News

POST TYPE

EDITORIAL

မြန်မာတွေ စုပေါင်းတိုက်ရမည့် တိုက်ပွဲ
19-Feb-2020
ထင်ရှားသောမြန်မာ့ဆိုရိုးများထဲတွင် 'စစ်မရောက်ခင်က မြားကုန်' ဆိုသော အဆိုကို စာဖတ်သူအတော်များများ ကြားဖူးကြပါလိမ့်မည်။ အရေးကိစ္စတစ်ခုကို ရင်ဆိုင်မဖြေရှင်းခင်ကတည်းက ဝီရိယလျော့ကျသွားတတ်သည့်သဘောကို စစ်တို့၊ မြားတို့နှင့် တင်စားပြောဆိုခြင်းဖြစ်ပေသည်။ 

အရေးကိစ္စတစ်ခု သို့မဟုတ် လူတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုနှင့် ပတ်သက်၍ တိကျခိုင်မာသော သတင်းအချက်အလက်မရရှိသေးဘဲ ကြိုတင်အကဲဖြတ် သုံးသပ်(Prejudge) လုပ်ခြင်းမျိုးကြောင့်လည်း တစ်ခါတစ်ရံတွင် စစ်မရောက်ခင်ကတည်းက မြားကုန်ကြရသည့် သဘောမျိုးဖြစ်လေ့ဖြစ်ထရှိပေသည်။ 

လူတစ်ဦးနှင့် တစ်ဦးကြား၊ အဖွဲ့အစည်းတစ်ခုနှင့် တစ်ခုကြားပူးပေါင်းဆောင်ရွက်ရေးကိစ္စများမှသည် ငြိမ်းချမ်းရေးဖော်ဆောင်ရေးနှင့် နိုင်ငံတည်ဆောက်ရေးကိစ္စအထိ စစ်မရောက်ခင် မြားမကုန်ရန်အရေးကြီးသလို တစ်ဖက်နှင့်တစ်ဖက် ခိုင်မာသည့် သတင်းအချက်အလက် သို့မဟုတ် အထောက်အထားမရှိပါဘဲ အကဲဖြတ်မစောရန်လည်း အရေးကြီးလှပါသည်။ 

တစ်ဦးနှင့်တစ်ဦး မိမိစိတ်အထင်ဖြင့် အကဲဖြတ်ပြောဆိုမှုများစွာရှိသော်လည်း မိမိထင်သည့်အတိုင်း မည်မျှအတိုင်းအတာအထိ မှန်ကန်မှုရှိသနည်းဆိုသည်မှာ အမှန်တကယ်တွင်ဖြေဆိုရန်ခက်ခဲပေသည်။  

တစ်ဦးနှင့်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခုအကြား ဆက်ဆံရေးပျက်ပြားကာ ရန်သူသဘောမျိုးသို့ရောက်သွားကြသည့် အဖြစ်သနစ်အများစုကိုကြည့်မည်ဆိုလျှင် တစ်ဖက်အကြောင်းကို တစ်ဖက်က ဂဃနဏ ကွဲကွဲပြားပြားမသိဘဲ စိတ်အထင်ဖြင့်သာ၊ တစ်နည်းအားဖြင့် အဆိုးမြင် သံသယဝင်သည့်စိတ်၊ အုပ်စုစွဲသည့်စိတ်ခံတို့ဖြင့်သာ ဆုံးဖြတ်ခဲ့ကြခြင်းကြောင့်ဖြစ်သည်ကို တွေ့ရပေမည်။ 

ယနေ့ မြန်မာနိုင်ငံတွင် လူထုခေါင်းဆောင်ဟု အများကသတ်မှတ်ထားသည့် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်း၊ တပ်မတော်တစ်ရပ်တည်း၊ တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့ချင်းစီ တစ်ရပ်တည်း ဖြေရှင်း၍မရနိုင်သော အခက်အခဲများနှင့် ပြဿနာကြီးများရှိနေသည်ဖြစ်ရာ ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်ရေးဟူသည့် တိုက်ပွဲအတွက် စစ်မရောက်ခင် မြားကုန်သည့် အတွေးမျိုးမရှိကြရန် အရေးကြီးသလို တစ်ဖက်နှင့်တစ်ဖက် အဆိုးမမြင်ကြရန် (သံသယနည်းရန်) အလွန်ပင်အရေးကြီးပါသည်။ အထူးသဖြင့် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာရွေးကောက်ပွဲကြီး နီးကပ်လာချိန်တွင် သံသယများ၊ ပယောဂများနှင့် သွေးထိုးစမ်းမှုများ ရှိလာတတ်သည်ကို သတိပြုသင့်ပေသည်။ 

နိုင်ငံသားတိုင်း ငယ်စဉ်ကသင်ယူခဲ့ဖူးသည့် မြန်မာ့သမိုင်းတွင်ရေးသားထားသလို 'ရရာလက်နက်ဆွဲကိုင်ကာ တော်လှန်တိုက်ခိုက်ကြသည်' ဆိုသည့်အတိုင်း ကြမ်းတမ်းလှသည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးတိုက်ပွဲကြီးအတွက် သက်ဆိုင်သူအားလုံးက ဝီရိယအားစိုက်ကာ စုပေါင်းတိုက်ပွဲဝင်ကြမည်ဆိုပါက အခက်အခဲများအားလုံးကို ကျော်လွှားနိုင်မည်သာဖြစ်ကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ  (၁၈ - ၂ - ၂၀၂၀)