News

POST TYPE

EDITORIAL

ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ ဘယ်သူ့အတွက်လဲ
04-Mar-2020
ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ဖူးသည့် ကွယ်လွန်သူ တောင်အာဖရိက လူမည်းခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား ငြိမ်းချမ်းရေးဆွေးနွေးမှုများနှင့်ပတ်သက်၍ မှတ်မှတ်ရရ    ပြောဖူးသောစကားတစ်ခွန်းရှိပေသည်။ 

'လွတ်လပ်မှုရှိထားတဲ့သူတွေသာ ဆွေးနွေးနိုင်တယ်' ဟူ၍ပင်။ သူပြောသွားသည်မှာ Only free man can negotiate ဖြစ်ပါသည်။ 

ကိုယ်ကျိုးစီးပွားတို့၊ မိမိအဖွဲ့အစည်း၊ မိမိပါတီ၊ မိမိအုပ်စုနှင့် မိမိလူမျိုး စသည့်အကျိုးစီးပွားတို့၊ ကြိုးကိုင်ခံထားရမှုတို့ စသည့်အနှောင်အဖွဲ့များမှ ကင်းလွတ်နေသူတို့သာ ပို၍ ထိထိရောက်ရောက်ဆွေးနွေးနိုင်၊ စေ့စပ်ညှိနှိုင်းမှုပြုနိုင်သည် ဆိုသောအချက်ကို နယ်လ်ဆင်မင်ဒဲလားကထောက်ပြခဲ့ခြင်းဖြစ်ပေသည်။ အနှောင်အဖွဲ့ကင်းလေ ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့်ရှိလေ၊ ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့်ရှိလေ ဆွေးနွေးပွဲများ ပိုမိုအသက်ဝင်လေဖြစ်သည့်သဘောကို ဆိုလိုပေသည်။ 

ငြိမ်းချမ်းရေးတို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်အစိုးရရော၊ ယခုအစိုးရတို့ပါ ဝေဝေဆာဆာပြောဆိုကြ၊ ဆွေးနွေးပွဲများပြုလုပ်ကြ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အသင်းအဖွဲ့အစည်းများထူထောင်ကြ စသည်ဖြင့်လုပ်ကိုင်ဆောင်ရွက်နေကြသည်မှာ ယခုဆို ၁၀ နှစ် နီးပါးရှိလာပြီဖြစ်ပေသည်။ တိုင်းရင်းသားခေါင်းဆောင်များ ၊ အစိုးရခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များသာမက ပြည်တွင်း၊ ပြည်ပပညာရှင်များ စသည်ဖြင့် ပူးပေါင်းပါဝင်ခဲ့ကြသော်လည်း ယနေ့အထိ ငြိမ်းချမ်းရေးမဆိုထားနှင့် အပစ်အခတ်ရပ်သည့် အရိပ်အယောင်မျှပင် မတွေ့ရသေးသည်ကိုတော့ အထူးပင် အားမလိုအားမရ ဖြစ်မိပေသည်။ 

ပြီးခဲ့သည့် သီတင်းပတ်ကလည်း ရခိုင်ပြည်နယ်၊ မင်းပြားဘက်တွင် လသားအရွယ်သာရှိသေးသည့် ကလေးငယ်လေးတစ်ဦး (အပြစ်မဲ့သည့်ကလေးငယ်လေးတစ်ဦး) ဘာမဆိုင် ညာမဆိုင် သေနတ်ထိမှန်သေဆုံးသွားခဲ့ရသည်။ မည်သည့် လက်နက်ကိုင်အဖွဲ့ကမျှ ၎င်းတို့လက်ချက်ကြောင့် ယင်းကလေးငယ် ထိမှန်သွားခြင်းဖြစ်သည်ဟု သတ္တိရှိရှိဖြင့် ဝန်ခံပြောဆိုလာခြင်းမရှိသည်မှာ လွန်စွာစိတ်ပျက်ဖွယ်၊ ခံပြင်းဖွယ်ကောင်းလှပေသည်။ 

အပေါ်ပိုင်းတွင် ငြိမ်းချမ်းရေးဟန်ပြလုပ်ပြီး အောက်ပိုင်းတွင်ဖြစ်ချင်တိုင်းဖြစ်ပါစေဟု သဘောထားရှိကြ၍လော။ သို့မဟုတ် အပေါ်ပိုင်းက လုပ်နေသည့် ငြိမ်းချမ်းရေးကို အောက်ပိုင်းက မထီမဲ့မြင်လုပ်နေခြင်းလော စသည်ဖြင့် မေးခွန်းထုတ်မည်ဆိုလျှင် မေးစရာတွေတသီကြီးထွက်ပေါ်လာမည်သာပင်။ သေချာသည်မှာ ကျည်တစ်တောင့်၊ ကလေးငယ်အသက်တစ်ချောင်းအတွက် တာဝန်မယူရဲသည့်သူများဦးဆောင်နေသည့် ငြိမ်းချမ်းရေးမှာ သက်ဆိုင်သူ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ အကျိုးစီးပွားကို ဦးတည်သည့် ငြိမ်းချမ်းရေးမဟုတ်ဘဲ အာဏာနှင့် လုပ်ပိုင်ခွင့်ကိုသာ မျက်စိကျနေသူများ လိုသလိုပုံဖော်ထားသည့် ငြိမ်းချမ်းရေး   မျိုးသာဖြစ်နေပေမည်။ 

တစ်နေ့ကလည်း ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ဘက်မှာ မြန်မာကျပ်ငွေ ၃၈ ဘီလီယံကျော်တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသောဆက်စပ်ပစ္စည်းများ အစုလိုက်၊ အပြုံလိုက်ဖမ်းမိခဲ့သည်။ ယခင် ကြုံတွေ့ခဲ့ကြဖူးသလိုပင် ငွေကြေးဘီလီယံနှင့်ချီ၍ တန်ဖိုးရှိသော ယင်းမူးယစ်ဆေးဝါးများမှာ ပိုင်ရှင်မဲ့ပစ္စည်းများဖြစ်နေခြင်းပင်။ 

မူးယစ်ဆေးဝါး (စိတ်ကြွရူးသွပ်ဆေးဝါး)များ ဖမ်းမိလျှင်သော်လည်းကောင်း၊ အပြစ်မဲ့ပြည်သူများ အကြောင်းမဲ့ပစ်ခတ်တိုက်ခံရ သတ်ဖြတ်ခံရလျှင်သော်လည်းကောင်း ကာယကံရှင်ပျောက်နေသည်မှာ ပြည်တွင်းစစ်ကြီး၏ ခါးသီးသော ရလဒ်ဆိုးတစ်ခုဟု ပင်ဆိုရပေမည်။ နယ်လ်ဆင်မင်ဒဲလားကြီး၏ စကားနှင့် ပြောရလျှင် နောက်ကွယ်က အနှောင်အဖွဲ့နှင့် အကျိုးစီးပွားမကင်းသေးသရွေ့ ရွေးကောက်ပွဲများ မည်သို့ကျင်းပသည်ဖြစ်စေ ပြည်တွင်းငြိမ်းချမ်းရေးတို့၊ ပြန်လည်သင့်မြတ်ရေးတို့သည် အပေါ်ယံစကားရပ် အဖြစ်သာ ဆက်ရှိနေမည်ဖြစ်ပေသည်။ 

မြန်မာပြည်ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသည်ဆိုပါက အုပ်စုတစ်စု၊ အဖွဲ့အစည်းတစ်ခု၊ လူနည်းစု၏ အကျိုးစီးပွားထက် တစ်နိုင်ငံလုံးနှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို ဦးတည်မှသာ သမိုင်းကောင်းတွင်မည့် ငြိမ်းချမ်းရေးမျိုးကို ဖန်တီး တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြလိုက်ရပါသည်။ 

အယ်ဒီတာ (၃ - ၃ - ၂၀၂၀)