News

POST TYPE

EDITORIAL

အကောင်းဆုံးကိုမျှော်လင့်၊ အဆိုးဆုံးအတွက်လည်းပြင်ထားပါ
16-Mar-2020
ကိုဗစ်ဟု အတိုကောက်ခေါ်၍ရသည့် COVID-19 ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှင့်ပတ်သက်၍ မြန်မာတို့၏ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် လူထုဆန္ဒသဘောထားတစ်ရပ်ကောက်ယူမှုပြုလုပ်ခဲ့ရာ ထိုင်းပြည်သူ ၆၀ ရာခိုင်နှုန်းကျော်က စိုးရိမ်ပူပန်မိကြောင်း ဖြေကြားပြီး ၁၃ ရာခိုင်နှုန်းလောက်ကသာ လုံးဝစိုးရိမ်ခြင်းမရှိဟု ဖြေကြားကြသည်ဟု သိရပါသည်။ 

တကယ်တော့ ထိုင်းတစ်နိုင်ငံတည်းမဟုတ်ပေ၊ မြန်မာနိုင်ငံတွင် စစ်တမ်းကောက်ကြည့်မည်ဆိုလျှင်လည်း စိုးရိမ်ပူပန်သည့် လူဦးရေများပြားနေမည်သာပင်ဖြစ်သည်။ ဆန္ဒသဘောထားစစ်တမ်းကောက်ယူခြင်းမျိုးမရှိသေး၍သာ အတိအကျမသိရခြင်းဖြစ်သည်။ 

ဆင်းရဲချမ်းသာနိုင်ငံမရွေး၊ လူပုဂ္ဂိုလ်အဆင့်အတန်းမရွေးဘဲကူးစက်တတ်သည့် ယင်းဗိုင်းရပ်စ်ကြောင့် အခြားကမ္ဘာ့နိုင်ငံများတွင်လည်း အလားတူစွာ စိုးရိမ်ပူပန်မှုမြင့်တက်နေမည်မှာ သေချာပါသည်။ တစ်ချိန်က ရောဂါဆိုးကြီးများအဖြစ်သတ်မှတ်ခံခဲ့ရသည့် HIV/AIDS လို ဖြစ်ပေါ်စေသည့် ဗိုင်းရပ်စ်ထက်ပင် လူသားများကို အကြီးအကျယ် ခြိမ်းခြောက်အန္တရာယ်ပြုနေသည့်ရောဂါကြီးဖြစ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကိုယ်တိုင်က ကူးစက်မြန်ကမ္ဘာ့ကပ်ရောဂါအဖြစ်သတ်မှတ်ကြေညာထားသည့် ရောဂါလည်းဖြစ်ပေရာ ကိုဗစ်ကို မကြောက်သည့်နိုင်ငံလည်းရှိမည်မဟုတ်ပေ။

ကမ္ဘာကြီးတွင် ယင်းဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုမြင့်တက်နေချိန်တွင် ယင်းဗိုင်းရပ်စ်နှင့်အတူ ပေါက်ဖွားလာသည့် သတင်းတု သတင်းအမှားများကိစ္စကလည်း အလားတူကြောက်စရာကောင်းလှပေသည်။ မနေ့တစ်နေ့ကဆိုလျှင် သတင်းမှားအချို့ပေါ်ထွက်လာပြီးနောက် ဆူပါမားကက်အချို့တွင် ဆန်၊ ဆီ၊ ဆားနှင့် ခေါက်ဆွဲခြောက်ထုပ်များ အလုအယက်ပြေးဝယ်သည့် ဈေးဝယ်များကြောင့် အုံးအုံးကျွက်ကျွက်ဖြစ်သွားခဲ့သည်မဟုတ်ပါလော။ သို့သော် သတင်းအမှားကို သတင်းအချက်အလက်အမှန်ဖြင့် တန်ပြန်ရှင်းထုတ်နိုင်သူများစွာ အသင့်ရှိနေခဲ့ခြင်းကြောင့် ဗရုတ်သုက္ခမဖြစ်တော့ဘဲ အချိန်တိုအတွင်း ပုံမှန်တည်တည်ငြိမ်ငြိမ်ပြန်ဖြစ်ခဲ့ခြင်းပင်။ 

မြန်မာနိုင်ငံတွင် ယမန်နေ့ကအထိ ထိုဗိုင်းရပ်စ်ကူးစက်ခံရသူမတွေ့ရှိသေးပေ။ အပူပိုင်းနှင့် အအေးပိုင်းဒေသနှစ်မျိုးစလုံးမှ နိုင်ငံပေါင်း ၁၂၀ ကျော်တွင်ကူးစက်ဖြစ်ပွားနေသော်လည်း မြန်မာပြည်တွင် ယနေ့အထိ ဓာတ်ခွဲခန်းအတည်ပြုလူနာမတွေ့ရှိခြင်းနှင့်ပတ်သက်၍ ထင်ကြေးပေးပြောဆိုမှုအမျိုးမျိုးရှိကြသည်။ သံသယဝင်ကြသည်ဆိုပါတော့။ မြန်မာသည် ယခု ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေသည့် နိုင်ငံကြီးအချို့လောက် ကျန်းမာရေးစောင့်ရှောက်မှုမကောင်းသည်မှာ မှန်သော်လည်း ယနေ့ခေတ်သည် သတင်းမှားများသည်ပင် ၂၄ နာရီပြည့်အောင်မခံတော့သည့်ခေတ်၊ တစ်နည်းအားဖြင့် ထိုကပ်ရောဂါကိစ္စကဲ့သို့ သတင်းများ ဖုံးကွယ်ရန်ခက်ခဲသော ခေတ်ကာလဖြစ်သည်ကို ထောက်ဆကြည့်သင့်ပေသည်။ 

မြန်မာတို့သည် ကျန်းမာရေးကိစ္စဖြစ်လာလျှင် အမြဲပင်တစေ စိုးရိမ်ပူပန်ခဲ့ကြရသူများဖြစ်ကြသည်။ အသိမရှိ၊ အပိုင်ဆွေမျိုးမရှိလျှင် မည်သူ့ကိုဆရာတင်ရမှန်းမသိဘဲ မျက်စိသူငယ် နားသူငယ်ဖြစ်ကြရစမြဲပင်။ သို့အတွက် ဆေးရုံဆိုလျှင်ကြောက်ကြသည်။ ရောဂါရှာဖွေစမ်းသပ်ခတို့၊ ဆေးဖိုးဝါးခတို့ကိုကြောက်ကြသလို အော်ငေါက်တတ်သည့် ဆရာဝန်မျိုး၊ သူနာပြုမျိုးကိုလည်း ကြောက်ခဲ့ကြရသည်။ 

သို့သော်ခေတ်ပြောင်းစနစ်ပြောင်းတွင် အဆိုပါကိစ္စအတော်များများလည်းပြောင်းလဲလာသည်။ ရန်ကုန်ဆေးရုံကြီးအပါအဝင် နိုင်ငံပိုင်ဆေးရုံများသို့ရောက်ဖူးသူတိုင်း ထိုအပြောင်းအလဲကို သတိထားမိကြသည်။ လူနာများနှင့် ကျန်းမာရေးအမှုထမ်းများ အကြားဆက်ဆံရေးမှာ အတော့်ကိုအချိုးတကျဖြစ်လာသည်။ တစ်နေ့ကဆိုလျှင် ကိုရိုနာဗိုင်းရပ်စ်သံသယကြောင့် စောင့်ကြည့်ခံရသည့် နိုင်ငံခြားသားလူနာနှစ်ဦးက မြန်မာကျန်းမာရေးဝန်ထမ်းများ၏ ပြုစုစောင့်ရှောက်မှုကို ချီးမွမ်းသည့်သတင်းတစ်ပုဒ်ကိုပင် ထူးထူးခြားခြားတွေ့ရပေသည်။ 

မြန်မာပြည်မှာ အဆိုပါကမ္ဘာ့ကပ်ရောဂါကြီး ကူးစက်ဖြစ်လာမှာလား မဖြစ်ဘူးလားဆိုသည်မှာ လူတိုင်းသိချင်ကြသည့်ကိစ္စဖြစ်သလို မည်သူမှလည်းတပ်အပ်မပြောနိုင်သည့်ကိစ္စဖြစ်ပေသည်။ ဖြစ်နိုင်ခြေရှိ၍ ထိတ်ထိတ်ပျာပျာ်ဖြစ်နေ၍ မဖြစ်သလို၊ မဖြစ်နိုင်ပါဘူးဆိုပြီး ပေါ့ပေါ့ဆဆနေ၍လည်းမဖြစ်ပေ။ မေတ္တာဘဝနာပွားများလေ့ရှိကြသည့် မြန်မာပြည်သူများအတွက်မူ သက်ဆိုင်ရာကျန်းမာရေးဌာနက ညွှန်ကြားချက်များကို အမြဲစောင့်ကြည့်ပြီး ယင်းအတိုင်းတသဝေမတိမ်းပြုမူနေထိုင်ကာ မြန်မာနိုင်ငံသာမက အခြားကမ္ဘာနိုင်ငံများပါ ကပ်ရောဂါများကင်းဝေးရန် ဆန္ဒမွန်ကောင်းများထားသင့်ပေသည်။ အစိုးရ၏ ကျန်းမာရေးအာဏာပိုင်အဖွဲ့အနေနှင့်မူ ၂၀၂၀ အတွင်းဖြစ်နိုင်ခြေများကို ကြိုတင်တွက်ဆပြီး အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးအခြေအနေအားလုံးအတွက် သေချာပေါက်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း မေတ္တာဖြင့်အကြံပြုလိုက်ရပါသည်။ 

အယ်ဒီတာ ( ၁၅-၃-၂၀၂၀)