News

POST TYPE

EDITORIAL

ထိုင်းတပ်ချုပ်ပြောပြသည့် ရဲဘော်စိတ်
13-Feb-2020
မကြာသေးခင်က အိမ်နီးချင်းထိုင်းနိုင်ငံတွင် မြောက်ပိုင်းက ကိုရတ်ဟု လူသိများသည့် မြို့လေးတစ်မြို့တွင် ထိုင်းစစ်တပ်မှ တပ်သားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ရမ်းကားသွားခြင်းကြောင့် အပြစ်မဲ့ပြည်သူ ၂၉ ဦးသေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိသွားသည့်ဖြစ်ရပ်မှာ ထိုင်းလူမျိုးများနှင့် တစ်နိုင်ငံလုံးအတွက် ပူဆွေးဝမ်းနည်းစရာသာမက ထိတ်လန့်ဖွယ်ကောင်းသည့်ဖြစ်ရပ်တစ်ခုဟု ဆိုရပေမည်။ 

သေနတ်ကိုင်ပစ်ခတ်ရမ်းကားခဲ့သည်မှာ ထိုင်းစစ်တပ်ကတပ်သားတစ်ဦးဖြစ်နေသည်ကတစ်ကြောင်း၊ ယခင်တုန်းကအလားတူ လူအစုလိုက်၊ အပြုံလိုက်ပစ်ခတ်တိုက်ခိုက်ခံရခြင်းမျိုးမရှိခဲ့သည်ကတစ်ကြောင်း စသည်တို့ကြောင့် အားလုံး ထိတ်ထိတ်ပျာပျာဖြစ်သွားခဲ့ခြင်းဖြစ်ပေသည်။ 

ကိုယ်ရေးကိုယ်တာစီးပွားရေးကိစ္စတစ်ခု အဆင်မပြေ၍အမျက်ဒေါသထွက်ကာ တပ်ရင်းလက်နက်တိုက်မှ လက်နက်များခိုးယူပြီး မြင်တွေ့သမျှ လိုက်လံပစ်ခတ်ခဲ့သည့် အဆိုပါထိုင်းစစ်သား၏ သတင်းကသူ၏တပ်ရင်းသာမက ထိုင်းစစ်တပ်တစ်ခုလုံး အပါအဝင် စစ်လောကတစ်ခုလုံးအတွက် စစ်တပ်တွင်းလုံခြုံရေးနှင့်ပတ်သက်၍ တပ်လှန့်လိုက်သလိုလည်း ဖြစ်သွားခဲ့ပေသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အပီရတ်ကွန်ဆွမ်ပေါင်းက ထိုင်းတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်တစ်ဦးအနေနှင့် ထိုင်းပြည်သူတွေကို အနူးအညွတ်တောင်းပန် ကြောင်းနှင့် ထိုင်းစစ်တပ်မှ တပ်သားတစ်ဦးကျူးလွန်သည့် ဖြစ်ရပ်ဆိုးကြီးအတွက် လွန်စွာဝမ်းနည်းကြေကွဲရကြောင်း ပြောဆိုသွားပေသည်။ ထိုစကားပြောနေချိန်တွင် မျက်ရည်များလည်းဝဲကျနေသည်ကို ထိုင်းမီဒီယာများမှတစ်ဆင့် တွေ့မြင်ရပါသည်။ သေဆုံးသွားသူများနှင့် ဒဏ်ရာရရှိသွားသူများ၏ မိသားစုဝင်များအားလုံးကို လျော်ကြေးအပါအဝင် အခြားသောကူညီပံ့ပိုးမှုများပေးသွားမည်ဖြစ်သည်ဟုသိရပါသည်။ တာဝန်ယူတတ်သော၊ တာဝန်ခံမှုအပြည့်အဝရှိသော ထိုင်းတပ်မတော် ခေါင်းဆောင်ဗိုလ်ချုပ်ကြီး အပီရတ်ကွန်ဆွမ်ပေါင်းဆိုသူ၏ ပြုမူပြောဆိုမှုများမှာ လွန်စွာချီးမွမ်းဖွယ်ကောင်းလှပါသည်။

ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင်နှင့် လက်ရှိဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်းပရာရွတ်ကမူ ထိုင်းစစ်တပ်တွင်း စစ်လက်နက်များနှင့် လက်နက်တိုက်များ လုံခြုံရေးကို ပြန်လည်သုံးသပ်ရန်အရေးကြီးပုံကို ပြောဆိုပြီး အကယ်၍ အဆိုပါ အရာများလုံခြုံမှုလျော့ပါးနေမည်ဆိုပါက ထိုင်းတပ်မတော်သည် နှစ်ပေါင်းများစွာ ကြာရှည်ခံမည့် အဖွဲ့အစည်းမဟုတ်တော့ကြောင်း ဝေဖန်သည်ကိုတွေ့ရပေသည်။ ဝန်ကြီးချုပ်ပရာရွတ်ကိုကြည့်ရသည်မှာ တပ်လုံခြုံရေးကို စိုးရိမ်မကင်းဖြစ်နေပုံရနေပေသည်။ 

အိမ်နီးချင်းတို့ ထိုင်းနိုင်ငံတွင်သာမက မည်သည့်နိုင်ငံတွင်မဆို တပ်မတော်တို့၊ စစ်တပ်တို့ဟူသည် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်အပါအဝင် အချုပ်အခြာအာဏာစသည့် တစ်မျိုးသားလုံး၏လုံခြုံရေးအတွက် ကာကွယ်ပေးသည့် အဖွဲ့အစည်း များဖြစ်သည်မှာ အထူးညွှန်းဆိုစရာလိုမည်မဟုတ်ပေ။ တစ်သမတ်တည်း သဘောဖြစ်သည့် ဂုဏ်ဒြပ်ဟုဆိုရမည်ထင်ပါသည်။ သို့သော် အဆိုပါ ဧရာမအင်စတီကျူးရှင်းကြီးများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် မှန်ကန်ဖြောင့်မတ်မှု စသည့် အဆင့်အတန်းတို့မှာ တစ်သမတ်တည်းသဘောမျိုးမဟုတ်ဘဲ နိုင်ငံများအလိုက် မတူကွဲပြားကြသည်ကို သတိထားကြည့်လျှင်တွေ့နိုင်ပါသည်။ 

ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကမူ လက်နက်ကိုင်ရမ်းကားသွားခဲ့သည့် ၎င်း၏တပ်မှ တပ်သားကို 'ရဲဘော်မဟုတ်၊ လူသတ်သမားသာဖြစ်သည်' ဟု ရှုတ်ချသွားပေသည်။ မှန်ပါသည်။ လက်နက်ကိုင်အင်စတီကျူးရှင်းကြီးများ၊ တစ်နည်းအားဖြင့် စစ်တပ်တို့၏ တာဝန်သည်နိုင်ငံနှင့် ပြည်သူများအပေါ် ရဲဘော်ရဲဘက်ကောင်းတစ်ဦးသဖွယ် တာဝန်ယူစောင့်ရှောက်တတ်၊ ဆက်ဆံတတ်သည့်တပ်ဖွဲ့ဝင်များ မွေးထုတ်ပေးရန်သာဖြစ်ကြောင်း ဖော်ပြလိုက်ရပေသည်။ 

အယ်ဒီတာ  ( ၁၂ - ၂ - ၂၀၂၀ )