News

POST TYPE

EDITORIAL

ကျွန်ုပ်တို့ထက် တော်ထက်မည့်မျိုးဆက်
27-Feb-2020
ယခုသီတင်းပတ်အတွင်း အခြေခံပညာကျောင်းများတွင် စာမေးပွဲအချို့ စတင်ကျင်းပနေပြီဖြစ်ရာ စာမေးပွဲဖြေဆိုမည့်ကလေးငယ်များအတွက် ကျောင်းသား မိဘများရော၊ ကျောင်းဆရာ၊ ဆရာမများပါ အလုပ်ရှုပ်နေကြသည်ကိုတွေ့ရပါသည်။ 

မကြာမီသီတင်းပတ်များအတွင်းဆိုလျှင် တက္ကသိုလ်ဝင်တန်းစာမေးပွဲများပင် ကျင်းပတော့မည်ဖြစ်ရာ မိမိရင်သွေးငယ်များတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် သူပါရှိသည့် မိသားစုများ စိုးရိမ်စိတ်မြင့်တက်ကြဦးမည်သာပင်။ ဖြေဆိုမည့် သား၊သမီး များကို မိဘ၊ ဆရာသမားများက ဂုဏ်ထူးမှတ်များဖြင့် အောင်မြင်လိုစိတ် အပြည့်အဝရှိခြင်းသည် လောကဓမ္မတာတစ်ခုလိုပင်ဖြစ်ပေသည်။ 

မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) စာမေးပွဲသည် လွန်စွာမှ နတ်ကြီးသော အရည်အချင်းစစ်စာမေးပွဲတစ်ခုဖြစ်သည်ဟု ခေတ်အဆက်ဆက် မိဘ၊ ဆရာများက သတိပေးလေ့ရှိခဲ့ကြသည်မှာ ယင်းစာမေးပွဲဖြေဆိုမှုမှ ထွက်ပေါ်လာမည့်ရလဒ်သည် မြန်မာ့ပညာရေးစနစ်အရ လူတစ်ဦး၏ ဘဝလမ်းကြောင်း တစ်ခုဖြောင့်ဖြူးနိုင်ခြင်း ရှိ၊မရှိကို အတိုင်းအတာတစ်ခုအထိ ပုံဖော်ပေးနိုင်ခြင်းကြောင့်ဖြစ်ပေသည်။

တော်လှန်ရေးကောင်စီအစိုးရတက်လာသည့် ၁၉၆၂ ခုနှစ်၊ ထိုစဉ်က ယင်းကောင်စီအစိုးရ၏ ပညာရေးတာဝန်ခံဟု ဆိုသူက မြန်မာ့ပညာရေးကို အမြစ်မှ လှန်ပစ်မည်ဟု ကြုံးဝါးခဲ့သည့်အချိန်မှစ၍ ဆယ်စုနှစ်ငါးခုတာကာလအတွင်း ဆိုးရွားသည့် အပြောင်းအလဲများစွာသာမက မြေစမ်းခရမ်းပျိုးသဘော စမ်းသပ်မှု အမျိုးမျိုးပြုလုပ်ခြင်းခံခဲ့ရသည့် မြန်မာ့ပညာရေးသည် ယနေ့အထိ ကမ္ဘာပေါ်တွင် နွမ်းပါးနိမ့်ကျသည့်အဆင့်တွင်ရှိနေဆဲပင်ဖြစ်ပေသည်။

နိုင်ငံရေးအကြောင်းပြောသည့် မိတ်ဆွေအပေါင်းအသင်းများ၏ စကားဝိုင်းအများစုတွင်မူ မြန်မာ့ပညာရေးသည် စနစ်တကျဖျက်ဆီးခံထားရသည်ဟူသော သုံးသပ်ချက်မျိုးထွက်လေ့ရှိသည်ကို စာဖတ်သူများ နားရည်ဝနေပြီးဖြစ်နေပါလိမ့်မည်။ 

ပညာရေးနှင့်ပတ်သက်၍ပြောလျှင် စစ်ဗိုလ်ဖြစ်မှ၊ ဆရာဝန်ဖြစ်မှ၊ အင်ဂျင်နီယာ ဖြစ်မှ ပညာတတ်စာရင်းအမှန်တကယ်ဝင်မည်၊ တစ်နည်းအားဖြင့် ပို၍လူရိုသေ၊ ရှင်ရိုသေခံရမည်ဟူသည့်အတွေးအခေါ်ထက် သက်ဆိုင်ရာဘာသာရပ်၊ ပညာရပ်အလိုက် ထူးချွန်တတ်မြောက်မှုရှိပြီး မိမိလူ့အဖွဲ့အစည်း၏ အကျိုးကိုထိရောက်စွာ အကျိုးပြုနိုင်မည်ဆိုပါက တန်ဖိုးရှိသူဖြစ်သည်ဟူသော အတွေးအခေါ်မျိုးနိုင်ငံသား တိုင်းတွင်ရှိနေရန် လိုအပ်ပေသည်။

မြန်မာ့ပညာရေးအပေါ် မည်သို့သောဝေဖန်မှုအမျိုးမျိုးရှိနေခဲ့စေကာမူ လက်ရှိအချိန်သည် ပြစ်တင်ဝေဖန်ရမည့်အချိန်မဟုတ်ဘဲ နောင်မျိုးဆက်သစ်များ ပညာရေး စနစ်ကောင်းရရှိနိုင်ရေးနှင့် ၎င်းတို့ ဝါသနာပါရာ၊ ယုံကြည်ရာ ဘာသာရပ်၊ ပညာရပ် အလိုက် အညွန့်တက်နိုင်မည့် ပတ်ဝန်းကျင်နှင့် အလုပ်အကိုင်များပေါ်ထွန်းရေး အတွက် မျိုးဆက်ဟောင်းများက တတ်စွမ်းသလောက် ကြိုးပမ်းပေးရတော့မည့်အချိန်ဖြစ်ပေသည်။ 

ကွယ်လွန်သူ စာရေးဆရာကြီး ဦးအောင်သင်းက နိုင်ငံတစ်နိုင်ငံတွင် ကလေး (လူငယ်) များညံ့နေပြီဆိုပါက ယင်းနိုင်ငံ၌ ကလေးထက်ညံ့သော လူကြီးများရှိနေသည်မှာ သေချာသည်ဟု ပညာရေးနှင့်ပတ်သက်၍ သတိပေးခဲ့ဖူးပေသည်။ မြန်မာနိုင်ငံတွင် အိမ်နီးချင်းအာဆီယံသာမက ကမ္ဘာ့နိုင်ငံကြီးများနှင့် ပခုံးချင်းယှဉ်နိုင်စွမ်းရှိသည့် မျိုးဆက်သစ်များ၊ လူကြီးတွေထက် ပိုမိုထူးချွန်ထက်မြက်သည့် မျိုးဆက်များမွေးထုတ်ပေးနိုင်ရေးအတွက် မြေစမ်းခရမ်းပျိုးသဘောမျိုးမဆောင်သည့် အမျိုးသားပညာရေးစနစ်ကောင်းများပေါ်ပေါက်ရန် ဝိုင်းဝန်းအကောင်အထည်ဖော်ကြရမည်ဖြစ်ကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ ( ၂၆ - ၂ - ၂၀၂၀)