News

POST TYPE

EDITORIAL

အပြောင်းအလဲတို့ရဲ့အစ ဘယ်ဆီက
23-Feb-2020
ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ လူတိုင်းစဉ်းစားကြတယ်၊ ဒါပေမဲ့ မိမိကိုယ်ကိုပြောင်းလဲပစ်ဖို့တော့ ဘယ်သူမှမစဉ်းစားတတ်ကြဘူး လို့ဆိုတဲ့ ကမ္ဘာကျော် ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်းရဲ့ အဆိုအမိန့်ကို စာဖတ်သူများ ရိုးအီနေအောင် ကြားဖူးပြီးဖြစ်မယ်လို့ ထင်ပါတယ်။ 

လူ့အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခု၊ စနစ်တစ်ခုစတဲ့ ကိုယ်နေထိုင်ရာပတ်ဝန်းကျင်ကို ပြောင်းလဲပစ်ချင်ကြပေမယ့်လည်း ကိုယ်ကိုယ်တိုင် စပြီးပြောင်းလဲဖို့တော့ စိတ်မဝင်စားတတ်ကြတဲ့သူတွေကို စာရေးဆရာကြီးတော်စတွိုင်းက စိတ်ကုန်လွန်းလို့ ပြောဆိုခဲ့ဟန်ရှိပါတယ်။ 

ဟုတ်လည်းဟုတ်ပါတယ်။ပတ်ဝန်းကျင်ကို ကိုယ့်စိတ်တိုင်းကျ ပြောင်းလဲပစ်ချင်ကြပေမယ့်လည်း ကိုယ်ကိုယ်တိုင်ကျတော့ အပြောင်းအလဲမလုပ်ချင်ကြတာ လူ့သဘာဝတစ်ခုလို့ ဆိုရမှာပါ။ 

အဲဒါကြောင့်လည်း နိုင်ငံရေးစနစ်တွေ ဘယ်လိုပြောင်းလဲအောင်လုပ်လုပ် နိုင်ငံသားတွေရဲ့ အကျင့်စရိုက်တွေကို ရုတ်ခြည်းပြောင်းလဲဖို့ လုပ်တဲ့နေရာမှာ အခက်အခဲတွေ၊ ပြဿနာတွေအမျိုးမျိုးနဲ့ ရင်ဆိုင်ကြရတယ်မဟုတ်လား။ပြောင်းလဲချိန်တန်ပါပြီလို့ ဘယ်လိုပဲပြောပြော လူ့အဖွဲ့အစည်းထဲမှာရှိတဲ့သူတွေ နဂိုခေတ်ကာလအတိုင်းတွေးတော၊ ကြံဆ၊ လုပ်နေသေးသရွေ့ အပြောင်းအလဲလုပ်ရာမှာ အခက်တွေ့မှာ ကျိန်းသေပဲလို့ ဆိုရမှာပါပဲ။ 

နိုင်ငံတကာမှာ အပြောင်းအလဲလုပ်တယ်ဆိုတဲ့နေရာမှာ ယေဘုယျပြောရရင် ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲနဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲ နှစ်မျိုးပဲရှိတယ်လို့ ပြောရမှာပါပဲ။ တိုက်တာအဆောက်အအုံတွေ၊ လမ်းတံတားကြီးတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ စက်ပစ္စည်းတွေ၊ သင်ထောက်ကူပစ္စည်းတွေကို နိုင်ငံတကာ စံချိန်စံနှုန်းနဲ့အညီ ပြောင်းအောင် လုပ်ယူတာမျိုးဟာ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲဖြစ်အောင် လုပ်ကြရတာပါ။ 

စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲဆိုတာကတော့ တော်ရုံတန်ရုံနဲ့ လုပ်လို့မရတဲ့ကိစ္စလို့ ပြောရမှာပါပဲ။အကွပ်မရှိတဲ့ကြမ်း ပရမ်းပတာဆိုတဲ့ ဆိုရိုးအရပြောရမယ်ဆိုရင် မတော်မတရားလုပ်ချင်တဲ့စိတ်၊ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပေးလိုတဲ့စိတ်၊ အရင်ခေတ်ကာလကလို ပေါ့ပေါ့နေ ပေါ့ပေါ့စား လုပ်လိုတဲ့စိတ်တွေကို စည်းမျဉ်းစည်းကမ်းတွေချမှတ်ပြီး ထိန်းကွပ်ပေးတာက စကြရတာပါလို့ ထင်ပါတယ်။ 

အဲဒါကြောင့်လည်း အပြောင်းအလဲလုပ်တဲ့သူတွေအနေနဲ့ စိတ်သဘောထားခံယူချက်တွေ ပြောင်းလဲလာအောင် လုပ်ယူတဲ့နေရာမှာ ကြီးစွာသောအခက်အခဲ တွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရတာပါ။ အဲဒီစိတ်သဘောထား ခံယူချက်တွေ ကောင်း တဲ့ဘက်ကို ပြောင်းလာအောင် လုပ်ဖို့ဆိုတာလည်း နိုင်ငံရေးနယ်ပယ်ဖြစ်စေ၊ စီးပွားရေးနယ်ပယ်ဖြစ်စေ၊ ဘာသာရေးနယ်ပယ်ဖြစ်စေ ဘယ်လိုခေတ်ကာလပဲ ရောက်ရောက် အခက်အခဲဆုံးကိစ္စတစ်ခုအဖြစ် ဆက်ရှိနေတာပါ။ 

အဲဒါကို အသိဉာဏ်အမြော်အမြင်ကြီးစွာ မလုပ်တတ်တာကြောင့် ကိုယ်ယုံကြည်တဲ့ အယူဝါဒရှင်သန်ရေးဆိုတဲ့ ခေါင်းစဉ်ကို ဗန်းပြပြီး ပိုပေါ့လို၊ ဟစ်တလာလို ကမ္ဘာကျော်လူဆိုးကြီးတွေက ထင်ရာစိုင်းပြီး လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ကြတဲ့အထိ ကမ္ဘာ့သမိုင်းမှာ အမည်းစက်ကြီးဖြစ်အောင်အထိ လုပ်ခဲ့ကြတာဖြစ်ပါလိမ့်မယ်။ 

ပြောရမယ်ဆိုရင် အပြောင်းအလဲဆိုတာ တော်စတွိုင်းကြီးပြောတဲ့အတိုင်းပါပဲ။ ကိုယ့်အတွင်းစိတ်ခံယူချက်က စရမယ့်ကိစ္စပါ။ ကိုယ်ကိုယ်တိုင်က ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့ ဆိုတဲ့ အယူအဆမျိုးနဲ့ အပြောင်းအလဲတစ်ခုကို ဆောင်ကြဉ်းပေးလို့ ဘယ်လိုမှ ရမှာမဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေတော့ ပြောင်းလို့ရမှာပေါ့။ စိတ်ခံယူချက်သဘောထားတွေ အတူတကွ ပြောင်းလဲလာအောင် လုပ်တဲ့နေရာမှာတော့ ထုံးစံအတိုင်း အခက်တွေ့ရမှာပါပဲ။ 

ဟုတ်ပါတယ်။ ကျွန်ုပ်တို့အားလုံး အပြောင်းအလဲကောင်းကို လိုချင်တယ်ဆိုရင် ရေသာခို အချောင်လိုက်လိုတဲ့စိတ်၊ အာဏာပြလိုတဲ့စိတ်၊ နိုင်ထက်စီးနင်း ပြုလိုတဲ့စိတ်၊ လုပ်ချင်ရာလုပ်မယ်ဆိုတဲ့စိတ် စတဲ့ ခံယူချက်ဆိုးတွေကို ကိုယ်ကိုယ်တိုင်ကစပြီး တစ်ဦးချင်းစီပြောင်းလဲပစ်ပါမှ ပြောင်းလဲချိန်ရောက်ပြီလို့ ဆိုနိုင်မှာဖြစ်ပါတယ်လို့  ပြောလိုတာပါ။ 

အယ်ဒီတာ (  ၂၂  -  ၂  - ၂၀၂၀ )