News

POST TYPE

EDITORIAL

မြန်မာတို့အတွက် အရေးကြီးသည့် ကျန်းမာရေးအသိ
06-Mar-2020
ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဆိုသည့်အဆိုကို မြန်မာတိုင်းကြားဖူးရုံတင်မကဘဲ ကောင်းစွာလည်း နားလည်သဘောပေါက်ကြလိမ့်မည်ဟု ထင်ပါသည်။ ကျန်းမာနေသည့် အနေအထားတစ်ခု၊ ကျန်းမာနေသည့်ဘဝ တစ်ခုလက်လွှတ်ဆုံးရှုံး လိုက်ရသည်နှင့် အခြားအရာများအားလုံးလည်း လက်လွှတ်ဆုံးရှုံးလိုက်ရသည့် သဘောမျိုးရှိသည် အမှန်မဟုတ်ပါလော။ 

ကျန်းမာရေးနှင့်ပတ်သက်၍ လူအတော်များများတွင် ယေဘုယျတူညီကြသည့်အချက်မှာ ကျန်းမာနေချိန်တွင် ကျန်းမာခြင်း၊ အနာရောဂါကင်းစင်ခြင်း၏တန်ဖိုးကို အလေးအနက်မထားတတ်ဘဲ မကျန်းမမာဖြစ်သည့်အခါရောက်မှ ကျန်းမာခြင်း၏ တန်ဖိုးကို နားလည်တတ်ကြခြင်းပင်။ 

နာဖျားသည့်အခါ၊ စားချင်တာမစားရသည့်အခါ၊ သွားချင်တိုင်းမသွားနိုင်သည့်အခါ၊ လုပ်ချင်တိုင်း လိုက်မလုပ်နိုင်တော့သည့်အခါရောက်မှ ကျန်းမာခြင်းသည် မည်မျှအတိုင်းအတာအထိ တန်ဖိုးကြီးမားသည်ကို သဘောပေါက်လေ့ရှိကြပေသည်။ ရယ်မောစေလိုသည့် ဆန္ဒဖြင့်ပြောရမည်ဆိုလျှင် လျှပ်စစ်မီးလာနေချိန်၊ မီးရရှိနေချိန်တွင် မီး၏တန်ဖိုးကို အမှုမဲ့အမှတ်မဲ့သဘောမျိုးရှိတတ်ပြီး မီးပြတ် တောက်သွားချိန်ရောက်မှ အဆိုပါလျှပ်စစ်မီး၏ တန်ဖိုးကို နားလည်သဘောပေါက်လာ၊ လျှပ်စစ်မီးပုံမှန်ရလိုသည့် ဆန္ဒဖြစ်လာသည့် သဘောမျိုးနှင့်ပင်ဆင်ပေသည်။ 

ကျန်းမာစေသည့်အကြောင်းအရင်းများအနက် အဓိကအရေးကြီးသည်မှာ 'ကံ၊ စိတ်၊ ဥတု၊ အာဟာရ ညီမျှပါမှ' ဆိုသောအချက်ကိုလည်း မြန်မာတို့အနေနှင့် ကောင်းစွာသိရှိနားလည်းပြီးသားဖြစ်ပါလိမ့်မည်။ အဆိုပါအကြောင်းလေးခုအနက် အာဟာရကိစ္စသည် ယနေ့ခေတ် မြန်မာတို့၏ ကျန်းမာရေးကိုအဓိက ပြဿနာရှာနေသည့်ကိစ္စကြီးတစ်ရပ်ဟုဆိုလျှင်မှားမည်မဟုတ်ပေ။ ခေတ်ကာလအနေအထားအရ ဓာတုဆိုးဆေးနှင့် ဓာတုဆေးဝါးများပါသည့် အစားအသောက်များ ယခင်ကထက်များပြားလာသည်ကတစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ပိုးသတ်ဆေးအလွန်အကျွံသုံးစွဲမှုမြင့်တက်လာသည်ကတစ်ကြောင်း မြန်မာတို့အတွက် အာဟာရကိစ္စသည် ပို၍ပြဿနာကြီးသလိုဖြစ်နေပေသည်။ 

ထို့ပြင် မှီဝဲသင့်သည့်အာဟာရ၊ တစ်နည်းအားဖြင့် ကျန်းမာရေးအတွက် စားသင့်စားထိုက်သည့် အစားအစာနှင့် ရှောင်ကြဉ်သင့်သည့် အစားအစာကို ခွဲခြားတတ်သည့် ကျန်းမာရေးအသိနိမ့်ပါးခြင်းကြောင့် မြန်မာလေးဦးအနက်တစ်ဦးမှာ အချိန်မတိုင်မီ ဘဝဇာတ်သိမ်းကြရပြီး အများစုမှာ ကင်ဆာစသည့် ရောဂါဆိုးကြီးများ၏ ခြိမ်းခြောက်မှုများနှင့်ရင်ဆိုင်ကြရပေသည်။ 

နည်းပညာတိုးတက်လာသည့်ခေတ်တွင် ကျန်းမာရေးအာဏာပိုင်များနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဘက်မှ တာဝန်ရှိသူများအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများက နည်းပညာအကူအညီကိုရယူကာ တစ်ဖက်တွင် ပြည်သူ့ကျန်းမာရေးကို အန္တရာယ်ပေးခြိမ်းခြောက်နေသည့် အစားအသောက်များ ပျောက်ကွယ်သွားအောင်ပြုလုပ်ပြီး တစ်ဖက်က ပြည်သူများ၏ ကျန်းမာရေး အသိမြင့်တက်လာအောင် ဆောင်ကြဉ်းပေးရမည်ဖြစ်ပါသည်။ ပြည်သူများအနေနှင့်လည်း ယနေ့ခေတ် လူမှုကွန်ရက်များအပါအဝင် သတင်းအချက်အလက် နည်းပညာများကို အကျိုးရှိရှိအသုံးချပြီး ကျန်းမာရေးအသိဉာဏ်များ ပိုမိုမြင့်မားလာအောင်၊ ကျန်းမာပျော်ရွှင်ဖွယ်ကောင်းသော လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်လာအောင် လုပ်ဆောင်ကြရပေမည်။ 

ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ၊ ပျော်ရွှင်ဖွယ်ကောင်းသောလူ့အဖွဲ့အစည်းဆိုသည်မှာ ကျန်းမာရေးကို လာဘ်ကြီးတစ်ပါးသဖွယ် တန်ဖိုးထားတတ်ပြီး ကျန်းမာအောင် အသိဉာဏ်ရှိရှိ ပြုမူသူများစုဖွဲ့ထားသည့် အသိုင်းအဝိုင်းကိုဆိုလိုကြောင်းနှင့် ကျန်းမာရေးနှင့်ဆိုင်သော ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများဟူသည် အစိုးရတစ်ရပ်တည်း (ကျန်းမာရေးဌာနတစ်ခုတည်း)နှင့်သာသက်ဆိုင်သည်မဟုတ်ဘဲ မြန်မာပြည်သူတစ်ဦးချင်းစီနှင့်လည်း တိုက်ရိုက်ပတ်သက်နေသည်ကို သတိပြုကြရမည်ဖြစ်ကြောင်း အကြံပြုဖော်ပြလိုက်ရပေသည်။ 

အယ်ဒီတာ ( ၅ - ၃ - ၂၀၂၀)