News

POST TYPE

EDITORIAL

ရှေ့လူနှင့် နောက်လူတို့ ဖောက်ကြသည့်လမ်း
19-Mar-2020
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွား၍ ဒုက္ခရောက်နေကြသော နိုင်ငံများနှင့်လူ့အဖွဲ့အစည်းများအကြောင်းကြားရသည်မှာ စိတ်မကောင်းစရာဖြစ်ရပါသည်။ အထူးကြပ်မတ်ကုသဆောင်များ၌ အသက်ရှူစက်အကူအညီဖြင့် နောက်ဆုံးထွက်သက်ဆီရောက်သွားသူများအကြောင်းကို ဆရာဝန်များကပြန်ပြောပြသည့် သတင်းမျိုးဆိုလျှင်ပို၍ ဝမ်းနည်းစရာကောင်းပေသည်။ လူသားချင်းစာနာထောက်ထားသည့် စိတ်များလည်းဖြစ်ပေါ်စေသည်။ 

သို့သော် တစ်ဖက်တွင် ဗိုင်းရပ်စ်ကာကွယ်ဆေးနှင့် ရောဂါဖြစ်သူများ ပျောက်ကင်းအောင်ကုသသည့် ဆေးတို့ဖော်စပ်နိုင်ရန် နိုင်ငံကြီးများမှ သိပ္ပံပညာရှင်များ သူ့ထက်ငါအပြိုင်ကြိုးပမ်းနေကြသည့် သတင်းများကိုဖတ်ရသည်မှာ စိတ်ဝင်စားစရာကောင်းလှသလို စိတ်အားတက်စရာလည်းကောင်းလှပေသည်။ 

ဂျာမနီ၊ ဗြိတိန်၊ အမေရိကန်၊ အစ္စရေး၊ ဂျပန်၊ တရုတ်စသော သိပ္ပံပညာတွင် အတော့်ကိုရှေ့တန်းရောက်နေသည့်နိုင်ငံများမှ သိပ္ပံပညာရှင်များ နေ့မအား ညမအား အစွမ်းကုန်ယှဉ်ပြိုင်နေကြခြင်းလည်းဖြစ်သည်။ 

၎င်းတို့သတင်းများဖတ်လျှင် လူသားများကြုံတွေ့နေရသည့် ဘေးဒုက္ခမှ လွတ်မြောက်စေလိုသည့် ဆန္ဒများရှိနေသည်ကိုတွေ့ မြင်ရသလို နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား မည်သည့်နိုင်ငံက ယခုလိုသိပ္ပံပညာရပ်တွင် Breakthrough ဖြစ်သည့် စမ်းသပ်တီထွင်မှုမျိုးပြုလုပ်နိုင်ခဲ့သည်ဟူ၍ သမိုင်းတွင်ရန် အစွမ်းကုန်ယှဉ်ပြိုင်လိုသော ဆန္ဒများကိုလည်းတွေ့မြင်ရပေသည်။ 

မည်သည့်နိုင်ငံက ပထမဆုံးရှာဖွေတွေ့ရှိသည်ဆိုသည်ထက် မည်သည့်နိုင်ငံ၏ဆေးက ဘေးထွက်ဆိုးကျိုးအနည်းငယ်မျှဖြင့် အစွမ်းအထက်ဆုံးဖြစ်လာမည်နည်းဆိုသည်မှာ ပိုစိတ်ဝင်စားစရာကောင်းပါသည်။ တကယ်တမ်းတော့ လူသားခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နှောင့်ယှက်နှိပ်စက်နေသည့် ဗိုင်းရပ်စ်ပိုးအား အထိရောက်ဆုံး နှိမ်နင်းရှင်းလင်းပစ်နိုင်သည့် ဆေးကို ချက်ချင်းစမ်းသပ်တွေ့ရှိရေးဟူသည်မှာ ထင်သလောက်မလွယ်ကူပေ။ 

ရှေးယခင်က စတင်ဖြစ်ခဲ့ပြီး ယခုထိလည်းရှိနေဆဲဖြစ်သော ဗိုင်းရပ်စ်ပိုးနှင့် ဗက်တီးရီးယားကြောင့်ဖြစ်သည့် ရောဂါဘယများအတွက် ဆေးဝါးများဖော်စပ်ခဲ့ရသည့် သမိုင်းကြောင်းတွေကို ထောက်ဆကြည့်လျှင်သိနိုင်သည်။ ပထမပိုင်းတွင် ဖော်စပ်နိုင်ခဲ့သော ဆေးနှင့် နောက်ပိုင်းတွင်ပေါ်သောဆေးနှစ်မျိုးစလုံး ရောဂါပျောက်သည်မှာမှန်သော်လည်း နောက်ပိုင်းတွင်ပေါ်သောဆေးက ပို၍အစွမ်းထက် သည်။ ဘေးထွက်ဆိုးကျိုးနည်းပြီး ကုသချိန်တိုတောင်းအောင်လည်း စွမ်းနိုင်သည့် သဘောမျိုးရှိပေသည်။ 

ယင်းသဘောတရားကို ဆင်ခြင်ကြည့်လျှင် ရှေ့ပထမပိုင်းတွင် စမ်းသပ်တီထွင်ခဲ့ကြသော ပညာရှင်များ၏ ကျေးဇူးလည်းကြီးသလို နောက်မှလိုက်ပြီး ရှေ့လူတို့မမြင်မတွေ့ခဲ့သည့် အားနည်းချက်နှင့် ချို့ယွင်းချက်များကို အကောင်းဆုံးဖြစ်အောင် တစ်ဖန်ပြုပြင်ပြောင်းလဲပေးသည့် ပညာရှင်များ၏ ကျေးဇူးလည်း မသေးငယ်လှပေ။ ရှေ့ကသွားသူရော နောက်ကလိုက်သူရော ဂုဏ်မသိမ်ငယ်ပေ။ 

စဉ်းစားကြည့်လျှင် လူသားတွေရောဂါဘယကင်းဝေးရေးအတွက် ဆေးဝါးဖော်စပ်သည့် နယ်ပယ်တစ်ခုတည်းတွင်သာ ဆိုခဲ့ပါသဘောတရားမျိုးရှိနေခြင်း မဟုတ်၊ ပညာရေး၊ စီးပွားရေး၊ စက်မှုလက်မှု၊ သိပ္ပံ၊ အနုပညာ စသည်တို့မှသည် နိုင်ငံတည်ဆောက်ရေးကိစ္စအထိ ယင်းသဘောတရားမျိုးမလွဲမသွေရှိနေသည်ကို တွေ့ရပေမည်။ အရေးကြီးသည်မှာ ရှေ့ကလမ်းဖောက်သွားသူရော နောက်ကလိုက်သူပါ မိမိပခုံးပေါ်ကျရောက်လာသည့် တာဝန်ကို အကျေပွန်ဆုံးထမ်းဆောင်ပြီး ကိုယ့်အလုပ်ကို အကောင်းဆုံးလုပ်တတ်ကြရန်သာ အရေးကြီးပေသည်။ 

အယ်ဒီတာ ( ၁၈ - ၃ -၂၀၂၀)