News

POST TYPE

EDITORIAL

မြန်မာတို့၏ ၉ နှစ်တာ ဒီမိုကရေစီအတွေ့အကြုံ
24-Feb-2020
စစ်ဘက်အုပ်ချုပ်ရေး အဆုံးသတ်ကာ ဒီမိုကရေစီအသွင်ကူးပြောင်းမှု စတင်ခဲ့သည်မှာ ယခုဆိုလျှင် ၉ နှစ်ကျော်ကာလထဲသို့ရောက်ရှိလာပြီဖြစ်ပြီး ပြည်သူတင်မြှောက်သည့် အစိုးရသည်ပင် ၅ နှစ်သက်တမ်း၏ နောက်ဆုံးပိုင်း ကာလထဲသို့ရောက်လာပြီဖြစ်ပါသည်။ တစ်ချိန်က မြန်မာတို့၏အသိတွင် စစ်တပ် (တပ်မတော်)နှင့် အတိုက်အခံဟူ၍ အင်အားစုနှစ်ရပ်သာ အသားတကျရှိခဲ့သော်လည်း ယခုအခါတွင်မူ တိုင်းပြည်အတွက် အရေးကြီးသည့် အခြားသောအင်အားစုများလည်းရှိနေသည်ဆိုသောအချက်ကို တဖြည်းဖြည်းချင်း ပြောင်းလဲလက်ခံလာကြမည်ဟု ထင်ပါသည်။ 

လက်ရှိရင်ဆိုင်နေရသော ပြဿနာကြီးများပြေလည်ရေးမှအစ တိုင်းပြည်ရှေ့သို့ ချောချောမွေ့မွေ့ခရီးဆက်နိုင်ရေး၊ ဖွံ့ ဖြိုးရေးလုပ်ငန်းများကို စနစ်တကျအကောင်အထည်ဖော်နိုင်ရေး စသည်တို့အပါအဝင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအထိ ခြေလှမ်းတိုင်းအတွက် အဆိုပါအင်အားစုများ၏ ညီညွတ်မှု မည်မျှအရေးကြီးသည်ဆိုသော အချက်ကိုလည်း ၉ နှစ်ကျော် ၁၀ နှစ်နီးပါး အတွေ့အကြုံအရ ပို၍နားလည်လာကြပြီဟု ယုံကြည်ပါသည်။ 

ဆိုရလျှင် တိုင်းပြုပြည်ပြု၊ နိုင်ငံပြုလုပ်ငန်းစဉ်ဟူသည် ဒီမိုကရေစီ အစိုးရချည်းသက်သက်၊ တိုင်းရင်းသားအင်အားစုများချည်းသက်သက်၊ တပ်မတော် (စစ်တပ်)ချည်းသက်သက်လုပ်၍ ပြီးမြောက်အောင်မြင်နိုင်သည့်ကိစ္စမဟုတ်ဘဲ ၎င်းတို့အကြား အပြန်အလှန်နားလည် လက်ခံသဘောတူညီသည့် 'ဘုံ' သဘောဆောင်သော အနေအထားတစ်ခုရှိမှသာ အောင်မြင်နိုင်မည်ဖြစ်ပေသည်။ တစ်နည်းဆိုပါက တစ်ဖက်သတ်ဆန်သည့် ဆုံးဖြတ်ချက် သို့မဟုတ် မူဝါဒမျိုးမရှိပါမှ ရှေ့သို့ ဖြောင့်ဖြောင့်ခရီးဆက်နိုင်မည်ဖြစ်သည်။ 

တကယ်တမ်းပြောရလျှင် မြန်မာတို့အနေနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဖြစ်စဉ်ကို ယခုအခါ ကိုယ်တိုင်ကိုယ်ကျ ဖြတ်သန်းတွေ့ ကြုံနေကြရပြီဖြစ်ပြီး ယင်းအတွေ့အကြုံထဲမှ အကောင်းဆုံးသော သင်ခန်းစာများကိုလည်း လေ့လာသင်ယူနေကြရပြီဖြစ်ပါသည်။ 

မည်သို့ပင်ဆိုစေကာမူ ယနေ့မြန်မာတို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဖြတ်သန်းခွင့်ရထားသော ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ဟူသည် နိုင်ငံနှင့် နိုင်ငံသားတို့၏ စစ်မှန်သော အမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီး လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ အမုန်းတရားများ၊ အာဃာတနှင့် ရန်ငြိုးများ အစပျိုးပေးသည့် ဖြစ်စဉ်တစ်ရပ် မဟုတ်သည်ကို အားလုံးက သတိကြီးစွာထားပြီး သက်သေပြကြရမည်ဖြစ်ကြောင်း အကြံပြုလိုရင်းဖြစ်ပါသည်။ 

အယ်ဒီတာ  ( ၂၃ - ၂ - ၂၀၂၀)