News

POST TYPE

EDITORIAL

တရုတ်ဆရာဝန်လေးတစ်ဦး ပြောသွားတဲ့ သတင်းသင်ခန်းစာ
09-Feb-2020
တရုတ်ပြည်မှာ ကုန်ခဲ့တဲ့ ဒီဇင်ဘာလကတည်းက ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ သတိပေးပြောဆိုခဲ့တဲ့ ဆရာဝန် အဲဒီဗိုင်းရပ်စ်ပိုးကြောင့်ပဲ သေဆုံးသွားတော့ တရုတ်ပြည်သူတွေဟာ အစိုးရကို အင်မတန်မကျေမနပ်ဖြစ်ကြ၊ ဒေါသထွက်ကြ ဖြစ်ကုန်တာကို သတင်းတွေမှာတွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဆရာဝန်က ကိုရိုနာဗိုင်းရပ်စ်အကြောင်း အများသိအောင်ပြောဆိုခဲ့တုန်းက တရုတ်အစိုးရ အာဏာပိုင်တွေက သူ့ကိုခေါ်ယူသတိပေးတာတို့၊ စစ်ဆေးမေးမြန်းတာတို့လုပ်ခဲ့လို့ပါပဲ။ အာဏာပိုင်တွေက သူ့ကို မဟုတ်မမှန်တဲ့ သတင်းတွေမဖြန့်ဖို့ဆိုပြီး သတိပေးခဲ့တာပဲဖြစ်ပါတယ်။ 

အာဏာပိုင်တွေက အဲဒီဆရာဝန်ဟာ သတင်းမှားတွေဖြန့်ပြီး အများပြည်သူအကြား အထိတ်တလန့်ဖြစ်အောင်ကြိုးစားခဲ့တယ်လို့ ထင်မှတ်ခဲ့ကြပုံလည်းရပါတယ်။ နောက်ဆုံးတော့ သူတို့ထင်မှတ်ခဲ့တာတွေအားလုံး တက်တက်စင်အောင်လွဲမှားခဲ့ပါတော့တယ်။ ဆရာဝန်လေးသတိပေးခဲ့တဲ့ ဗိုင်းရပ်စ်ဟာ တရုတ်ပြည်ကိုရော အခြားတိုင်းပြည်တွေကိုပါ ဒုက္ခအကြီးအကျယ်ပေးတဲ့ သေမင်းတမန်ဗိုင်းရပ်စ်ကြီး ဖြစ်လာပါတယ်၊ တစ်လကျော်ကျော်အချိန်ကာလအတွင်းမှာပဲ တရုတ်နဲ့ ဟောင်ကောင်မှာ လူ ၇၀၀ ကျော် သေဆုံးခဲ့ရပြီး လူထောင်ပေါင်းများစွာ ကူးစက်ခံခဲ့ရပါတယ်။ 

အာရှဒေသက နိုင်ငံအချို့မှာလည်း တရုတ်ပြည်၊ ဝူဟန်မြို့ကပြန်လာတဲ့သူတွေမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိပြီး ကူးစက်ကုန်လို့ အတော့်ကို စိုးရိမ်ထိတ်လန့်နေကြရပါတယ်။ ဂျပန်မှာဆို ဇိမ်ခံသင်္ဘောကြီးတစ်စင်းလုံးမှာလိုက်ပါလာတဲ့သူ ၄၀၀၀ နီးပါးကို Quarantine ဆိုတဲ့ ဘယ်သူနဲ့မှထိတွေ့ဆက်ဆံခွင့်မပြုဘဲ သီးသန့်ခွဲထားတာမျိုးလုပ်နေရတာကို မြင်တွေ့ရပါတယ်။ မြန်မာတို့ မကြာခဏဆိုသလို သွားရောက်လည်ပတ်လေ့ရှိတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင်လည်း Mask တွေအုပ်ဖို့၊ လက်ဆေးကြောဖို့ ကျန်းမာရေးဝန်ကြီးကိုယ်တိုင် ဦးဆောင်ပြီး ကမ်ပိန်းလုပ်နေတယ်လို့သိရပါတယ်။ နှာခေါင်းစွပ် (Mask) တွေ ပြတ်လပ်တဲ့ပြဿနာတစ်ခုကလည်း နိုင်ငံတိုင်းမှာကြုံတွေ့နေရပါတယ်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေလည်း ဝူဟန်ဗိုင်းရပ်စ်ကြောင့် အတော်ထိခိုက်စပြုလာပြီဖြစ်ပါတယ်။ 

ယခုဖြစ်နေတဲ့ အဲဒီဝူဟန်ဗိုင်းရပ်စ်ဟာ တစ်ချိန်က တရုတ်နဲ့ အာဆီယံဒေသကို ပြဿနာအကြီးအကျယ်ပေးခဲ့တဲ့ ကူးစက်မြန်ပြင်းထန်နမိုးနီးယား အဆုတ်ရောင် (SARS) ထက်တောင် ပိုဆိုးလာပြီလို့ဆိုရမှာပါပဲ။ အဲဒီတုန်းက SARS ကြောင့် သေဆုံးခဲ့တဲ့သူဦးရေထက် ယခုဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူဦးရေက ပိုများသွားပြီပဲဖြစ်ပါတယ်။ 

ထားပါ ...။ အဲဒါတွေထက် အရေးတကြီးပြောချင်တာက တစ်နေ့က ကွယ်လွန်သွားတဲ့ တရုတ်ဆရာဝန်ကြုံတွေ့ခဲ့ရတဲ့အဖြစ်မျိုးတွေ မဖြစ်ဖို့ပါ။ လီဝမ်လန်းလို့အမည်ရတဲ့ အဲဒီဆရာဝန်လေးဟာ သူတတ်မြောက်ထားတဲ့၊ လေ့လာဆည်းပူးထားတဲ့ပညာတွေနဲ့ သူနေတဲ့ တရုတ်ပြည်က လူ့အဖွဲ့အစည်းအပေါ် တတ်စွမ်းသလောက်အကျိုးပြုသွားတာကို မဖြစ်မနေအသိအမှတ်ပြုသင့်ပါတယ်။ ဘယ်လို ပရော်ဖက်ရှင်နယ်ပဲဖြစ်ဖြစ် မိမိလေ့လာဆည်းပူးထား၊ တတ်ကျွမ်းထားတဲ့ အသိပညာ၊ အတတ်ပညာနဲ့ လူ့အဖွဲ့အစည်းကို တစ်ထောင့်တစ်နေရာကနေ ကူညီပံ့ပိုးပေးတာဟာ မွန်မြတ်တဲ့အလုပ်တစ်ခုပါ။ နိုင်ငံခေါင်းဆောင်ဖြစ်မှ၊ နိုင်ငံရေးအာဏာရမှ၊ ပါတီထောင်နိုင်မှ လူ့အဖွဲ့အစည်းကိုပံ့ပိုးကူညီနိုင်တာမဟုတ်ပါဘူး။ အဲဒီဆရာဝန်ဟာ တရုတ်ပြည်မှာအသုံးများတဲ့ လူမှုကွန်ရက်ကနေတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်ကိစ္စကို ပေါ့ပေါ့ဆဆသဘောမထားကြဖို့ သတိပေးပြောသွားတာပါ။ လူမှုကွန်ရက်သုံးတဲ့သူတွေ တစ်ဦးချင်းစီအနေနဲ့ “ဒီလူမှုကွန်ရက်စာမျက်နှာကို ဘယ်လိုအကျိုးရှိရှိ အသုံးပြုသွားမယ်”ဆိုတာကိုလည်း တစ်ဆက်တည်း စဉ်းစားသင့်ကြပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ကူးစက်ရောဂါတွေ၊ ကပ်ရောဂါတွေ၊ ဘေးဒုက္ခတွေ စတာတွေဖြစ်လာတဲ့အခါမှာ သတင်းမှားတွေ မဖြန့်ဝေမိဖို့အရေးကြီးသလို သတင်းမှန်တွေ ဖုံးကွယ်မနေဖို့ဆိုတာလည်း အင်မတန်အရေးကြီးတယ်ဆိုတာ တရုတ်ဆရာဝန်လေးရဲ့ဇာတ်လမ်းကိုဖတ်ပြီး သင်ခန်းစာယူလို့ရပါတယ်။ ဟုတ်ပါတယ်၊ သတင်းမှားတွေ၊ မဟုတ်မမှန်တာတွေဖြန့်ဝေတာဟာ အများအတွက် ကြီးမားတဲ့ဆိုးကျိုးကိုဖြစ်ပေါ်စေနိုင်သလို မှန်ကန်တဲ့သတင်းအချက်အလက်တွေကို ဖုံးကွယ်ထား၊ ထိမ်ချန်ထားတာလည်း အင်မတန်းဆိုးရွားတဲ့ကိစ္စဆိုတာကို သတင်းအချက်အလက်စီးဆင်းတာ အင်မတန်မြန်ဆန်လွန်းလှတဲ့ ယနေ့ခေတ်ကြီးထဲမှာ အထူးသတိပြုကြဖို့လိုတယ်လို့ ပြောချင်တာပါ။

အယ်ဒီတာ (၈ - ၂ - ၂၀၂၀)