News

POST TYPE

EDITORIAL

အမှားပြင်တတ်တဲ့သူတွေ အချိန်ပြည့်ရှိနေစေချင်
15-Mar-2020
“စကားစကား ပြောပါများ၊ စကားထဲက ဇာတိပြ” ဆိုတဲ့ဆိုရိုးကို မြန်မာလူမျိုးတိုင်းသိထားကြပါတယ်။ သည်ဘက်ခေတ်၊ အထူးသဖြင့် ဆိုရှယ်မီဒီယာခေတ်မှာတော့ 'ပို့စ်တွေရေးတင်တာများ၊ ပို့စ်တွေထဲကဇာတိပြ' လို့ပြောရမယ်ထင်ပါတယ်။ ပို့စ်တွေရေး၊ ကွန်းမန့်တွေပေးတာလည်း ဆိုရှယ်မီဒီယာပေါ်မှာ တစ်နည်းတစ်ဖုံ စကားပြောကြာတာပဲမဟုတ်ပါလား။ 

စကားအပြောအဆိုနဲ့ပတ်သက်ပြီး ပညာရှိပုဂ္ဂိုလ်တွေ အဆက်ဆက်သတိပေးခဲ့တဲ့ ဆိုရိုးတွေလည်း မြန်မာစကားပုံမှာ အမြောက်အမြားရှိနေပါသေးတယ်။ “ကြမ်းကျွံလျှင် နုတ်၍ရသည်၊ နှုတ်ကျွံလျှင် နုတ်မရ” ၊ “ပီယဝါစာ ချစ်ဖွယ်သောစကား၊ ချိုသာသောစကားသာဆိုပါ” စသဖြင့်အများကြီးပါ။ သတိပေးထားတာတွေမကုန်နိုင်လောက်အောင်ပါပဲ။ 

လူဆိုတာ အဖော်အပေါင်းနဲ့ဖြစ်ဖြစ်၊ မိသားစုနဲ့ဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်နဲ့ပဲဖြစ်ဖြစ် စကားပြောချင်ကြတာချည်းပါပဲ။ သိထားတာတွေ၊ ကြုံတွေ့ခဲ့တာတွေ၊ ခံစားရတာတွေကို အသိပေးပြောပြချင်၊ ဖလှယ်ချင်၊ ဝေမျှချင်ကြတာများပါတယ်။ သည်နေ့သည်အခါမှာတော့  လူချင်းမတွေနိုင်ပေမယ့်လည်း မက်ဆင်ဂျာတို့၊ ဗိုက်ပါတို့၊ ဖေ့စ်ဘွတ်ပို့စ်တို့ စတာတွေကနေ ကိုယ်ပြောချင်တိုင်းပြောဆိုခွင့်တွေပိုရလာကြပြီပဲဖြစ်ပါတယ်။ လူချင်းမတွေ့နိုင်ပေမယ့် အဲဒီ နည်းပညာကဖန်တီးပေးထားတဲ့ ပလောက်ဖောင်းအသီးသီးကနေတစ်ဆင့် ပြောဆိုနိုင်ကြတာပဲဖြစ်ပါတယ်။ 

ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေ ခွန်အားရှိစေနိုင်မယ့် စကားမျိုးသာမက သာမန်ညောင်ညကိစ္စတွေ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၊ အဖွဲ့အစည်းတစ်ခုချင်းစီရဲ့ ကောင်းသတင်း၊ ဆိုးသတင်းသာမက ကောလာဟလတွေနဲ့ အတင်းအဖျင်းတွေကို အွန်လိုင်းကတစ်ဆင့် လွတ်လွတ်လပ်လပ်ပြောဆိုလာနိုင်ကြတာပေါ့။ အဲဒီမှာ တစ်ခုအရေးတကြီးသတိထားဖို့လိုတာက မဟုတ်မမှန်တဲ့ကိစ္စတွေ၊ မဖြစ်နိုင်တာတွေ၊ သတင်းမှားတွေ၊ ကောလာဟလတွေကို မပြောမိ၊ မဝေမျှမိဖို့ပါပဲ။ 

မြန်မာ့လူ့အဖွဲ့အစည်းကိုသာမက ကမ္ဘာပေါ်မှာရှိတဲ့လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံးကို မျက်မှောက်ခေတ်ကာလမှာ ဒုက္ခပေးနေတဲ့အရာတွေထဲမှာ သတင်းမှား၊ သတင်းတုတွေနဲ့ ကောလာဟလတွေက ထိပ်ဆုံးကပါဝင်နေပါတယ်။ 

အဲဒီလို သတင်းအချက်အလက်အလွဲအမှားတွေ၊ တမင်တကာလုပ်ကြံထားတဲ့သတင်းတွေစတာတွေ လူအများကြားပြန့်နှံ့သွားတဲ့အကြောင်းအရင်းတွေကို ဆန်းစစ်ကြည့်မယ်ဆိုရင် ခင်မင်ရင်းနှီးမှုနဲ့ ယုံကြည်မှုပေါ်မှာ အခြေခံထားတာကိုတွေ့ရပါလိမ့်မယ်။ လူဆိုတာ ကိုယ်ယုံရတဲ့သူ၊ ကိုယ်ခင်ရတဲ့သူ၊ ကိုယ်နဲ့ရင်းနှီးတဲ့သူတွေ ပြောတဲ့စကားကို ပိုပြီးယုံလွယ်တတ်ကြ၊ လက်ခံတတ်ကြတာပဲမဟုတ်ပါလား။ 

အဲဒီမှာ အမှားကိုအမှန်ထင်ပြီး ကိုယ်ခင်မင်ရင်းနှီးတဲ့သူတွေကို သိစေချင်တဲ့ဆန္ဒနဲ့ ဝေမျှမိလိုက်တဲ့အခါမှာ ကောလာဟလလိုအရာတွေပြန့်နှံ့သွားတတ်တာပါ။ ကိုယ်ကကောင်းစေချင်တဲ့ ဦးတည်ချက်နဲ့လုပ်ပေမယ့် ကိုယ်အသိပေးတဲ့အရာ ဝေမျှမိတဲ့အရာက ကောင်းကျိုးဘက်ကို ဦးမတည်နိုင်တဲ့ကိစ္စဖြစ်သွားတာမျိုးဟာ အင်မတန်သတိထားဖို့ကောင်းပါတယ်။ စေတနာအမှားပေါ့။ တွေးကြည့်ရင် စေတနာအမှားဆိုတာ အင်မတန်လည်းကြောက်ဖို့ကောင်းပါတယ်။ 

လူ့အဖွဲ့အစည်းထဲမှာ ဘာဖြစ်တော့မယ် ညာဖြစ်တော့မယ်၊ ဘာဖြစ်နေပြီ ညာဖြစ်နေပြီ ဆိုပြီး မဟုတ်မမှန်သတင်းတွေထွက်ပြီး ရုပ်ရုပ်သဲသဲဖြစ်တာတွေဟာ အဲဒီစေတနာအမှားတွေကြောင့်ပါပဲ။ အဲဒီ မဟုတ်မမှန်တာတွေကို တကယ်ယုံပြီး ကိုယ်ခင်မင်ရင်းနှီးတဲ့သူတွေ၊ ဆွေမျိုးသားချင်းတွေသိအောင် ဝေမျှကြတဲ့အထဲမှာ ဘွဲ့ရပညာတတ်တွေ အများကြီးပါဝင်နေတာဟာလည်း အင်မတန်ဝမ်းနည်းစရာ စိတ်ပျက်စရာကောင်းတယ်လို့ပဲဆိုရတော့မှာပါ။ 

ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဘက်ကကြည့်မယ်ဆိုရင် ဆိုရှယ်မီဒီယာနဲ့ တစ်ဦးနဲ့တစ်ဦးအပြန်အလှန်ဆက်သွယ်ကြရတဲ့ခေတ်မှာ သတင်းတုတွေ သတင်းမှားတွေ ကောလာဟလတွေများလွန်းတယ်လို့ဆိုလို့ရပေမယ့်လည်း တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင် အဲဒီသတင်းမှားတွေကို မိနစ်ပိုင်းအတွင်းမှာ တန်ပြန်ချေပနိုင်တဲ့အခွင့်အရေးရှိနေကြတယ်ဆိုတာကတော့ ငြင်းလို့မရပါဘူး။ 

ယခင်ခေတ်ကာလတွေကဆိုရင် သတင်းမှားတွေ ကောလာဟလတွေဘယ်လောက်ပဲထွက်ထွက် ဘယ်သူကမှ အတည်ပြုပေးနိုင်တာမျိုး အမှားပြန်ပြင်ပေးတာမျိုးလုပ်ခွင့်မရှိခဲ့ကြဘူးဆိုတာ မှတ်မိကြမှာပါ။ အဲဒီတော့ အကြောင်းအရာတစ်ခုကို ဝေမျှတော့မယ်၊ ပို့စ်တင်တော့မယ်၊ မက်ဆေ့ချ်ပို့ တစ်ဖက်မှာ ဆင်ခြင်ဉာဏ်နဲ့ ဦးစွာလေ့လာဆန်းစစ်ကြဖို့လိုအပ်ပါတယ်။ တခြားတစ်ဖက်မှာလည်း အမှားတွေဘယ်လိုတက်လာပါစေ အမှားကိုအမှန်ဖြစ်အောင် ပြင်ပေးကြရန် အသင့်ရှိနေဖို့လိုလည်း အရေးကြီးတယ်လို့ ပြောချင်ပါတယ်။ အမှားတွေဘယ်လိုလာလာ အမှန်တွေကအင်အားပိုကြီးဖို့ပဲအရေးကြီးတာမဟုတ်လား။ 

အယ်ဒီတာ