News

POST TYPE

EDITORIAL

ကိုရိုနာဗိုင်းရပ်စ် ရောက်မလာစေလိုတဲ့ နိုင်ငံ
01-Mar-2020
အိမ်နီးချင်း တရုတ်ပြည်မှာစတင်ခဲ့ပြီး ယခုအခါ အာရှဒေသသာမကဘဲ အနောက်ဥရောပ ၊ အမေရိက ၊ အာဖရိက ၊ သြစတြေးလျ စတဲ့နိုင်ငံဒေသတွေဆီကိုပါ ကူးစက်ရောက်ရှိနေပြီဖြစ်တဲ့ သေမင်းတမန် ကိုရိုနာဗိုင်းရပ်စ်ကြီးကြောင့် ကမ္ဘာ့ နိုင်ငံအတော်များများဟာ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။ အဲဒီဗိုင်းရပ်စ်ကြီးက လူသားတွေရဲ့ ကျန်းမာရေးကိစ္စ တစ်ခုတည်းကိုသာမကတော့ဘဲ စီးပွားရေး ၊ ပညာရေးနဲ့ အလုပ်အကိုင်စတဲ့အခန်းကဏ္ဍတွေကိုပါ ပြဿနာပေးနေတာကိုလည်း တွေ့ရပါတယ်။ 

ကူးစက်မြန်လည်းမြန်တယ် ၊ ပြင်းလည်းပြင်းထန်တယ် ၊ ရောဂါဖြစ်ရင်လည်း အန္တရာယ်ကျရောက်နိုင်တယ်ဆိုတဲ့အချက်တွေကြောင့် နိုင်ငံအတော်များများက ရောဂါဖြစ်ပွားမှုများပြားတဲ့နိုင်ငံတွေနဲ့ ချိတ်ဆက်ပျံသန်းနေတဲ့ လေယာဉ်ခရီးစဉ်တွေဖျက်သိမ်း ၊ နယ်စပ်ဂိတ်ပေါက်တွေကို တင်းကျပ်တာတွေလုပ်လာသလို ၊ လူစုလူဝေးဖြစ်မယ့်ပွဲလမ်းသဘင်တွေ ၊ အခမ်းအနားတွေ ၊ အစည်းအဝေးတွေကိုပါ ဖျက်သိမ်းတာတို့ ၊ ရွှေ့ဆိုင်းတာတို့ မဖြစ်မနေလုပ်လာကြတဲ့အတွက် ခရီးသွားလုပ်ငန်းတွေသာမက အခြားစီးပွားရေးလုပ်ငန်းတွေပါ ဆိုးဆိုးရွားရွားထိခိုက်နေကြရပြီဖြစ်ပါတယ်။ 

လူပေါင်းရှစ်သောင်းကျော်ကူးစက်ခံရပြီး သုံးထောင်နီးပါးသေဆုံးစေတဲ့အပြင် နောက်ထပ်လူဘယ်နှယောက်ကို ဒုက္ခပေးဦးမလဲဆိုတာရယ် ၊ ဘယ်တော့မှ ကူးစက်ဖြစ်ပွားမှုအဆုံးသတ်မယ်ဆိုတာရယ်ကို ဘယ်သူမှ မသိနိုင် ၊ မခန့်မှန်းနိုင်တဲ့အတွက် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ရောဂါဆိုးကြီးတစ်ခုလို့တောင်ဆိုရ မလိုဖြစ်နေပါတယ်။ 

အဲဒီထဲမှာ တရုတ်ပြီးလျှင် အာရှဒေသမှာ တောင်ကိုရီးယားနိုင်ငံဟာ ကူးစက်ဖြစ်ပွားမှုဒုတိယအများဆုံးအနေအထားကို ရောက်ရှိသွားတာ ၊ ဥရောပဒေသမှာ အီတလီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုရဲ့ ဗဟိုချက်သဖွယ်ဖြစ်လာတာမျိုးဟာ ဘယ်လိုမှမမျှော်လင့်ထားတဲ့ အခြေအနေတွေဖြစ်လာတယ်လို့ဆိုရမှာပါပဲ။ ရောဂါဗေဒဆိုင်ရာကျွမ်းကျင်သူ သိပ္ပံပညာရှင်တွေကတော့ အဲဒီဗိုင်းရပ်စ်ဆိုးကြီး ကာကွယ်ဆေးအမြန်ဆုံးပေါ်ပေါက်ဖို့ ၊ ရောဂါတွေဆက်လက်မကူးစက်နိုင်ဖို့ ၊ အမြစ်ပြတ် ပျောက်ကင်းအောင်ကုသနိုင်တဲ့ဆေးဖော်စပ်ဖို့ အစွမ်းကုန်ကြိုးပမ်းနေကြတယ်လို့သိရပါတယ်။ 

သိပ္ပံပညာရှင်အချို့ကတော့ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ဒါမှမဟုတ် ၅၀ ရာခိုင်နှုန်းကျော်ကျော်ကို ကူးစက်ဖြစ်ပွားနိုင်တယ်၊ ဒါမှမဟုတ် ကူးစက်ဖြစ်ပွားခဲ့ပြီးဖြစ်တယ်လို့ခန့်မှန်းနေကြပါတယ်။ အဲဒီရောဂါ လုံးဝမတွေ့ရှိသေးတဲ့ နိုင်ငံတွေလည်းရှိပါတယ်။ အဲဒီနိုင်ငံတွေမှာ ရောဂါကူးစက်ဖြစ်ပေါ်နေတဲ့လူနာမရှိဘူးဆိုပေမယ့် သူတို့တစ်တွေလည်း ကူးစက်မှုဖြစ်မလာအောင်၊ ဖြစ်လာတဲ့အခါမှာ ဘယ်လိုတုံ့ပြန်ကြမလဲ ဆိုတာတွေအတွက် အစွမ်းကုန်ပြင်ဆင်ကြ၊ လုပ်လို့ရတာအကုန်လုပ်ကြတာကို တွေ့ရပါတယ်။ 

အဲဒီ COVID-19 လို့ဆိုတဲ့ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ ကူးစက်မဖြစ်ပေါ်သေးတဲ့နိုင်ငံတွေထဲမှာ မြန်မာလည်း ထူးထူးခြားခြားပါဝင်နေပါတယ်။ မကူးစက်သေးဘူးဆိုပေမယ့် ဤရက်ပိုင်းအတွင်းမှာပဲ အစိုးရက ကိုရိုနာဗိုင်းရပ်စ်ကို ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမယ့်ကူးစက်ရောဂါအဖြစ် သတ်မှတ်ကြေညာပြီး အထူးသတိထားရမယ့် Level ၊ တစ်နည်းအားဖြင့် အန္တရာယ်အဆင့် သတ်မှတ်ချက်ကို မြှင့်တင်တဲ့သဘောမျိုးနဲ့ သတိပေးကြေညာချက်ထုတ်ထားတာကိုတွေ့ရပါတယ်။ ကူးစက်ရောဂါတွေဖြစ်လာတဲ့အခါ ထုံးစံအတိုင်း ကောလာဟလတွေလည်းထွက်ပေါ်လာတတ်သလို သတင်းအမှားတွေလည်းအတုံးလိုက်၊ အတစ်လိုက် ထွက်လာတာမျိုးတွေရှိပါတယ်။ 

ယခုလို ကိုရိုနာဗိုင်းရပ်စ် မြန်မာပြည်နဲ့ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ကူးစက်မဖြစ်ပေါ်သေးတာနဲ့ပတ်သက်ပြီး ပုံစံအမျိုးမျိုးနဲ့ ပြောဆိုနေတာတွေကိုလည်းတွေ့ရပါတယ်။ တချို့ကလည်း ဖြစ်နိုင်ခြေရှိတဲ့ရှုထောင့်ကနေ သိပ္ပံနည်းကျခန့်မှန်းသုံးသပ်ပြကြပါတယ်၊ ဘာ့ကြောင့်မြန်မာတွေ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မခံရဘူးဆိုတာကို ရှင်းပြကြပါတယ်။ စေတနာနဲ့သုံးသပ်ပြကြတာတွေ၊ သတိပေးကြတာတွေ တွေ့မြင်ရသလို အနုတ်လက္ခဏာဆောင်တဲ့၊ အမြတ်ထုတ်လိုတဲ့ ဦးတည်ချက်နဲ့ ဝေဖန်သုံးသပ်ကြတာတွေလည်း တွေ့ရပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ဒီဗိုင်းရပ်စ်ဆိုးကြီး ကူးစက်နေတဲ့ အနေအထားဟာ တကယ့်ကိုကြောက်ခမန်းလိလိ ကြောက်စရာကောင်းတာကတော့ အမှန်ပါပဲ။ အဲဒီတော့ ကိုယ့်နိုင်ငံထဲမှာ ကူးစက်ခံရတာ မခံရတာတွေဆိုတာထက် ကူးစက်ဖြစ်ပွားနိုင်တဲ့ အပြုအမူ အနေအထိုင်တွေအားလုံးကို ရှောင်ကြဉ်ကြဖို့နဲ့ သက်ဆိုင်ရာလမ်းညွှန်ချက်တွေအတိုင်းလိုက်နာကြဖို့က ပိုအရေးကြီးပါတယ်။ ကိုယ့်ဆီမှာမဖြစ်ပါဘူးဆိုပြီး ပေါ့ပေါ့ဆဆနေထိုင်တာမျိုး၊ အခြားနိုင်ငံတွေမှာဖြစ်တာ ကိုယ်နဲ့မဆိုင်ပါဘူးလို့ သဘောထားတာမျိုးတွေကိုလည်း ခုလိုအချိန်မှာအထူးရှောင်ကြဉ်ကြရပါမယ်။ 

ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်သူကမှ မလာစေချင်ကြပါဘူး။ ကိုယ့်နေတဲ့ ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံမှာ ဘယ်သူမှ အဲဒီလို ကူးစက်ရောဂါဆိုးကြီးတွေမဖြစ်စေချင်ကြပါဘူး။ မြန်မာတွေမှမဟုတ်ပါဘူး၊ အခြားနိုင်ငံသားတွေ၊ လူသားတွေလည်း အဲဒီလိုဆန္ဒ ရှိကြမှာဖြစ်ပါတယ်။ မြန်မာတွေအနေနဲ့ဆိုရင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူ့အဖွဲ့အစည်း တွေအတွက်သာမက ကမ္ဘာ့လူသားတွေ COVID-19 လိုကူးစက်ရောဂါဆိုးကြီးရဲ့ အန္တရာယ်ကင်းစေလိုတဲ့ စိတ်ရင်းဆန္ဒကောင်းတွေပိုပြီးထားကြရမယ်၊ မေတ္တာရှေ့ထားတတ်ရမယ်ဆိုတာ အထူးပြောစရာမလိုဘူးလို့ပဲထင်ပါတယ်။ 

အယ်ဒီတာ (၂၉ - ၂ - ၂၀၂၀)