News

POST TYPE

EDITORIAL

လီဗာပူးတို့အရှုံးကရသည့် သင်ခန်းစာတစ်ခု
02-Mar-2020
မြန်မာနိုင်ငံမှ ဘောလုံးပွဲဝါသနာပါသူပရိသတ်အများစု အကြည့်များသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်တွင် ယခုနှစ်ရာသီအတွက် ရှုံးပွဲမရှိ စံချိန်တင်ထားနိုင်ခဲ့သော လီဗာပူးဘောလုံးအသင်း တစ်နေ့ညက မထင်မှတ်ဘဲ ပရီးမီးယားလိဂ်ပွဲစဉ် တစ်ခုတွင် ပြိုင်ဘက်အသင်းတစ်သင်းကို ၃ ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့ပြီးနောက် ယင်းအသင်း နည်းပြ ရိုဂန်ကလာ့ပ်ဆိုသူ၏ သုံးသပ်ပြောဆိုမှုကို ယခုလိုတွေ့ရပေသည်။ 

"အခုလိုရှုံးသွားတာကို အပေါင်းလက္ခဏာသဘောဆောင်တဲ့ ဘက်ကပဲကြည့်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ခုချိန်ကစပြီး ကျွန်တော်တို့တစ်တွေ လွတ်လွတ်လပ်လပ်ဘောလုံးကစားလို့ရသွားပြီဖြစ်လို့ပါ။ ကျွန်တော်တို့အနေနဲ့ ရှုံးပွဲမရှိ စံချိန်ဆိုတာကြီးကို ကာကွယ်ဖို့ ဒါမှမဟုတ် စံချိန်တင်ထားဖို့ မလိုအပ်တော့လို့ပါပဲ။ ကျွန်တော်တို့ဘောလုံးပွဲတွေမှာ အနိုင်ရရှိရေးအတွက် ဆက်ကြိုးစားသွားဖို့ပဲရှိတော့တယ်" 

တကယ်တော့ နာမည်ကျော်ဘောလုံးအသင်းတစ်သင်း ရှုံးနိမ့်သည်ဆိုခြင်းမှာ ထူးဆန်းသည့်ကိစ္စမဟုတ်သည်ကို ဘောလုံးဝါသနာပါသူအားလုံးအသိပင်။ ကမ္ဘာ့ ထိပ်တန်းဘရာဇီးအသင်းတို့၊ ဂျာမနီအသင်းတို့၊ အင်္ဂလန်အသင်းတို့လည်း မမျှော်လင့်သည့်အချိန်တွင် မမျှော်လင့်သလိုအရေးနိမ့်ခဲ့ဖူးကြသည်သာဖြစ်ပါသည်။ ရှုံးနိမ့်သွားပြီးနောက် မိမိအမှားနှင့် အရှုံးကိုလက်ခံပြီး၊ အနိုင်ရသွားသည့်ပြိုင်ဘက်၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုနိုင်ရေးမှာ ယှဉ်ပြိုင်သူတို့တွင် မဖြစ်မနေထားရှိ အပ်သည့် အခြေခံသဘောထားပင်ဖြစ်သည်ဟု ထင်သည်။ 

ယခုလီဗာပူနည်းပြ၏ အမြင်မှာ အနည်းငယ်ဆန်းကြယ်ပေသည်။ ကိုယ့် အားနည်းချက်၊ ကိုယ့်အမှားကို နားလည်ရုံ၊ အနိုင်ရသွားသည့် ပြိုင်ဘက်ကို အသိအမှတ်ပြုရုံသာမက အရှုံးကြောင့် သူ၏အသင်းသားများရသွားသည့် လွတ်လပ်ပေါ့ပါးမှုကြီး တစ်ခုကို အကျိုးအမြတ်တစ်ခုအဖြစ် မြင်နိုင်ခြင်းပင်ဖြစ်သည်။ အရှုံးမရှိစံချိန်ဆိုသော ဝန်ထုပ်ဝန်ပိုးကြီးမရှိတော့ချိန်တွင် အခြားဘောလုံးအသင်း သားများနည်းတူ သူ၏အသင်းသားများလည်း လွတ်လပ်ပေါ့ပါးစွာ ပြန်လည်ကစားနိုင်တော့မည့် အခြေအနေကောင်းတစ်ရပ်ပြန်လည်ရရှိလာကြောင်း နည်းပြ ရိုဂန်ကလာ့ပ် က ဆိုလိုခြင်းဖြစ်ပါသည်။ 

မှန်ပါသည်။ ဘောလုံးပွဲများတွင်သာမကပါ။ ဘဝတိုးတက်ကြီးပွားရေး၊ စီးပွားရေးအောင်မြင်ရေးတို့အတွက် ယှဉ်ပြိုင်ကြ၊ ရုန်းကန်ကြရာတွင်လည်း မိမိ သို့မဟုတ် မိမိဦးဆောင်သည့် အုပ်စု(အဖွဲ့အစည်း)များတွင် ကိုယ့်အားနည်းချက်ကြောင့်ဖြစ်သည့် အရှုံးတို့၊ အရေးနိမ့်မှုတို့ဟူသည်မလွဲမသွေတွေ့ ကြုံကြရသည်သာပင်ဖြစ်ပါသည်။ ကိုယ်ဘာကြောင့်မှားသည်၊ ဘာတွေအားနည်း၍ (ဘာတွေ လိုအပ်၍) ကျရှုံးရသည်ကို ဆန်းစစ်တတ်ရန်အရေးကြီးသလို ကိုယ်တိုင်ရရှိလိုက်ရသည့် အရှုံးကြောင့်ဖြစ်လာနိုင်၊ ရလာနိုင်သည့် အကျိုးအမြတ်များကိုလည်း မြင်တွေ့အောင်ရှာဖွေတတ်ရန် အထူးအရေးကြီးပါသည်။ 

လီဗာပူးဘောလုံးအသင်းရယ်မှ မဟုတ်ပေ။ တစ်ခါတစ်ရံတွင် အများနှင့်မတူ တစ်မူထူးခြားသော ဂုဏ်ဒြပ်တစ်ခု သို့မဟုတ် စံချိန်တစ်ခုကို အစဉ်အဆက်ဆုပ်ကိုင်လာနိုင်၊ ပိုင်ဆိုင်လာနိုင်၊ ကာကွယ်လာနိုင်ပြီးမှ လက်လွတ်ဆုံးရှုံးလိုက်ရခြင်းကို ရှုံးနိမ့်မှုအဖြစ် အလွယ်တကူသတ်မှတ်ပြောဆို၍ရပါလိမ့်မည်။ သို့သော် အဆိုပါ ဂုဏ်ပုဒ်သို့မဟုတ် စံချိန်တစ်ခုမရှိတော့ခြင်းကြောင့် ဖြစ်လာနိုင်သည့် အခွင့်အလမ်းသစ်တို့ကိုမူ မြင်တွေ့နိုင်သူနည်းပါးပေသည်။ 

တစ်မျိုးပြောရလျှင် အရှုံးနှင့်အတူတွဲကပ်နေတတ်သော အားသာချက်တစ်ရပ်ကို အကောင်းမြင်သည့်စိတ်၊ အပေါင်းလက္ခဏာဆောင်သည့်စိတ်ဖြင့် ကြည့်ရှုတတ်သူတို့သာ မြင်တွေ့နိုင်ပေသည်။ အောင်မြင်မှုတစ်ခုရရှိရေးသည် လွယ်ကူလှသောကိစ္စ မဟုတ်သလို၊ ရရှိထားသည့် အောင်မြင်မှုကို ထိန်းသိမ်းထားရေးမှာ ပို၍ခက်ခဲနက်နဲလှပြီး ယင်းအောင်မြင်မှုဆုံးရှုံးသွားခြင်းအပေါ် အသိဉာဏ်ရှိရှိတုံ့ပြန်နိုင်ခြင်းသည် အခက်ခဲဆုံးဖြစ်ပေလိမ့်မည်။  

ထို့အတူအကောင်းမြင်သည့်စိတ်၊ အပြုသဘောဖြင့်ကြည့်သည့်စိတ်၊ အပေါင်း လက္ခဏာဆောင်သောစိတ်တို့ဟူသည် လူတစ်ဦးတစ်ယောက်၏ ဘဝတိုးတက်ဖွံ့ဖြိုးရေး သာမက အဖွဲ့အစည်းများနှင့် လူ့အသိုင်းအဝိုင်းတစ်ခုလုံး ကြီးပွားရေး ချမ်းသာရေးအထိ အကျိုးပြုနိုင်သည်ကို သတိချပ်သင့်လှကြောင်း ထောက်ပြလိုရင်းဖြစ်ပါသည်။ 

အယ်ဒီတာ ( ၁ - ၃ - ၂၀၂၀)