News

POST TYPE

EDITORIAL

ကမ္ဘာလုံး အချိတ်အဆက်ဆိုတာ
05-Mar-2020
COVID-19 ဟုခေါ်သည့် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့နိုင်ငံပေါင်း ၆၀ လောက်တွင် ဖြစ်ပွားနေသော်လည်း ယနေ့အချိန်အထိ မြန်မာပြည်တွင် ဓာတ်ခွဲခန်း အတည်ပြုလူနာမရှိသေး၍ မိမိနှင့်မဆိုင်သောကိစ္စ ၊ မိမိနိုင်ငံတွင်ဖြစ်မလာနိုင်သောကိစ္စတစ်ခု အဖြစ်တွေးမည်ဆိုလျှင် ယနေ့ခေတ်အခါအတွက် ကလေးဆန်လွန်းသည့်အတွေးဟုပင်ဆိုရပေမည်။ 

သို့အတွက်ကြောင့် အစိုးရအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် မီဒီယာအသီးသီးတို့တွင် ယင်းရောဂါ အချိန်မရွေးကူးစက်လာနိုင်၊ လူအစုလိုက် အပြုံလိုက်ရောဂါဖြစ်ပွားလာနိုင်ခြေရှိကြောင်း နေ့စဉ်နှင့်အမျှ အဆက်မပြတ် သတိပေးလျက်ရှိသည်ကိုတွေ့ မြင်ရခြင်းဖြစ်ပါသည်။ ယမန်နေ့ကကျင်းပသည့် လွှတ်တော်အစည်းအဝေးတစ်ခုတွင်မူ ကိုယ်စားလှယ်အမြောက်အမြား နှာခေါင်းစည်းတပ်ပြီးတက်ရောက်လာကြသည်ကိုပင် ထူးထူးခြားခြားတွေ့ မြင်လာရပေသည်။ ထားတော့။ 

ပြောလိုသည်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လာမလား၊ မကူးစက်ဘူးလားဆိုခြင်းထက် တစ်နိုင်ငံနှင့်တစ်နိုင်ငံ နိုင်ငံရေးအရ၊ စီးပွားရေးနှင့် ကုန်သွယ်ရေးအရ၊ ကျန်းမာရေးအရ မဆက်စပ်မပတ်သက်ဘဲနေ၍ မည်သို့မျှမရနိုင်သော၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူးလူးဆက်ဆံမှ ဖွံ့ဖြိုးမှုကိုကောင်းစွာအကောင်အထည်ဖော်နိုင်မည်ဖြစ်သော ခေတ်ကာလကို နားလည်သဘောပေါက်ရန် အရေးကြီးသည့်အကြောင်းပင်။ 

ကမ္ဘာလုံးအချိတ်အဆက်ရှိနေသောခေတ်စနစ်ထဲတွင် မြန်မာနိုင်ငံလည်း ထဲထဲဝင်ဝင်ပါဝင်နေသည်မှာ အဆိုပါ ကမ္ဘာလုံးပြဿနာကြီးသဖွယ်ဖြစ်လာသည့် COVID-19 ကူးစက်ရောဂါပြဿနာတွင် မျက်ဝါးထင်ထင်တွေ့မြင်လာရပါသည်။ ယင်းဗိုင်းရပ်စ်ကြောင့် ယခုအခါ ပြည်တွင်းခရီးသွားလုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများ သိသိသာသာထိခိုက်လာရသလို စက်မှုကုန်ထုတ်လုပ်ငန်းများ၏ တိုးတက်မှုမှာလည်း အဆိုပါ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု မြင့်တက်နေခဲ့သည့် ပြီးခဲသည့်လအတွင်း အမှတ်မထင် တုံ့ဆိုင်းသွားခဲ့ပေသည်။ 

ဗိုင်းရပ်စ်ကြောင့် သွင်းကုန်နှင့် ကုန်ချောစတော့များလည်း လျော့နည်းလာကာ ငွေကြေးဖောင်းပွမှုမြင့်တက်မည့် အနေအထားထိပင်ရောက်ရှိလာသည်ဟု သိရပေသည်။ ဤအတိုင်းသာ ကမ္ဘာအနှံ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု လျော့ကျမသွားဘဲ ဆက်လက်မြင့်တက်နေမည်၊ ကပ်ရောဂါပုံစံဖြင့် နိုင်ငံတိုင်းကို ခြိမ်းခြောက်နေမည်ဆိုပါက မြန်မာနိုင်ငံလည်း ယင်းဗိုင်းရပ်စ်ကူးစက်မခံရသည့်တိုင် တိုင်းပြည်စီးပွားရေးမှာ အကြီးအကျယ်ထိခိုက်နစ်နာလာရပေတော့မည်။ ကမ္ဘာလုံးအချိတ်အဆက်ကြီးမှ မြန်မာနိုင်ငံရှောင်ထွက်နေ၍မရနိုင်သောအချက်ကို COVID-19 က တစ်မျိုးတစ်ဖုံသက်သေထူနေခြင်းဖြစ်သည်။

နဂိုကတည်းက ဖွံ့ဖြိုးမှုနောက်ကျခဲ့ပြီး ဓနအင်အား၊ လူသားအရင်းအမြစ်စွမ်းအားနည်းပါးခဲ့သော နိုင်ငံတစ်နိုင်ငံအတွက် ဖွံ့ ဖြိုးတိုးတက်ရေး၊ စီးပွားရေး ကောင်းမွန်ရေးတို့အတွက် ကမ္ဘာလုံးအချိတ်အဆက်အပေါ် မဖြစ်မနေမှီခိုအားထား ရသည်မှာမှန်သော်လည်း တစ်ကမ္ဘာလုံးနှင့်ဆိုင်သော ပြဿနာတစ်ရပ်ကြောင့် အဆိုပါအချိတ်အဆက်ကြီး ကမောက်ကမဖြစ်လာချိန်တွင် မိမိတို့ပါလိုက်ပါ ဒုက္ခမတွေ့စေရန် မည်သို့တုံ့ပြန်ကြမည်နည်းဆိုသည့်မေးခွန်းမှာ ယနေ့မြန်မာတို့အတွက် ဧရာမပုစ္ဆာတစ်ရပ်ဖြစ်ပေလိမ့်မည်။ 

သေချာသည်မှာ တိုင်းပြည်၏ ကဏ္ဍအသီးသီးကို ဦးဆောင်ကြမည့်နေရာတွင်ရှိကုန်သော ပုဂ္ဂိုလ်များအနေနှင့် ကမ္ဘာလုံးအချိတ်အဆက်ကောင်းစွာသဘော ပေါက်ထားရမည်ဖြစ်သလို ယင်းအချိတ်အဆက်ကို ကောင်းစွာအသုံးချကာ လှိုင်းစီးနေသည့် အခြားနိုင်ငံကြီးများမှ ပုဂ္ဂိုလ်များ စဉ်းစားတွေးခေါ်နိုင်၊ လုပ်ကိုင်ကြံဆနိုင်ရန် အရေးကြီးကြောင်း ထောက်ပြလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ ( ၄ - ၃ - ၂၀၂၀)