News

POST TYPE

EDITORIAL

ကျန်းမာရေးထက် ပိုအရေးကြီးသည့်အရာမရှိပါ
03-Mar-2020
COVID-19 ဟုခေါ်သည့် အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာကူးစက်ရောဂါ(ကိုရိုနာဗိုင်းရပ်စ်ကြောင့်) နှစ်စဉ် မတ်လတိုင်းကျင်းပမြဲဖြစ်ခဲ့သည့် စစ်ရေးပြအခမ်းအနားကြီးကို မကျင်းပဘဲ ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်း မြန်မာ့တပ်မတော်က တစ်နေ့က သတင်းထုတ်ပြန်သွားပါသည်။ 

မြန်မာပြည်တွင်း ဓာတ်ခွဲခန်းအတည်ပြုလူနာမတွေ့ရှိသေးဘဲ သံသယလူနာ နှင့် စောင့်ကြည့်လူနာအနည်းငယ်သာရှိသေးသည်မှာမှန်သော်လည်း ကမ္ဘာ့နိုင်ငံကြီးများ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကောင်းများရှိပြီး ကျန်းမာရေးအသိမြင့်မားသည့် လူ့အဖွဲ့အစည်းများတွင် လွန်စွာလျင်မြန်သည့်နှုန်းဖြင့် ကူးစက်ပျံ့နှံ့ လျက်ရှိနေချိန်တွင် လူစုလူဝေးများဖြစ်ပေါ်စေမည့် အခမ်းအနားများနှင့် ပွဲလမ်းသဘင်များကို မကျင်းပဘဲ ဆိုင်းငံ့ထားခြင်းသည်သာ အသင့်တော်ဆုံးဖြစ်ပေမည်။ ဘာသာရေး၊ ယဉ်ကျေးမှု၊ ရိုးရာအစဉ်အလာတို့နှင့်ဆက်စပ်ပတ်သက်သော ပွဲလမ်းသဘင်များနှင့် အခမ်းအနားများကျင်းပခြင်းကိုလည်း ဆိုင်းငံ့ထားသင့်ပါက ဆိုင်းငံ့ ထားလျှင် အကောင်းဆုံးဖြစ်ပေမည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အပါအဝင် နိုင်ငံတကာမှ ကျန်းမာရေးသုတေသီများ၏ တူညီသောသတိပေးချက်မှာ မိမိနိုင်ငံနှင့် လူ့အဖွဲ့အစည်းတွင် အဆိုပါရောဂါပိုးမတွေ့ရှိသေးခြင်းအပေါ် ဖြစ်လာနိုင်ခြင်းမရှိ၊ ဝင်ရောက်ကူးစက်လာနိုင်ခြင်းမရှိဟု ယူဆခြင်းမျိုးသည် လွန်စွာအန္တရာယ်ရှိကာကြီးမားသည့် အမှား တစ်ခုဖြစ်နိုင်သည် ဆိုသောအချက်ကို တွေ့ရပေသည်။ 

လက်ရှိအနေအထားတွင် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ လျော့ကျလာသည်ကို သတိပြုမိပေသည်။ လွန်ကဲသည့် စိုးရိမ်ထိတ်လန့်မှုဟူသည် ပကတိအမှန်တရားနှင့်ဝေးကွာစေနိုင်၊ ပြဿနာများကို ပိုမိုကြီးထွားစေနိုင်သောကြောင့် စိုးရိမ်ထိတ်လန့်မှုနည်းလာခြင်းကို ကောင်းသည် ဟုဆိုနိုင်ပေမည်။ သို့သော် ယင်းကျန်းမာရေးသတိ၊ ကျန်းမာရေးအသိ၊ အထူးသဖြင့် ယင်းဗိုင်းရပ်စ်နှင့်ပတ်သက်သည့် သတိတရားတို့ အသိတရားတို့လျော့ပါးလာခြင်း သည် လွန်စွာအန္တရာယ်ရှိသည့်ကိစ္စဟု ဆိုရပါမည်။ 

'သတိဟူသည် ပိုသည်မရှိ' ဆိုသော ဆိုရိုးစကားအတိုင်းပင်။ မြန်မာတို့အနေနှင့် ဓာတ်ခွဲခန်းအတည်ပြု လူနာမရှိသေးသော်လည်း ပေါ့ပေါ့လျော့လျော့ သဘောမထားဘဲ သတိကြီးစွာဖြင့်ပြုမူနေထိုင်ရမည်သာပင်ဖြစ်သည်။ 

ဤနေရာတွင် သတိဆိုသည့်ကိစ္စကိုဆန်းစစ်ကြည့်လျှင် လုပ်သင့်လုပ်ထိုက်သောအလုပ်၊ ပြုသင့်ပြုအပ်သော အပြုအမူများဖြင့်နေထိုင်ခြင်းကို ဆိုလိုပြီး ဆန်းစစ်ကြည့်လျှင် သက်ဆိုင်ရာကျန်းမာရေးအာဏာပိုင်များဘက်က လုပ်ဆောင်ပေးရမည့်တာဝန်နှင့် လူ့အဖွဲ့အစည်းအတွင်းရှိ ပြည်သူတစ်ရပ်လုံးက လိုက်ပါပြုမူ နေထိုင်ပေးရမည့် တာဝန်ဟူ၍နှစ်ပိုင်းရှိမည်ထင်ပါသည်။ 

COVID-19 အတွက် လတ်တလောကာကွယ်ဆေးမပေါ်သေးသော်လည်း လူတစ်ဦးချင်းစီအတွက် အကောင်းဆုံးသော အကာအကွယ်မှာ တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ခြင်းနှင့် သက်ဆိုင်ရာ၏ ညွှန်ကြားချက်ကို တစ်သဝေမတိမ်းလိုက်နာခြင်းဖြစ်ပေသည်။ တစ်ကိုယ်ရေသန့်ရှင်းမှု၏ အခြေခံအကျဆုံးသော လက်ဆေးသည့် ကိစ္စသည် ကိုရိုနာဗိုင်းရပ်စ်သာမက အခြားကူးစက်နိုင်သည့်ရောဂါပိုးမွှားများ ကူးစက်ဝင်ရောက်နိုင်သည့် အန္တရာယ်ကို အဓိကလျှော့ချပေးနိုင်သည်ဖြစ်ရာ ယင်းကိစ္စကို နိုင်ငံသားတိုင်းက တစ်မျိုးသားလုံး ကျန်းမာရေးကိစ္စရပ်အဖြစ် အထူးဂရုစိုက်ကာ လိုက်နာဆောင်ရွက်သင့်ပေသည်။ 

နောက်တစ်ခုမှာ Mask ဟုခေါ်ကြသည့် မျက်နှာဖုံးစွပ်များအလုံအလောက်မရှိခြင်းဖြစ်သည်။ တကယ်တော့ COVID-19 သာမက အသက်ရှူလမ်းကြောင်းပိုင်းမှ တစ်ဆင့် ကူးစက်နိုင်သောအခြားရောဂါပိုးများ ပတ်ဝန်းကျင်သို့ မပျံ့နှံ့စေရန် ဟန့်တားကာကွယ်ပေးနိုင်သည့်အရာများတွင် အဆိုပါ Mask များလည်းအဓိက ပါဝင်ပေသည်။ 

သို့အတွက်ကြောင့် ပြည်သူများအနေနှင့် Mask များကို လုံလုံလောက်လောက်ဖြင့် ၊ မှန်ကန်သည့်ဈေးနှုန်းများဖြင့် ဝယ်ယူနိုင်သည့် အခြေအနေရှိအောင် သက်ဆိုင်ရာ တာဝန်ရှိသူများက ဖန်တီးပေးရပေမည်။ Mask များထုတ်လုပ်သည့် လုပ်ငန်းများကို လက်ရှိလိုအပ်ချက်နှင့် ပြည့်မီအောင် ထုတ်လုပ်လာစေရန် သက်ဆိုင်ရာ အာဏာပိုင်များက တွန်းအားပေးသင့်၊ ကူညီပံ့ပိုးပေးသင့်သည်မဟုတ်ပါလော။ 

မြန်မာနိုင်ငံတွင် ယခုအထိကိုရိုနာဗိုင်းရပ်စ်ရှိကြောင်း ဓာတ်ခွဲခန်းအတည်ပြု လူနာမရှိသေးသည်မှာ မြန်မာ့လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် ဝမ်းသာစရာကိစ္စဟု ဆိုရမည်မှာမှန်သော်လည်း အခြားနိုင်ငံများနည်းတူ လူအမြောက်အမြားကို အချိန်မရွေး ကူးစက်ဖြစ်ပေါ်လာနိုင်ခြေရှိသောကိစ္စမှာလည်း မည်သို့မျှ ငြင်း၍မရ နိုင်ပေရာ အားလုံးကအမျိုးသားကျန်းမာရေးအသိစိတ်ဖြင့် သတိကြီးစွာ ပြုမူနေထိုင်ကြရမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးကိစ္စထက် အခြားမည်သည့်အရာကမျှ ပို၍အရေးမကြီးသည်ကို နားလည်သဘောပေါက်ကြရမည်ဖြစ်ကြောင်း ဖော်ပြလိုက်ရပါသည်။ 

အယ်ဒီတာ ( ၂ - ၃ - ၂၀၂၀ )