News

POST TYPE

EDITORIAL

တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်သူများ
18-Mar-2020
ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ မိမိနိုင်ငံသားများ ဒုက္ခမတွေ့ရအောင်၊ တွေ့ကြုံနေရသည့် ဒုက္ခများ လျော့သည်ထက် လျော့ပါးသွားအောင်၊ ဗိုင်းရပ်စ်ကာကွယ်ဆေး အမြန်ဆုံးပေါ်ပေါက်အောင် စသည်ဖြင့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ မိမိကျွမ်းကျင်ရာ အတတ်ပညာကိုယ်စီဖြင့် ဝိုင်းဝန်းကြံဆနေခြင်းသည် တကယ်တမ်းပြောရလျှင် မိမိနိုင်ငံ၊ မိမိတိုင်းပြည်ကို မိမိကာကွယ်စောင့်ရှောက်နေကြခြင်းသာပင်ဖြစ်သည်။ 

နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ခြင်းဟုဆိုလျှင် သေနတ် သို့မဟုတ် စစ်လက်နက်ကိုင်ဆောင်ထားသူများကိုသာ ရုတ်တရက် ပြေးမြင်တတ်ကြပေသည်။ စစ်ရေးအရအန္တရာယ်ပြုလာမှုမှန်သမျှကို စစ်ရေးဖြင့်ကာကွယ်သည့်ကိစ္စများနှင့်ပတ်သက်လျှင်မှန်ပါသည်။ 

တကယ်တော့ နိုင်ငံကိုကာကွယ်ပေးနေသူများထဲတွင် လက်နက်ကိုင်သူ လူတစ်စုချည်းသက်သက်မဟုတ်သည်မှာ ယနေ့ခေတ်အခါတွင် ပိုမိုထင်ရှားလာသည်။ ဆိုက်ဘာတိုက်သည့်ခေတ်၊ ကုန်သွယ်ရေးအရ ထိုးနှက်သည့်ခေတ်၊ ရာသီဥတုဖောက်ပြန်သည့်ခေတ်၊ ကူးစက်ရောဂါတွေ နှိပ်စက်ခြိမ်းခြောက်လာသည့်ခေတ် စသည်ဖြင့် နယ်ပယ်အသီးသီး နေရာအသီးသီးတွင် အန္တရာယ်မျိုးစုံ ပေါများ လာသော ခေတ်ကာလ၌ နိုင်ငံကာကွယ်စောင့်ရှောက်မှုဟူသည့်ကိစ္စမှာ ပို၍ပင်ကျယ်ပြန့်လာသည်။ 

ဥပမာ-တရုတ်၊ အီတလီ၊ တောင်ကိုရီးယား၊ အီရန် စသည့် ကိုရိုနာဗိုင်းရပ်စ် ဆိုးဆိုးရွားရွားကူးစက်ဖြစ်ပေါ်နေသည့် နိုင်ငံတို့အပါအဝင် နိုင်ငံအသီးသီးရှိ ဆေးရုံအသီးသီးတွင် ကိုဗစ်လူနာများကို အစွမ်းကုန်ကုသပေးနေသည့် ကျန်းမာရေး အမှုထမ်းများသည်လည်း တကယ်တမ်းတွေးကြည့်လျှင် လူနာ၏ အသက်ကို ကယ်တင်ပေးနေရုံသာမက တစ်မျိုးသားလုံးကို ခြိမ်းခြောက်နေသည့် ဗိုင်းရပ်စ်ပိုး ကြီးကို ရင်ဆိုင်တိုက်ခိုက်နေခြင်းသာပင်။ ရန်သူနှင့် အနီးကပ်ဆုံး Frontline နေရာမှနေကာ အရေးကြီးသည့် တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲနေခြင်းသာပင်။ 

ယခုဗိုင်းရပ်စ်နှင့်အတူ နိုင်ငံအတော်များများတွင် ပြည်သူများအကြား Panic Buying ဆိုသည့်ပြဿနာတစ်ရပ်လည်းပေါ်လာပြန်သည်။ စားသောက်ကုန်ပစ္စည်းတွေ ပြတ်လပ်တော့မည် သို့မဟုတ် ဈေးတက်တော့မည်ဆိုသည့် ကောလာဟလများနှင့် သတင်းတုများကြောင့် ဖြစ်သည့် ကြောက်လန့်တကြား ဈေးဝယ်စုဆောင်းသည့် ပြဿနာဖြစ်သည်။ သတင်းသဘော သတင်းမနော၊ မီဒီယာသဘော မီဒီယာမနော သိသူနည်းပါးခြင်းကြောင့်၊ တစ်နည်းအားဖြင့် Media Literacy အားနည်းခြင်းကြောင့်ဖြစ်သော နောက်ဆက်တွဲဆိုးကျိုးဟု ဆိုလျှင်လည်း ရသည်။ 

လူအများစု၏အကျင့်မှာ လက်ရေးမဟုတ်သည့် ပုံနှိပ်စာ သို့မဟုတ် ဒစ်ဂျစ်တယ် စာလုံးဖြင့် ရေးသားဖော်ပြထားလျှင် မှန်သည်ဟု ထင်မှတ်တတ်သည်။ Photoshop ပညာဖြင့် ဖြတ်ညှပ်ကပ်လုပ်ထားသည့် သတင်းဓာတ်ပုံတို့၊ ဗီဒီယိုဖိုင်တို့နှင့် တွဲလိုက်လျှင် ပို၍ပင်ယုံကြည်စိတ်ချသွားနိုင်သည်။ အမှားကိုအမှန်ထင်မိလျှင် အမှားပဲလိုက်လုပ်စရာရှိတော့သည်။ သတင်းအမှားသည် အားလုံးအတွက် အန္တရာယ်ရှိသည်။ ပြည်သူရော အုပ်ချုပ်ရေးယန္တရားအတွက်ပါ အန္တရာယ်ရှိသည်။ အုပ်ချုပ်ရေးယန္တရားထဲမှ မူဝါဒချမှတ်သူများ သတင်းမှားကို အမှန်ထင်မိလျှင် မူဝါဒအမှားထွက်လာပြီး အားလုံးဒုက္ခရောက်သွားနိုင်သည်။ 

သတင်းမီဒီယာခေတ်တွင် သတင်းမှား သတင်းတုများကို ရှင်းထုတ်ပစ်ခြင်းသည် နိုင်ငံကိုကာကွယ်ခြင်းဖြစ်သည်။ ဆိုရှယ်မီဒီယာသုံးသူတိုင်းတွင် တာဝန်ကိုယ်စီရှိသည်။ သတင်းမီဒီယာကြီးများအတွက်မူ အထွေအထူးပြောနေစရာပင် လိုမည်မဟုတ်ပေ။ ဤခေါင်းကြီးပိုင်းအတွက် လိုရင်းပြောရလျှင် နိုင်ငံနှင့် ပြည်သူကို ကာကွယ်စောင့်ရှောက်ခြင်းဆိုသည်မှာ အစုအဖွဲ့တစ်ခုတည်း၏ တာဝန် မဟုတ်ဘဲ ရဟန်းရှင်လူပြည်သူအားလုံးနှင့်လည်းဆိုင်ကြောင်း၊ ထိုတာဝန် ထိုသဘောတရားကိုသိရှိနားလည်ပြီး ထိုတာဝန်ကို ရယူလိုသူများလေ ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့်လူ့အဖွဲ့အစည်းကို ပိုပြီးကာကွယ်စောင့်ရှောက်ပေးနိုင်လေဖြစ်ကြောင်းသာပင်။ 

အယ်ဒီတာ ( ၁၇ - ၃ -၂၀၂၀ )