News

POST TYPE

EDITORIAL

အန္တရာယ်တကယ်ရှိသည့် COVID - 19
25-Feb-2020
ယမန်နေ့၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့ရက်စွဲဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်ဟုလူသိများသည့် COVID - 19 
ရောဂါနှင့်ပတ်သက်၍ သတိပေးကြေညာချက်တစ်ရပ်ထွက်ပေါ်လာသည်ကိုတွေ့ရပါသည်။ယင်းဝန်ကြီးဌာနသည် ခါတိုင်းလည်း မြန်မာပြည်သူများအတွက် ကျန်းမာရေးသတိပေးချက်များနှင့် အကြံပြုချက်များထုတ်ပြန်လေ့ရှိခဲ့သော်လည်း ယခုထုတ်ပြန်ချက်တွင် ပြည်သူများအနေနှင့် ပိုမိုသတိပြုသင့်သည့် သဘောမျိုးဖြစ်အောင် အလေးအနက်ဖော်ပြထားသည်မှာ ထူးထူးခြားခြားပင်ဖြစ်ပေသည်။ 

COVID - 19 နှင့်ပတ်သက်သော ရောဂါလက္ခဏာများနှင့် ကူးစက်နိုင်သည့်နည်းလမ်းများကို ပြည်တွင်းပြည်ပ မီဒီယာအသီးသီးကဖော်ပြကြ၊ လူမှုကွန်ရက်များတွင် Share ကြသည့်အတွက် အထွေအထူးပြောပြစရာမလိုဟု ထင်ပါသည်။ 

သို့သော်လည်း ရောဂါစတင်ဖြစ်ပွားသည့် ဗဟိုချက်ဖြစ်သော တရုတ်ပြည် သို့မဟုတ် ယင်းရောဂါဖြစ်နေသည့် နိုင်ငံများသို့ ခရီးသွားလာခဲ့သည့်ရာဇဝင်မရှိသူ၊ ရောဂါလက္ခဏာမပြသူများတွင်လည်း ကူးစက်ဖြစ်ပွားမှုများရှိလာခြင်းက တစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အထူးကောင်းမွန်သည့် နိုင်ငံများ၊ အထူးသဖြင့် အီတလီလို၊ တောင်ကိုရီးယားလို၊ ဂျပန်လို နိုင်ငံများတွင်ပါ ကူးစက်ဖြစ်ပွားမှု မြင့်တက်လာခြင်းကတစ်ကြောင်း စသည်တို့ကြောင့် မြန်မာနိုင်ငံအနေနှင့် ပို၍သတိရှိရှိ ပြုမူနေထိုင်ရန်၊ ကြိုတင်ပြင်ဆင်မှုများ အခိုင်အမာလုပ်ဆောင်ရန်လိုအပ်လိမ့်မည်ဟုတော့ ပြောလိုပါသည်။ 

ယနေ့အချိန်အထိ ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး သံသယရှိလူနာများ၊ စောင့်ကြည့်လူနာများကို စမ်းသပ်စစ်ဆေးခဲ့ရာ၌ Case အားလုံး အဆိုပါဗိုင်းရပ်စ် ကူးစက်ခံရမှုမဟုတ်ခဲ့သည်မှာ မြန်မာနိုင်ငံနှင့် ပြည်သူများအတွက် တစ်နည်းတစ်ဖုံ ဝမ်းသာရမည့်ကိစ္စဟု ဆိုရမည်ထင်ပါသည်။ သို့သော်လည်း COVID - 19 က ကမ္ဘာလုံးအနှံ့ဖြစ်ပွားသည့်ကူးစက်ရောဂါကြီးတစ်ခု အဆင့်သို့ရောက်လာချိန်တွင် မိမိနိုင်ငံတွင်း ကူးစက်ဖြစ်ပွားမှုမရှိသေးသည့်ကိစ္စကို ထိုသို့ကြံဖန်ဝမ်းသာနေမည်ဆိုပါက အသိဉာဏ်နုံနဲ့ရာသာရောက်ပေတော့မည်။ 

“မြန်မာနိုင်ငံတွင်လည်း ရောဂါဖြစ်ပွားသူများ ရုတ်တရက်တစ်ပြိုင်နက် တွေ့ရှိလာနိုင်ပြီး ပြည်သူများအတွင်း၌ ကူးစက်ဖြစ်ပွားနိုင်ခြင်းတို့ကြောင့် ..." ဟု ဆိုကာ ရှောင်ရန် ၊ ဆောင်ရန်များကို သတိပေးထောက်ပြထားသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတိပေးချက်ကိုကြည့်လျှင် COVID - 19 ကြောင့် ဖြစ်လာနိုင်သည့် ပြဿနာကြီးများ၏ အတိမ်အနက်ကိုခန့်မှန်းနိုင်မည်ဖြစ်ပေသည်။ 

သိရသလောက် မြန်မာနိုင်ငံသည် ယခုအခါ COVID - 19 နှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ လမ်းညွှန်ချက်အတိုင်းသွားနေခြင်းဖြစ်ပါသည်။ပြည်သူ့ကျန်းမာရေးအာဏာပိုင်များတွင်ရော၊ ရောဂါကုသပေးသည့် ကျန်းမာရေး အမှုထမ်းများတွင်ပါ ယင်းရောဂါနှင့်ဆိုင်သော အတွေ့အကြုံမရှိသေးခြင်း၊ ကြိုတင်ပြင်ဆင်မှုပိုင်းကိုလေ့လာကြည့်သောအခါ အခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် ပြင်ဆင်မှုနည်းပါး သို့မဟုတ် နိမ့်ကျသည့် အဆင့်တွင်ရှိနေခြင်း စသည်တို့ကြောင့် ပြည်သူများရော အာဏာပိုင်အဖွဲ့အစည်းများဘက်ကပါ ယင်းရောဂါကိစ္စကို သတိရှိစွာဖြင့်အလေးအနက်ထားကြရန် လိုအပ်မည်ဟု ယုံကြည်ပါသည်။ 

ဆိုရလျှင် တစ်ချိန်က တရုတ်ပြည်အပါအဝင် အာရှနိုင်ငံများတွင်ဖြစ်ပေါ်ခဲ့ဖူးသည့် SARS ရောဂါထက် လူအများကို ပိုမိုကူးစက်နိုင်၊ သေကျေပျက်စီးအောင် လုပ်နိုင်သည့် COVID - 19 သည် မြန်မာတစ်မျိုးသားလုံးကို ဒုက္ခပေးလာနိုင်သည့် အန္တရာယ်ကြီးတစ်ရပ်ဖြစ်ကြောင်းနှင့် ယင်းအန္တရာယ်ကို မည်သို့မည်ပုံ အတူတကွ ကာကွယ်တားဆီးကြမည်ကို အရေးတကြီးစဉ်းစားအဖြေရှာထားရမည်ဖြစ်ကြောင်း အကြံပြုလိုခြင်းဖြစ်ပါသည်။ 

အယ်ဒီတာ ( ၂၄ - ၂ - ၂၀၂၀)