News

POST TYPE

EDITORIAL

ကိုဗစ်မှသည် တိုင်းရေးပြည်ရေးတိုင်အောင်
17-Mar-2020
COVID-19 ဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့လေကြောင်းခရီးစဉ်ထက်ဝက်ကျော်မက ရပ်နားထားရပြီး တစ်ချိန်ကအင်မတန်စည်ကားလှသည့် မက်ထရိုပိုလစ် အဆင့်ရှိ မြို့ကြီးများတွင် လူသွားလူလာခြောက်ကပ်နေရသည်ပုံများ၊ နှာခေါင်းစည်း မတပ်ထားသူ မပါသလောက်နည်းပါးလှသည့် သတင်းဓာတ်ပုံများကို မည်သည့်နိုင်ငံတကာသတင်းဌာနကိုကြည့်လျှင်ဖြစ်စေ နေ့စဉ်တွေ့မြင်စမြဲဖြစ်သည်မှာ ယခုဆိုလျှင် နှစ်လနီးပါးရှိသွားပြီဖြစ်ပါသည်။ 

ယခင်ကလို နိုင်ငံကြီးတွေအကြား စစ်ရေးပဋိပက္ခဖြစ်သည့်သတင်း၊ နိုင်ငံရေး တင်းမာသည့်သတင်းတို့၊ တစ်ဖက်နှင့်တစ်ဖက်ဝေဖန်ထိုးနှက် ခြိမ်းခြောက်သည့်သတင်းတို့ကိုလည်း အတွေ့ရအတော့်ကိုနည်းသွားသည်။ နျူကလီးယားစစ်တို့၊ ကုန်သွယ်ရေးစစ်စသည့် အသံဗလံများလည်းတိတ်ဆိတ်သွားပေသည်။ 

စစ်မက်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ နိုင်ငံရေးစသည့်ကဏ္ဍများတွင် မိမိတိုင်းပြည်အသာစီးရရေးဆိုခြင်းထက် မိမိတိုင်းပြည်ထဲသို့ ဗိုင်းရပ်စ်ကူးစက် ပြန့်ပွားနေမှုများရပ်တန့်ရေးနှင့် ဗိုင်းရပ်စ်ရှိသူများ ဝင်ရောက်ခွင့်မရရှိရေးတို့က ပို၍ပင်အရေးကြီးနေသည်။ 

ရောဂါကူးစက်ခံထားရသော ကိုယ့်အိမ်သားများ ရောဂါပျောက်ကင်းရေး၊ ရောဂါကူးစက်မခံရသေးသော ကိုယ့်အိမ်သားများ ထပ်မံကူးစက်မခံရရေး၊ ကိုယ့်အိမ်ထဲကို ရောဂါရှိနေသည့် ဧည့်သည်တွေဝင်မလာစေရေးစသည်တို့ လက်ရှိနိုင်ငံများ အရေးတကြီးရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာပင်။

မြန်မာနိုင်ငံတွင် ဓာတ်ခွဲခန်းအတည်ပြုလူနာဟူ၍ တစ်ဦးမျှပင်မရှိသေးသည့်တိုင် အခြားနေရာ အခြားနိုင်ငံများတွင် နေ့စဉ်နှင့်အမျှ သေဆုံးသူဦးရေတိုးပွားလာသည်ကိုကြားသိနေရသည်မှာ မည်သို့မျှစိတ်ချမ်းသာနိုင်စရာမရှိသည့်ကိစ္စဟုပင် ဆိုရပေမည်။ တစ်ကမ္ဘာလုံးတွင် သေဆုံးသူမှာ ၅၀ဝ၀ နီးပါး၊ ကူးစက်ခံရသူမှာ သိန်းနှင့်ချီ၍။ 

မည်သည့်နိုင်ငံ မည်သည့်လူ့အဖွဲ့အစည်းတွင်မဆို 'ဘုံ' ဖြေရှင်းရမည့် ပြဿနာ တစ်နည်းအားဖြင့် 'ဘုံရန်သူ' ပေါ်လာလျှင် မတူညီသည့် နယ်ပယ်က ပုဂ္ဂိုလ်များ ညီညွတ်လာတတ်၊ ပေါင်းစည်းလာတတ်၊ တစ်ဖက်နှင့်တစ်ဖက် ဖေးမကူညီလာတတ်ကြသလို ဦးဆောင်ဦးရွက်ပြုမည့် ခေါင်းဆောင်ကောင်းများလည်း ပေါ်လာတတ်စမြဲဖြစ်သည်။ ယခု ကိုရိုနာဗိုင်းရပ်စ်က တစ်ကမ္ဘာလုံး၊ တစ်နည်းအားဖြင့် လူသားမျိုးနွယ်အားလုံး၏ ဘုံရန်သူ။ 

ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါဖြစ်နေသောကြောင့် ကျန်းမာရေးကဏ္ဍနှင့် အဓိကသက်ဆိုင်သည်ဟု ဆိုနိုင်သော်လည်း အလေးအနက်တွေးကြည့်လျှင် နယ်ပယ်အားလုံးနှင့်ဆိုင်သောအရေးကိစ္စကြီးသာပင်။ အစိုးရခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင်၊ လူမှုရေးခေါင်းဆောင်၊ ပညာရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင်၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား စသည်ဖြင့် ခေါင်းဆောင်များအားလုံးနှင့်လည်း သက်ဆိုင်ပေသည်။ 

ယင်းသို့ မတူညီသည့်နယ်ပယ်တွင်ရှိကုန်သော သူများအားလုံး ဆင်ခြင်တုံတရား၊ သတိတရား လက်ကိုင်ထားကာ အများပြည်သူအကျိုးစီးပွားကို စည်းစည်းလုံးလုံးဖြင့် အကာအကွယ်ပေးရန် ကြိုးပမ်းနိုင်ကြမည်ဆိုပါက ကိုရိုနာကဲ့သို့သော ဘုံရန်သူကိစ္စမျိုးတွင်သာမက နိုင်ငံဖွံ့ဖြိုးရေးကိစ္စအထိပါ ချောမွေ့စွာဆောင်ကြဉ်းနိုင်မည်ဖြစ်ကြောင်း ပြောလိုပေသည်။ ထို့အတူ နိုင်ငံတစ်နိုင်ငံ၏ အတက်အကျဟူသည်မှာလည်း ယင်းသို့သော မတူညီသည့်နယ်ပယ်မှ ခေါင်းဆောင်များ၏ ဆင်ခြင်တုံတရားနှင့် စည်းလုံးညီညွတ်မှုအပေါ် များစွာမူတည်နေသည်ကို ထောက်ပြလိုပေသည်။ 

အယ်ဒီတာ (၁၆ - ၃ - ၂၀၂၀)