News

POST TYPE

EDITORIAL

၂၀၂၀ မှာအောင်မြင်မည့်သူဆိုတာ
14-Feb-2020
ပြည်သူတွေရွေးကောက်တင်မြှောက်ခွင့်ရခဲ့သော ပြည်သူ့အစိုးရဟု မော်ဒန်ခေတ်သစ်မြန်မာ့သမိုင်းတွင် နိုင်ငံအုပ်ချုပ်ရေးတာဝန်နှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဆိုင်ရာစိန်ခေါ်မှုများကို ရယူရင်ဆိုင်ခဲ့သော ဒီမိုကရေစီအစိုးရ၏ သက်တမ်းသည် ယခုနှစ်လာမည့်နိုဝင်ဘာလတွင် ကျင်းပမည့်ရွေးကောက်ပွဲ ကာလ၌ သက်တမ်းဆုံးကာလထဲသို့ရောက်ရှိတော့မည်ဖြစ်ရာ လက်ရှိအာဏာရပါတီ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပထမပိုင်းကာလတွင် အာဏာရခဲ့ဖူးသည့် ပါတီအပါအဝင် အခြားတိုင်းရင်းသားလူမျိုးစုများ၏ နိုင်ငံရေးပါတီများသည်လည်း နိုင်ငံရေးကစားကွင်းထဲသို့ဝင်ရန် ပြင်ဆင်နေကြပြီဖြစ်သည်ကို တွေ့ရပါသည်။ 

ယင်းတို့ထဲတွင် ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကာလ ကတည်းက နာမည်ရခဲ့ပြီး ကျောင်းသားခေါင်းဆောင်အချို့ ဦးဆောင်သော ပါတီတို့ပါဝင်သလို ဒီမိုကရေစီအသွင်ကူးပြောင်းရေး အစပိုင်းကာလတွင် ပထမဆုံး လွှတ်တော်နိုင်ငံရေးကိုအတွေ့အကြုံရှိခဲ့သည့် ပုဂ္ဂိုလ်များဦးဆောင်သည့် ပါတီတို့လည်း ပါဝင်သည်ကိုလည်းတွေ့ရပေသည်။ မြန်မာ့လူ့အဖွဲ့အစည်းသည် ဆိုရှယ်လစ်ခေတ်နှင့် တပ်မတော်အစိုးရခေတ်နှစ်ရပ်ကို ကသောင်းကနင်းပုံစံဖြင့် ရာစုနှစ်ဝက်ကျော် ဖြတ်သန်းခဲ့ကြဖူးသလို ယင်းခေတ်နှစ်ရပ်စလုံး၏ လောင်းရိပ်မလွတ်သော ပြည်သူ့စိတ်တိုင်းကျဒီမိုကရေစီခေတ်သစ်တစ်ခုကိုလည်း ဖြတ်သန်းခဲ့ပြီးဖြစ်ပေသည်။ 

သို့အတွက်ကြောင့် ပြည်သူအများစု၏ အတွေ့အကြုံတွင် ပါတီနိုင်ငံရေးသမားဆိုလျှင်၊ တစ်နည်းအားဖြင့် နိုင်ငံရေးအာဏာရရန် ကြိုးပမ်းသူဆိုလျှင် တစ်ဖက်တွင် အပြောင်းအလဲအတွက်မျှော်လင့်ချက်ကြီးစွာထားသည့် သဘောတရားရှိသလို ကျန်တစ်ဖက်တွင် အာဏာအလွဲသုံးစားပြုမည့်သူများအဖြစ် သံသယကြီးစွာထားတတ်သည့် အစွဲမျိုးနက်ရှိုင်းစွာရှိနေသည်ကို သတိပြုသင့်ပေသည်။ ရိုးရှင်းစွာပြောရလျှင် မြန်မာပြည်သူများသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွေ့အကြုံရင့်ကျက်လာသလို ပါတီနိုင်ငံရေးသမားများနှင့် ပတ်သက်သည့်အတွေ့အကြုံလည်း ရင့်ကျက်လာသည့်အနေအထားတွင်ရှိပေသည်။ 

လိုရင်းပြောရမည်ဆိုပါက ယခုနှစ်နိုဝင်ဘာလတွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲသည် ပြီးခဲ့သည့် ရွေးကောက်ပွဲနှစ်ရပ်ထက်ပိုမိုလေးနက်သော အပြောင်းအလဲအချိုးအကွေ့များကို ဖန်တီးပေးမည်ဖြစ်ရာ ပြည်သူများအနေနှင့် သာမန်ညောင်ည နိုင်ငံရေးသမားထက် ပိုမိုအရည်အချင်းရှိပြီး နိုင်ငံတည်ဆောက်ရေးအတွက် အမှန်တကယ်စွမ်းဆောင်မှုရှိသူများကို မလွဲမသွေရွေးချယ်တတ်ရန် လိုပေမည်။ 

အဓိကအရေးကြီးသည်မှာ မိမိပါတီအရေး၊ မိမိအုပ်စုအရေး၊ မိမိလူမျိုးစုအရေးဆိုသော သာမန်နိုင်ငံရေးအမြင်ထက်ပိုမို ကျယ်ပြန့်သည့် အမြင်ရှိမှသာ ၂၀၂၀ မြန်မာ့နိုင်ငံရေးတွင် အောင်မြင်သော နိုင်ငံရေးသမားကြီးများဖြစ်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ဖော်ပြလိုရင်းဖြစ်ပါသည်။ 

အယ်ဒီတာ ( ၁၃ - ၂ - ၂၀၂၀ )