News

POST TYPE

EDITORIAL

ပြည်ထောင်စုနေ့ မေတ္တာရပ်ခံချက်
12-Feb-2020
၇၃ ကြိမ်မြောက် ပြည်ထောင်စုနေ့ နီးကပ်လာသည့် အချိန်ကာလများတွင် တိုင်းရင်းသားပါတီအများစု လိုလိုလားလားရှိနေသည့် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စနှင့်ပတ်သက်သော အသံများပိုကြားလာရသည်ကို သတိပြုမိပါသည်။ တိုင်းရင်းသားလူမျိုးစုများနေထိုင်ရာ ပြည်နယ်များအနေနှင့် မိမိတို့ဝန်ကြီးချုပ်ကို မိမိကိုယ်တိုင်ရွေးချယ်ပိုင်ခွင့် ၂၆၁ (ခ) နှင့်ပတ်သက်သော ပြင်ဆင်မှုမျိုးပြုလုပ်စေလိုသည့် အသံများဖြစ်သည်ကိုလည်း ယင်းကိစ္စစိတ်ဝင်စားသည့် စာဖတ်သူများသိနှင့်ပြီးဖြစ်ပါလိမ့်မည်။ 

ယခု ထွက်လာပြီးဖြစ်သည့် ဥပဒေကြမ်းတွင် တိုင်းရင်းသားလူမျိုးစုပါတီများ၏ အဓိကမျှော်မှန်းချက်များအနက်တစ်ခုဖြစ်သော အဆိုပါ ၂၆၁ မပါဝင်မှုနှင့် ပတ်သက်၍ အာဏာရပါတီကိုလိုလားသူအချို့က အန္တရာယ်ရှိသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စတစ်ခုအဖြစ် သတ်မှတ်ပြောဆိုကြပြီး တိုင်းရင်းသားပါတီအများစုကမူ ဗဟိုအစိုးရ၏ ချုပ်ကိုင်မှုကို လျှော့ချပေးလိုခြင်းမရှိသည့်အချက်၊ တစ်နည်းအားဖြင့် တိုင်းရင်းသားခေါင်းဆောင်များ၏ လိုအပ်ချက်ကိုအလေးအနက်ထားထည့်တွက်ခြင်းမရှိ ဟူသောအချက်ကို ဖော်ပြရာရောက်သည်ဟု ဝေဖန်ကြသည်ကိုလည်း တွေ့ရပါသည်။ 

ယခင်အစိုးရလက်ထက် အာဏာရပါတီနှင့် တပ်မတော်အပါအဝင် တိုင်းရင်းသားပါတီများက ပြင်ဆင်စေလိုသည့် ပုဒ်မဖြစ်နေသည်ကတစ်ကြောင်း၊ ရှုပ်ထွေးနက်နဲလှပြီး ဆန့်ကျင်ဘက်အင်အားစုများဖြင့် ထိပ်တိုက်တွေ့လာသည့် ပုံစံဖြစ်နေသည်က တစ်ကြောင်း စသည်ကြောင့် မြန်မာ့နိုင်ငံရေးလောက၏ သဘောသဘာဝအတိုင်း အဆိုပါကိစ္စကို Conspiracy Theory ဆန်ဆန် ဝေဖန်ပြောဆိုမှုများရှိသည်ကိုလည်း သတိပြုမိပေသည်။ 

ပြင်ဆင်ရေးကိစ္စကို အဓိကဦးဆောင်လုပ်ကိုင်နေသည့် အာဏာရ NLD ပါတီကတော့ အဆိုပါ ၂၆၁ ကိစ္စနှင့်ပတ်သက်၍ 'ဘာ့ကြောင့်' ဆိုသည်ကို ရှင်းလင်းပြောဆိုခြင်းမရှိသေးပေ။ NLD ပါတီမှ အာဏာပိုင်များအနေနှင့် တိုင်းရင်းသားတို့လိုလားသော ၂၆၁ ကိစ္စကို မည်သို့နှလုံးသွင်းထားသည်ကို ယခုအချိန်တွင် မည်သူမျှသိနိုင်မည်မဟုတ်ပေ။ ရှင်းလင်းပြောဆိုလာချိန်ရောက်မှ ဖြစ်သင့်သည့်ကိစ္စလား၊ မဖြစ်သင့်သည့်ကိစ္စလားဆိုသည်ကို ဆုံးဖြတ်နိုင်မည်သာဖြစ်ပါသည်။ 

မြန်မာနိုင်ငံအနာဂတ်တွင် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုတစ်ခုတည်ဆောက်ရေးသည် တိုင်းရင်းသားပြည်သူအားလုံးက သဘောတူထားပြီးဖြစ်သည့် ကိစ္စဟုယုံကြည်ပါသည်။မတူကွဲပြားသည့်တိုင်းရင်းသားများ အားလုံးအကြား တန်းတူရည်တူဖြစ်စေရန် ဦးတည်ခြင်းဖြစ်သောကြောင့် သင့်တင့်လျောက်ပတ်ရုံသာမက ကောင်းမွန်လှသည့်စနစ်ဟုလည်း ဆိုချင်ပေသည်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည်တို့နှင့် ပတ်သက်သော အခြေခံအခွင့်အရေးများကို တိုင်းရင်းသားညီအစ်ကိုများအားလုံး သာတူညီမျှ ခံစားနိုင်ခွင့်ရနိုင်မည့် စနစ်တစ်ရပ်လည်းဖြစ်ပေသည်။ 

သို့သော်လည်း ဖက်ဒရယ်ပြည်ထောင်စုအမှန်တကယ်တည်ထောင်ရာ၌ အဓိကအုတ်မြစ်ဖြစ်သည့် ယခုလို အခြေခံဥပဒေပြင်ဆင်သည့်ကိစ္စမျိုးအပါအဝင် အခြားအရေးကြီးကိစ္စကြီးများကို တစ်ဦးနှင့်တစ်ဦး၊ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ဆွေးနွေးညှိနှိုင်းရေးသည် ထင်သလောက်မလွယ်ကူ၊ မရိုးစင်းနိုင်သည်ကို သတိချပ်ရန် လိုအပ်သလို ဆွေးနွေးရာတွင် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးအနေနှင့် အနာဂတ်ကောင်းကျိုးကို ရည်သန်ပြီး ကျယ်ကျယ်ပြန့်ပြန့်နှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းသွားကြရန် အရေးကြီးကြောင်း မေတ္တာရပ်ခံလိုက်ရပါသည်။ 

အယ်ဒီတာ ( ၁၁ - ၂ - ၂၀၂၀ )