News

POST TYPE

EDITORIAL

လူကောင်းသူကောင်းနှင့် မူကောင်းစနစ်ကောင်း
28-Feb-2020
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အရာများထဲတွင် “မူ” ဟုဆိုနိုင်သည့် စနစ်ကောင်းတစ်ရပ် ပေါ်ထွန်းရေးသည် ထိပ်ဆုံးကပါဝင်နေပါသည်ဆိုသောအချက်ကို ယခုအခါ နိုင်ငံပြန်လည်တည်ဆောက်ယူလိုသူတိုင်း၊ ဖွံ့ဖြိုးရေးကိုလိုလားသူတိုင်း လက်ခံနားလည်ထားပြီးဖြစ်မည်ဟု ထင်ပါသည်။ 

မြန်မာနိုင်ငံကို တစ်ချိန်ကသိမ်းပိုက်ရယူထားခဲ့သည့် ဗြိတိသျှတို့သည် ဤနိုင်ငံသို့ အုပ်ချုပ်မည့်သူ အနည်းငယ်သာစေလွှတ်ပြီး နှစ်အတန်ကြာ သိမ်းပိုက်ရယူထားခဲ့သည်မှာလည်း လက်နက်အင်အားသာလွန်သည့်အကြောင်းတစ်ခုတည်းကြောင့်တော့မဟုတ်ပေ။ အားကောင်းမောင်းသန်ရှိလှသည့် စနစ်တစ်ခု သို့မဟုတ် မူဝါဒတစ်ခုကို ဖန်တီးနိုင်၊ ကျင့်သုံးနိုင်ခဲ့ခြင်းကြောင့်သာဖြစ်သည်ဟုပင် ဆိုရပေမည်။ 

ဗြိတိသျှတို့ အုပ်စိုးမှုအဆုံးသတ်ကာ ပါလီမန်ဒီမိုကရေစီခေတ်ကာလ နောက်ပိုင်း နိုင်ငံတော်အာဏာသိမ်းယူခဲ့သည့် တော်လှန်ရေးကောင်စီအစိုးရ လက်ထက်မှစ၍ ယနေ့အချိန်ကာလအထိ အခြားနိုင်ငံများထက် အဆပေါင်းများစွာ နောက်ကောက်ကျကျန်ရစ်ခဲ့သည့် အနေအထားကိုကြည့်မည်ဆိုလျှင် “မူ” သို့မဟုတ် စနစ်ကောင်းတစ်ရပ်ဖြင့် အုပ်ချုပ်ခြင်းထက် နိုင်ငံတော်အကြီးအကဲ သို့မဟုတ် လူက အသေးအဖွဲကိစ္စမှသည် ဧရာမစီမံကိန်းကြီးများအဆုံး ဝင်ရောက်ဆုံးဖြတ်နေခဲ့ခြင်းကြောင့်သာ ယခုလိုပုံစံပေါက်လာရခြင်းဟုပင် ဆိုရပေမည်။

ယနေ့ လွှတ်တော်တွင် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စအပါအဝင် အခြားအရေးကိစ္စကြီးငယ်များအတွက် မတူညီသည့် အင်အားစုများအကြား အကျေအလည် ဆွေးနွေးကြ၊ ငြင်းခုံကြရုံမက စိတ်မထိန်းနိုင်ဘဲ အော်ဟစ်ပြောဆိုနေကြခြင်းမှာ မူကောင်း၊ စနစ်ကောင်းများထွက်ပေါ်ရေးအတွက် တစ်နည်းတစ်ဖုံတိုက်ပွဲဝင်နေကြခြင်းသာဖြစ်သင့်ပေသည်။ အုပ်စုနိုင်ငံရေး၊ လူပုဂ္ဂိုလ်နိုင်ငံရေးထက် နိုင်ငံအရေးအတွက် အမှန်တကယ်ဦးတည်သွားနိုင်သည့်နေ့တွင် ယင်းမူဝါဒကောင်းများနှင့် စနစ်ကောင်းများ မလွဲမသွေ ထွက်ပေါ်လာမည်သာပင်ဖြစ်ပါသည်။ 

သို့သော်လည်း မြန်မာ့သမိုင်းတစ်လျှောက်ဖြတ်သန်းမှုများကိုကြည့်လျှင် “မူ” များနှင့် စနစ်များထက် လူပုဂ္ဂိုလ်များကသာ လွှမ်းမိုးကြီးစိုးခဲ့သည့် အစဉ်အလာရှိခဲ့သည်ဖြစ်ရာ နိုင်ငံ့အရေးတွင် အဓိကကျသောနေရာမှပါဝင်သူ ခေါင်းဆောင်များ၏ အမြော်အမြင်နှင့် စိတ်ရှည်သည်းခံနိုင်စွမ်းတို့သည် နိုင်ငံနှင့် ပြည်သူများ၏ ကံကြမ္မာအပေါ် များစွာလွှမ်းမိုးထားဦးမည့်သဘောတွင်ရှိနေပါသည်။ လူစွမ်းကောင်းများ၊ ခေါင်းဆောင်ကောင်းများပေါ်ထွန်းချိန်တွင် မူဝါဒကောင်း၊ စနစ်ကောင်းများပါ ပေါ်ထွန်းစမြဲဖြစ်သည်ဟု တထစ်ချမပြောနိုင်သော်လည်း ယင်းခေါင်းဆောင်ကောင်းများကပေးသော စိတ်ဓာတ်ခွန်အားဖြင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု၊ အုပ်ချုပ်ရေး ယန္တရားတို့၏လည်ပတ်မှုများ ပိုမိုအရှိန်မြင့်တက်လာသည့် သဘောသဘာဝရှိပေသည်။ 

အကြောင်းမှာ ခေါင်းဆောင်ဆိုသော ပုဂ္ဂိုလ်များသည် သာမန်သူများထက် အမြော်အမြင်ရှိသူများအဖြစ် သတ်မှတ်ခံရသူများဖြစ်ပေရာ အခက်အခဲများ၊ အကျပ်အတည်းများနှင့်ရင်ဆိုင်ကြုံတွေ့ရချိန်တွင် ၎င်းတို့၏ ဝီရိယအစွမ်း၊ ဉာဏ်စွမ်းနှင့် စိတ်ဓာတ်စွမ်းအားတို့ကို တွေ့မြင်ရလေ့ရှိသောကြောင့်ဖြစ်ပေသည်။ 

မြန်မာနိုင်ငံရေးအချိုးအကွေ့ နောက်တစ်ခုဖြစ်သည့် ၂၀၂၀ တွင် မူဝါဒ ကောင်းများနှင့် စနစ်ကောင်းများပေါ်ထွန်းရန်ကြိုးပမ်းရင်း တစ်ဖက်တွင် လူကောင်းသူကောင်း (ခေါင်းဆောင်ကောင်း) များကိုလည်း မှန်မှန်ကန်ကန်ရွေးချယ်ကာ အားကိုးကြရဦးမည်ဖြစ်ကြောင်း ဖော်ပြလိုက်ရပေသည်။ 

အယ်ဒီတာ ( ၂၇ - ၂ - ၂၀၂၀)