News

POST TYPE

EDITORIAL

အညတရသူရဲကောင်းများ
20-Feb-2020
ယမန်နေ့က ရန်ကုန်-ဒလပြေးဆွဲနေသည့် ဖယ်ရီသင်္ဘောတစ်စီးပေါ်မှ ပြုတ်ကျပြီး ရန်ကုန်မြစ်အတွင်းရေနစ်နေသော အမျိုးသမီးတစ်ဦးနှင့် ယင်းအမျိုးသမီးကို သက်စွန့်ဆံဖျား ကယ်တင်ပေးခဲ့သူ အဆိုပါသင်္ဘော၏ ရေယာဉ်မှူးတစ်ဦးတို့၏သတင်းကို ရန်ကုန်တွင်နေထိုင်သူများသာမက မြန်မာပြည်တစ်လွှားမှ ပြည်သူများအနေနှင့် လူမှုကွန်ရက်များပေါ်မှတစ်ဆင့် ဖတ်ရှုခွင့်ရလိုက်ကြပါသည်။ 

သင်္ဘောပေါ်မှပြုတ်ကျသူ အမျိုးသမီးကို ကယ်တင်ခဲ့သူမှာ အသက် ၆၀ အရွယ်ရှိ သက်ကြီးပိုင်းပုဂ္ဂိုလ်လည်းဖြစ် ၊ နှစ်ထပ်သင်္ဘောရေယာဉ်ဦးပိုင်းမှ မြစ်အတွင်းသို့ ၎င်းခုန်ချနေပုံကို ဓာတ်ပုံဆရာတစ်ဦးက အမိအရကောင်းစွာမှတ်တမ်းတင် ရိုက်ကူးနိုင်လိုက်သည်လည်းဖြစ် ၊ ရေနစ်သူအမျိုးသမီးလည်း အသက်ဘေးမှလွတ်မြောက်နိုင်ခဲ့ခြင်းလည်းဖြစ် စသည်တို့ကြောင့် လူအများစိတ်ဝင်စားခဲ့သည့် သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါသည်။ 

ပြည်တွင်းစစ်ကြောင့်ဖြစ်သည့် တိုက်ပွဲများ၊ ပစ်ခတ်မှုများ၊ မြို့တွင်းမီးလောင်ကျွမ်းမှုများ စသည့်အနိဋ္ဌာရုံဆန်သော သတင်းများခပ်စိပ်စိပ်ကြားနေရချိန်တွင် အဆိုပါသင်္ဘောပေါ်မှခုန်ချပြီး ရေနစ်နေသူကို ကယ်တင်ပေးနိုင်ခဲ့သည့် သတင်းမှာ Good News ၊ ကောင်းသတင်းတစ်ပုဒ်၊ တစ်နည်းအားဖြင့် စိတ်ကြည်နူးဖွယ်၊ ပီတိဖြစ်ဖွယ်၊ ချီးမွမ်းဖွယ်ကောင်းသော သတင်းဟု ဆိုရမည်ဖြစ်ပေသည်။ 

ဦးမြင့်အေးဟု အမည်ရသည့် အဆိုပါ ရေယာဉ်မှူး၏ မြင့်မြတ်သည့်စိတ်ဓာတ်ကိုလည်း မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးအနေနှင့် အထူးပင် ချီးမွမ်းဂုဏ်ပြုထိုက်ပေသည်။စက္ကန့်မျှကြာသောအချိန်တိုအတွင်း မိမိအသက်အန္တရာယ်ဆိုခြင်းထက် တစ်ပါးသူ၏ အသက်အန္တရာယ်ကယ်တင်ရေးကို ဦးစားပေးဆုံးဖြတ်နိုင်ခဲ့သည့် အလုပ်မှာ သာမန်စိတ်ဓာတ်၊ သတ္တိမျိုးဖြင့် လုပ်ဝံ့မည်မဟုတ်ပေ။ ရေကူးတတ်တိုင်း၊ ကျန်းမာရေးကောင်းတိုင်းလည်း လွယ်လင့်တကူလုပ်နိုင်သည့် အလုပ်မျိုးမဟုတ်ပေ။ 

လူသားတို့၏ သမိုင်းကြောင်းတွင် လူတစ်ဦးတစ်ယောက်ကြောင့် လူအမြောက်အမြားဒုက္ခကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များရှိသလို လူတစ်ဦးတစ်ယောက်ကြောင့် အခြားလူသားတစ်ဦး (လူ့အသက်တစ်ချောင်း) သို့မဟုတ် လူအများဘေးအန္တရာယ် ကင်းဝေးခဲ့ရသည့် ဖြစ်ရပ်များစွာရှိခဲ့ဖူးပါသည်။ 

လူတစ်ဦး၏ တန်ဖိုးကို ရွှေ၊ ငွေ၊ စည်းစိမ်ဥစ္စာတို့၊ ရာထူးဂုဏ်ဒြပ်တို့နှင့် တိုင်းခြင်းထက် ၎င်း၏ အသိဉာဏ်၊ စေတနာ၊ ပြုမူဆောင်ရွက်ပုံ စသည့် 'စိတ်ဓာတ်' ဖြင့်တိုင်းတာခြင်းသည်သာ အကောင်းဆုံးဖြစ်သည်ဆိုသည့် ရှေးပညာရှိတို့ အစဉ်အဆက်ဆုံးမခဲ့သည်များကို ပြန်လည်သတိရမိပါသည်။ 

မြန်မာနိုင်ငံတွင် အဆိုပါရေယာဉ်မှူး ဦးမြင့်အေးလို မိမိအသက်ကို အလေးမထားဘဲ အသက်စွန့်ကာ တစ်ပါးသူများကို ကယ်တင်ခဲ့သည့် လေယာဉ်အမှုထမ်းများ၊ သင်္ဘောအမှုထမ်းများနှင့် အခြားယာဉ်အမှုထမ်းများရှိခဲ့ဖူးသည်ကို လေ့လာမှတ်သားဖူးပါသည်။အချို့မှာမူ ယင်းသို့ မွန်မြတ်သောအလုပ်ကိုလုပ်ရင်း ဘဝနိဂုံးချုပ်သွားခဲ့ကြရပေသည်။ 

သာမန်ပုဂ္ဂိုလ်၊ သာမန်အမှုထမ်း၊ သာမန်ဝန်ထမ်းများဖြစ်သော်လည်း လူအများ အသက်ချမ်းသာရရှိရေးအတွက် မိမိအသက်ကိုစွန့်ရဲသည့် ကြောက်ခမန်းလိလိ သတ္တိမျိုးရှိသူများဖြစ်ရာ ၎င်းတို့ကို 'အညတရ သူရဲကောင်းများ' ဟုသတ်မှတ်ခေါ်ဆို ရမည်ထင်ပါသည်။ 

ဌာနအလိုက်၊ အင်စတီကျူးရှင်းအလိုက်၊ အဖွဲ့အစည်းအလိုက်ဆိုင်ရာ ကျင့်ဝတ်များနှင့် စည်းမျဉ်းစည်းကမ်းများ လိုက်နာကျင့်သုံးတတ်အောင် မည်သည့် အမှုထမ်းများကိုမဆို သင်ကြားပေးနိုင်သော်လည်း ယခုလိုသတ္တိမျိုးဖြစ်လာအောင် သင်ကြားပေးရန်မှာကား လွယ်ကူမည်မဟုတ်ပေ။ အကြောင်းမှာ ကိုယ့်အသက်ကိုစွန့်ပြီး အခြားသူများကို ကယ်ဝံ့သည့်သတ္တိမျိုးဟူသည် စိတ်နှလုံးသားထဲတွင် Build-In ပါလာသည့် သဘောမျိုးဖြစ်နေသောကြောင့်ပင်။ 

နိုင်ငံနှင့် လူ့အဖွဲ့အစည်းအတွက် လူသားဆန်သောစိတ်၊ လူပီသသောစိတ်ဖြင့် မိမိတာဝန်ကို မိမိအကောင်းဆုံးဖြစ်အောင်ကြိုးပမ်းထမ်းဆောင်နေသူများအားလုံး နှင့် အညတရသူရဲကောင်းများအားလုံးကို အစဉ်အမြဲလေးစားဂုဏ်ပြုလျက်ရှိကြောင်း ဖော်ပြလိုက်ပါသည်။ 

အယ်ဒီတာ ( ၁၉ - ၂ - ၂၀၂၀)