News

POST TYPE

EDITORIAL

တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အရေးကြီးသည့် နည်းပညာ
21-Feb-2020
ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် အိုင်စီတီနည်းပညာပြပွဲ၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က e-Government  နှင့်ပတ်သက်၍ အလေးအနက်ထားညွှန်ကြားပြောဆိုသွားသည်ကို တွေ့ရပါသည်။ မြန်မာပြည်သူများအတွက် အစိုးရယန္တရားကြီး၏ ဝန်ဆောင်မှုများကို ဒစ်ဂျစ်တယ်ပလက်ဖောင်းများပေါ်သို့ ရောက်ရှိအောင်ပြုလုပ်ပြီး စမတ်ဖုန်းများမှတစ်ဆင့် လွယ်ကူလျင်မြန်စွာ ပံ့ပိုးပေးရန် ညွှန်ကြားခြင်းဖြစ်ပေသည်။ 

မြန်မာနိုင်ငံတွင် အင်တာနက်ချိတ်ဆက်အသုံးပြုခွင့်စတင်ရရှိပြီးနောက်ပိုင်း e-Government ကိစ္စကို နည်းပညာနှင့် စီးပွားရေးမဂ္ဂဇင်းအချို့နှင့် ပညာရှင်များက အဆိုပါကိစ္စအရေးကြီးပုံကို ပြောဆိုရေးသားခဲ့ကြသော်လည်း ထိုစဉ်ကအစိုးရများအနေနှင့် ကောင်းစွာအကောင်အထည်ဖော်နိုင်ခြင်းမရှိခဲ့ပေ။ 

ထိုစဉ်အခါကလည်း ယခုခေတ်လို မိုဘိုင်းလ်ဖုန်းနှင့် ဆင်းမ်ကတ်များ ဖောဖောသီသီအသုံးပြုနိုင်သည့် အနေအထားမရှိသေးခြင်းကတစ်ကြောင်း၊ စီးပွားရေးပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေခဲ့ရသည်ကတစ်ကြောင်း စသည့်အကြောင်းများအပါအဝင် နိုင်ငံရေးပြဿနာအမျိုးမျိုးကြောင့် e-Government ကိစ္စမှာ မကြာသင့်ဘဲ ကြန့်ကြာနေခဲ့ရပေသည်။ 

တကယ်တော့ e-Government ဟူသည် နည်းပညာကိစ္စရပ်သာဖြစ်ပြီး နိုင်ငံရေးတို့၊ ဂိုဏ်းဂဏအရေးတို့နှင့် ပတ်သက်ခြင်းမရှိဘဲ သတင်းအချက်အလက်များ မျှဝေအသုံးပြုနိုင်ချိန်၊ ထိရောက်သည့် ဆုံးဖြတ်ချက် သို့မဟုတ် မူဝါဒများချမှတ်နိုင်ချိန်တွင် အလွယ်တကူအကောင်အထည်ဖော်နိုင်သောကိစ္စပင်ဖြစ်သည်။ ယနေ့မြန်မာနိုင်ငံနှင့် မြန်မာ့လူ့အဖွဲ့အစည်းအနေနှင့် မဖြစ်မနေလိုက်ပါစီးနင်းရမည့်အရာ၊ တစ်နည်းအားဖြင့် ရှောင်လွှဲ၍မရနိုင်သော လောကသည် Technology ခေါ်နည်းပညာသာဖြစ်နေပေရာ e-Government ကိစ္စမည်မျှပင်အရေးကြီးသည်ကို ထွေထွေထူးထူးရှင်းပြနေစရာမလိုဟုပင် ယုံကြည်ပါသည်။ 

သို့အတွက်ကြောင့် လက်ရှိနှင့် နောင်ဖြစ်လာမည့် အစိုးရအဆက်ဆက်တို့ အနေနှင့် e-Government ကို တောရော၊ မြို့ပါမကျန် ထိတွေ့ခွင့်ရရှိအောင်ဖန်တီးပေးနိုင်ရေး၊ နည်းပညာစီမံခန့်ခွဲရေး အစရှိသည်တို့တွင် ကျွမ်းကျင်သူအဆင့်ထက် နိမ့်ကျမနေစေရန် အရေးကြီးလှပေသည်။ 

နိုင်ငံအများအပြား၏ နောက်တွင်ပြတ်ကျန်ခဲ့သော မြန်မာနိုင်ငံအနေနှင့် e-Government တို့၊ ဒစ်ဂျစ်တယ်နည်းပညာတို့ကို ကောင်းစွာအသုံးချနိုင်လာမည်ဆိုပါက ရှေ့မှရောက်နေသောနိုင်ငံများကို ကာလတိုတစ်ခုအတွင်း ကျော်မတက်နိုင်လျှင်သော်မှ၊ အမီလိုက်နိုင်မည်ဖြစ်သည်ကိုလည်း သိထားသင့်ပေသည်။  

ရှေ့ကသွားနှင့်သောနိုင်ငံများ ကြုံတွေ့ခဲ့ရသည့်၊ မှားခဲ့သည့်အမှားတို့ကို ရှောင်နိုင်ခြင်း၊ သုံးစွဲလက်စနည်းပညာဟောင်း၊ ပစ္စည်းကိရိယာဟောင်းတို့ကို ငဲ့ကွက်နေရန်မလိုဘဲ နည်းပညာသစ်၊ ပစ္စည်းကိရိယာသစ်ပေါ်လာသည်နှင့် တိုက်ရိုက်သုံးစွဲနိုင်ခြင်းတို့ဖြင့် အမီလိုက်နိုင်၊ ကျော်တက်နိုင်သည့် အခွင့်အရေးရှိသည်ကို ဆိုလိုခြင်းဖြစ်ပါသည်။ 

လိုရင်းပြောရလျှင် အဆိုပါနည်းပညာကိစ္စတို့၊ e-Government ကိစ္စတို့သည် အစိုးရယန္တရား၏ ဝန်ဆောင်မှုများကို ပြည်သူများလွယ်ကူချောမွေ့စွာရယူနိုင်ရုံမျှသာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအထိ အဓိကအရေးကြီးပေရာ အစိုးရရော၊ လွှတ်တော်တို့ကပါ အလေးအနက်ထားအကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းရမည် ဖြစ်သလို ပြည်သူများအနေနှင့်လည်း ယင်းကိစ္စကိုမျက်ခြည်မပြတ်စောင့်ကြည့်နေရမည်ဖြစ်ကြောင်း အကြံပြုလိုပေသည်။ 

အယ်ဒီတာ (  ၂၀ - ၂ - ၂၀၂၀ )