ရှေ့ဆောင်လမ်းပြလုပ် အုတ်မြစ်ချသွားသည့် ပုဂ္ဂိုလ်များအတိုင်း မိမိတို့မျိုးဆက်က ကြိုးပမ်းနိုင်စွမ်းရှိ၏လော၊ အကျင့်စာရိတ္တပိုင်း၊ တီထွင်ကြံဆနိုင်မှုအပိုင်း၊ ကြိုးစားရုန်းကန်နိုင်မှုအပိုင်းတွင် ရှေ့မျိုးဆက်များထက်သာအောင် ထူးချွန်အောင် နောက်မျိုးဆက်တို့ကလုပ်ဆောင်နေကြပါ၏လော စသည်ဖြင့်လည်း မေးခွန်းထုတ်ဆန်းစစ်ကြည့်သင့်ပေသည်။ 

မြန်မာ့ဒီမိုကရေစီဖော်ဆောင်ရေးနှင့် နိုင်ငံတည်ဆောက်ရေးတို့တွင် တာဝန်ခံနိုင်သူ တာဝန်ယူနိုင်သူ ခေါင်းဆောင်ကောင်းဆို၍ တကယ့်ကို အနည်းအကျဉ်းမျှသာရှိသည်မှာ အားလုံးအသိပင်။ လက်ချိုးရေတွက်ကြည့်လျှင် လက်ဆယ်ချောင်းပင် ပြည့်မည်မဟုတ်။ သို့သော် အရည်အချင်းရှိ စိတ်ဓာတ်လည်းကောင်းသည့် မျိုးဆက်သစ်တို့မရှိတော့ခြင်းတော့မဟုတ်။ လူမသိသူမသိ တိမ်မြုပ်နေကြခြင်းသာ ဖြစ်ပေသည်။ 

သို့အတွက်အရေးကြီးသည်မှာ ရှေ့ကသွားထားနှင့်သူ၊ ရှေ့ကသွားနေသူတို့နေရာတွင် အစားထိုးဝင်ရောက်မည့် အနာဂတ်မျိုးဆက်များ၊ အင်အားသစ်များ စုဆောင်းထားကြရန်ဖြစ်သည်။ လာရာအဖွဲ့အစည်းနှင့် နောက်ခံသမိုင်းကြောင်းများ မတူလင့်ကစား အတူတကွလက်တွဲလုပ်ကိုင်နိုင်သည်ဆိုပါက နိုင်ငံတည်ဆောက်ရေးတစ်ခုတည်းအတွက်သာမက အခြားကိစ္စများတွင်ပါ ဒီမိုကရေစီရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသည့်ခေါင်းဆောင်များ ခါးဆက်ပြတ်သွားစရာ အကြောင်းမရှိပါကြောင်း ထောက်ပြလိုပါသည်။

အယ်ဒီတာ ( ၁၉ - ၃ -၂၀၂၀ )