News

POST TYPE

EDITORIAL

လွှတ်တော်ထဲမှာ စိုက်ထူရမည့် သမိုင်းကမ္ပည်းတစ်ခု
26-Feb-2020
အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ယမန်နေ့ကကျင်းပသော လွှတ်တော်အစည်းအဝေးတွင် အပြန်အလှန်ကန့်ကွက်မှုများ၊ မကျေမနပ်အော်ဟစ်မှုများ၊ အချေအတင်ဖြစ်မှုများဖြင့် စတင်ခဲ့ရာ ခြေ/ဥ ပြင်ဆင်ရေးကို စိတ်ဝင်တစားစောင့်ကြည့်နေသူ ပြည်သူများအတွက် ဝေဖန်ပြောဆိုစရာအတော် ဖြစ်စေခဲ့သည့် လွှတ်တော်အစည်းအဝေးပွဲဟု ဆိုရပါမည်။ 

တပ်ဘက်က တင်သွင်းထားသည့် ပြင်ဆင်ချက်ပါ စာသားတစ်ခုကျန်ခဲ့ခြင်းကြောင့် တပ်မတော်ကိုယ်စားလှယ်များဘက်က စတင်ကန့်ကွက်ရာမှ အချေအတင်ဖြစ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရပါသည်။ ယင်းကိစ္စကို မကျေနပ်သည့် တပ်ကိုယ်စားလှယ်တစ်ဦးက အော်ဟစ်ကန့်ကွက်မှုကို လွှတ်တော်နာယကဖြစ်သူက သတိပေးထိန်းကျောင်းလိုက်ရသည်အထိဖြစ်ခဲ့ပေသည်။ 

အရေးကြီးသည့် အခြေခံဥပဒေကိစ္စစတင်ဆွေးနွေးမည့်နေ့တွင် တစ်ဖက်ကိုယ်စားလှယ်များ အလေးအနက်ထားတင်သွင်းထားသည့် စာသားအချို့ကျန်ရစ်သည့်ကိစ္စ တကယ်တမ်းပြောရလျှင် မဖြစ်သင့်သောကိစ္စဟု ဦးစွာပြောရပေလိမ့်မည်။ Clerical Error ကြောင့်လော၊ သို့မဟုတ် အခြားအကြောင်းတစ်ခုခုကြောင့်လော ဆိုသည်ကို သက်ဆိုင်ရာရုံးအဖွဲ့တို့ ၊ ကော်မတီတို့သာ အသိဆုံးဖြစ်ပေမည်။ ၎င်းတို့ တွင်လည်း အဓိကတာဝန်ရှိသည် မဟုတ်ပါလော။ 

မည်သည့်နိုင်ငံတွင်မဆို လွှတ်တော်များနှင့် ပါလီမန်များတွင် ဆန့်ကျင်ဘက် နိုင်ငံရေးအင်အားစုများ(ပါတီဝင်များ) အဆိုတင်သွင်းရင်း ၊  အရေးကိစ္စကြီးငယ် တစ်ခုခုအပေါ် ဆွေးနွေးငြင်းခုံကြ ၊ အချေအတင်ဖြစ်ကြသည်မှာ လွှတ်တော်တို့၏ သဘောသဘာဝတစ်ခုဖြစ်လည်း လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များအပေါ် ရုန့်ရင်းကြမ်းတမ်းသည့် အပြောအဆိုအပြုအမူတို့ဖြင့် ဆက်ဆံခြင်းကိုမူ တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းချုပ်ထားစမြဲပင်ဖြစ်ပေသည်။ အပြောအဆိုကြမ်းတမ်းသည့် ကိုယ်စားလှယ်ကို မည်သည့်လွှတ်တော်မျိုးက သည်းခံနေလိမ့်မည်နည်း။ ထားတော့။ 

ဤနေရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ အပြုအမူအပြောအဆိုထက် ပို၍အရေးကြီးသည်မှာ ခြေ/ဥ ပြင်ဆင်ရေး ဘယ်အခြေအနေထိ ခရီးပေါက်ပြီလဲ၊ ဘယ်အချိန်မှာခရီးပေါက်နိုင်သလဲ၊ ပြည်သူအများမျှော်လင့်ထားသည့် ပြင်ဆင်ချက်တွေ တကယ်လက်တွေ့အကောင်အထည်ဖော်နိုင်မည်လော စသည်တို့ဖြစ်သည်ဟု ထင်ပါသည်။ 

တကယ်တော့ လွှတ်တော်တွင်း အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အငြင်းအခုံများမှာ ပြီးခဲ့သည့် ၂၀၁၉ သြဂုတ်လဆန်းပိုင်းကစပြီး ကျယ်ကျယ်လောင်လောင် ဖြစ်ခဲ့ခြင်းပင်။ ထိုစဉ်ကလည်း တပ်ဘက်က လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လက်ရှိအခြေခံဥပဒေကြောင့် နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များ ရာထူးအသီးသီးရလာခြင်းဖြစ်သည်ဆိုသော အချက်ကို မေ့မထားရန် ပြောချလိုက်ရာ လွှတ်တော်တွင်းရော လွှတ်တော်ပြင်ပ ခြေ/ဥ ပြင်ဆင်ရေး စိတ်ဝင်စားသူများအကြား ပွက်လောညံသွာခဲ့သေးသည်။ 

အခေါ်အဝေါ် အသုံးအနှုန်းနှင့် လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ တစ်ဖက်နှင့် တစ်ဖက်စကားနိုင်လုကြ ၊ အမနာပပြောဆိုကြရင်း ရှေ့မဆက်နိုင်ဘဲ ဝေ့လည်ကြောင်ပတ်ဖြစ်လာခဲ့သည်မှာ ယနေ့အချိန်အထိပဲဟု ဆိုရပေမည်။ ပြင်ဆင်ရေးတံခါးကိုဖွင့်နိုင်သည့် ရွှေသော့ကိုယ်စီပိုင်ဆိုင်ထားပါလျက် ၊ မည်သူတွေညှိညှိနှိုင်းနှိုင်းလုပ်ပြီး မည်သည့်လမ်းကသွားလျှင် လိုရာခရီးမြန်မြန်ရောက်မည်ကို သိပါလျက် NLD နှင့် တပ်မတော် (ကိုယ်စားလှယ်များ)အကြား အချင်းများမနေခဲ့ပါက အခြေခံဥပဒေပြင်ဆင်ရေးသည် ယခုအခါ အတော်အတန်ကို ခရီးပေါက်နေလောက် မည်သာပင်ဖြစ်ပေသည်။ 

နှစ်ဖက်စလုံးတွင် ခြေ/ဥကို အမှန်တကယ် ပြင်ဆင်ပေးလိုသည့်စိတ်ဆန္ဒ တကယ်ရောရှိပါ၏လောဟု မေးရမလိုဖြစ်နေပေသည်။ ထို့ထက်ပိုအရေးကြီးသည်မှာ ခြေ/ဥ ပြင်ဆင်ရေး၊ တစ်နည်းအားဖြင့် ၂၀ဝ၈ အခြေခံဥပဒေကို လက်ညှိုးထိုးပြီး နိုင်ငံရေးအရ (မိမိအားနည်းချက်ကို) အကာအကွယ်ယူသည့် အကျင့်စရိုက်မျိုးဖြစ်မလာစေရန်ဖြစ်ပေသည်။ 

မည်သို့ပင်ဖြစ်စေ အခြေခံဥပဒေပြင်ဆင်ရေးသည် ယခုအခါ အာဏာရပါတီ တစ်ခုတည်းလုပ်ရမည့် အလုပ်မဟုတ်ဘဲ အာဏာရဖူးခဲ့သည့် ပါတီရော၊ မိမိကိုယ်မိမိ အခြေခံဥပဒေနှင့် ပြည်ထောင်စုလုံခြုံရေးအတွက် စောင့်ရှောက်ကာကွယ်သူအဖြစ် မှတ်ယူထားသော တပ်မတော် (စစ်တပ်)ပါ လုပ်ဆောင်ရမည့်  အရေးကြီးအလုပ်ကိစ္စတစ်ခုဖြစ်လာပေရာ သက်ဆိုင်ရာပုဂ္ဂိုလ်များ(ခေါင်းဆောင်များ) အနေနှင့် သဘောထားကြီးစွာ ၊ အပေးအယူမျှမျှ လက်တွဲဆောင်ရွက်ကြမည်ဆိုပါက ယခုအချိန်ကာလသည် ကောင်းမွန်သော သမိုင်းမှတ်တိုင်တစ်ခု ချန်ထားခဲ့နိုင်ရန် အကောင်းဆုံးသော အချိန်သမယဖြစ်ကြောင်း မေတ္တာရပ်ခံတိုက်တွန်းလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ  (၂၅ - ၂ - ၂၀၂၀)