News

POST TYPE

EDITORIAL

တိုင်းပြည်ကို ဦးဆောင်လိုသူများသို့
10-Feb-2020
ယနေ့ မြန်မာနိုင်ငံရင်ဆိုင်ကြုံတွေ့နေရသော ပဋိပက္ခများနှင့် ပြဿနာများ ပြေလည်ရေး၊ တစ်နည်းအားဖြင့် ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် ထူးချွန်ထက်မြက်မှုလည်းရှိ၊ စေတနာလည်းရှိကြသူများ ပေါင်းစည်း လုပ်ကိုင်နိုင်ရေးသည် နိုင်ငံအတွက်အရေးကြီးဆုံးကိစ္စတစ်ခုဟုဆိုရမည်ထင်ပါသည်။ တိုင်းပြည်နှင့် ပြည်သူကို အမှန်တကယ် စေတနာရှိသူများ ပူးပေါင်းမိပြီး စေတနာအမှန်ဖြင့် အလုပ်လုပ်ကြရေးသာဖြစ်ပါသည်။

ပို၍ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုပါက တပ်ဘက်ကလာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ၊ နိုင်ငံရေးအကျဉ်းသားဖြစ်ဖူးသည်ဖြစ်စေ၊ မဖြစ်ဖူးသည်ဖြစ်စေ၊ လက်နက်ကိုင်တော်လှန်ဖူးသည်ဖြစ်စေ နိုင်ငံတည်ဆောက်ရေးကို စေတနာမှန်မှန်ဖြင့် ကိုယ်ကျိုးမကြည့်ဘဲ လုပ်ကိုင်ပေးသူများ ထွက်ပေါ်လာရေးက အရေးကြီးပါသည်။ 

လက်ရှိ ၂၀၂၀ တွင် အာဏာရပါတီအပါအဝင် အခြားပါတီများမှ အရပ်သားနိုင်ငံရေးသမားများနှင့် စစ်ဘက်မှပုဂ္ဂိုလ်များ (တပ်မတော်သားကိုယ်စားလှယ်များ)အကြား ဆက်ဆံရေးမှာ ဆိုးရွားသည့်အနေအထားထဲတွင်မရှိဟု ယူဆ၍ရပေသည်။ ဒီမိုကရေစီအစိုးရခေတ်ထဲတွင် ၎င်းတို့အကြား ဆက်ဆံရေးကောင်းတစ်ရပ်၊ ယုံကြည်မှုတစ်ရပ် အတော်အတန်ရှိခဲ့သည်ဟု ယူဆ၍ရနိုင်သော်လည်း 'ဘက်' ဟူသည့် အရိပ်နှင့် ပါတီစွဲ၊ အုပ်စုစွဲအမြင်များကြောင့် နှစ်ဖက်စလုံးမှ ပုဂ္ဂိုလ်များအနေနှင့် ပြည်သူလူထု၏ အရေးကိစ္စများကို ဆောင်ရွက်ရာတွင် ထင်သလောက်ခရီးမပေါက်ဘဲ ဖြစ်နေခဲ့သည်မှာတော့ သေချာပါသည်။ 

အထူးသဖြင့် သမိုင်းတွင်မည့်မှတ်တမ်းထဲ၌ မိမိတို့နှင့် မိမိတို့ပါတီ သို့မဟုတ် အဖွဲ့အစည်း၏ အမည်စာရင်းဝင်နိုင်ရေးအတွက် အသားပေးကြိုးပမ်းနေကြသည့် သဘောမျိုးများကိုသာတွေ့ခဲ့ရပေရာ ဒီမိုကရေစီနိုင်ငံတော်သစ်မဆိုထားနှင့်၊ ပြည်တွင်းစစ်အဆုံးသတ်ရေးပင် လွယ်ကူမည်မဟုတ်ဟု ဆိုရပေမည်။ မိမိသည် မင်းသားဖြစ်ပြီး မိမိနှင့်မတူသည့် အင်အားစုသည် ဗီလိန်ဖြစ်သည်ဟူသည့် သဘောထားအမြင်မျိုး မြန်မာ့နိုင်ငံရေးတွင် အရေးပါသောအင်အားစုများအကြား ရှိနေမည်ဆိုပါက သိကြားမင်းဆင်းကာညှိနှိုင်းပေးသည့်တိုင် ပန်းတိုင်ရောက်နိုင်မည် မဟုတ်ပေ။ 

သို့အတွက်ကြောင့် မြန်မာ့နိုင်ငံအရေးအတွက်အရေးကြီးသည့် နှစ်တစ်နှစ်ဖြစ်သော ၂၀၂၀ တွင် အရေးတကြီး မေတ္တာရပ်ခံလိုသည်မှာ မြန်မာ့ဒီမိုကရေစီရေး ခရီးလမ်းမှန်ပေါ်မှချော်ထွက်မသွားစေရေးအတွက် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖက်နှင့် တစ်ဖက် ယုံကြည်နားလည်မှုများ ဆက်လက်တည်ဆောက်သွားကြရန်ဖြစ်ပေသည်။ထို့ပြင် မလွဲမသွေကြုံတွေ့လာရမည့် ပြဿနာများစွာကို ဖြေရှင်းရာတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စသည်တို့နှင့်ပတ်သက်၍ အမြင့်ဆုံးအာဏာကို      ကိုင်တွယ်ဆောင်ရွက်ခွင့်ရထားသူများအနေနှင့် နိုင်ငံနှင့် ပြည်သူများရှေ့သို့ရောက်အောင် ဖန်တီးပေးနိုင်မည့်  လုပ်ရပ်များကိုသာ အတူတကွပူးပေါင်းလုပ်ကိုင်သွားကြရန် အထူးအရေးကြီးကြောင်း ဖော်ပြလိုက်ရပါသည်။  

အယ်ဒီတာ  (  ၉ - ၂ - ၂၀၂၀ )